ဧပြီ(၂၃)၊ ၂၀၁၄
သမ္မတဦးသိန်းစိန်လက်မှတ် ရေးထိုးပြဋ္ဌာန်းလိုက်သည့် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်
အမျိုးသားစီမံ ကိန်းဥပဒေနှင့် ပတ်သက်၍ ဝေ ဖန်မှုများရှိခဲ့သည်။ အထူးသဖြင့်
ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဖြစ်သည်။ သမ္မတလက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့်
ဥပဒေတွင် ရခိုင် ပြည်နယ်၌ ၅ ဒသမ ၇ ရာခိုင် နှုန်းတိုးတက်ရန် ဟုပါရှိသည်။
သို့ သော်နေပြည်တော်ကောင်စီနယ် မြေအတွက်မူ ၂၈ ဒသမ ၂ ရာခိုင်
နှုန်းတိုးတက်ရန် လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။ ရှမ်းပြည်နယ် တွင် ၅
ရာခိုင်နှုန်းတိုးတက်ရန်နှင့် ကချင်ပြည်နယ်တွင် ၂ ရာခိုင် နှုန်း
တိုးတက်ရန်တို့ဖြစ်သည်။
ရခိုင်ပြည်နယ်သည် လူဦးရေ ၂ သန်းခွဲကျော်ရှိပြီး အကျယ်အ ၀န်းမှာ စတုရန်းမိုင် ၁၄၀၀၀ ကျော်ကျယ်ဝန်းသည်။ နေပြည်တော် လူဦးရေ၏ နှစ်ဆကျော်ရှိပြီး အကျယ်အ၀န်းမှာ နေပြည်တော် ထက် ငါးဆကျော်ရှိသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည် နယ်မှာ ဒုတိယအဆင်းရဲဆုံးပြည် နယ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေ သော ပဋိပက္ခများသည့်လည်း ဆင်းရဲမွဲတေမှု၏ အကျိုးဆက်များ ဖြစ်လေသည်။
ထို့ကြောင့် ဆင်းရဲပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေသော ရခိုင်ပြည်နယ် အပါအ၀င် အခြားပြည်နယ်များထက် နေပြည်တော်ကို ဦးစားပေးထားသည့် ယခုဘဏ္ဍာနှစ်အတွက် စီမံကိန်းဥပဒေ ကို ဝေဖန်ကြခြင်းဖြစ်သည်။
ယင်းဥပဒေမှာ နှစ်စဉ်ထုတ် ပြန်ခြင်းဖြစ်သော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိဘဲ ယခုနှစ်တွင်မှ အ သေးစိတ်အချက်အလက်များ ပါဝင်လာခြင်းဖြစ်သည်။
‘‘နိုင်ငံခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှုနဲ့ စေတနာ အပေါ်မှာ မူတည်ပါတယ်။ ရေများတဲ့နေရာမိုးရွာပြီး ခြောက်သွေ့တဲ့ နေရာမီးလောင်နေရင် ဒီတိုင်းပြည် ငြိမ်းချမ်းမှာမဟုတ်ဘူး’’ဟု ရခိုင် တိုင်းရင်းသားများတိုးတက်ရေး ပါတီ မြေပုံမြို့နယ်ပြည်သူ့လွှတ် တော်အမတ်ဦးဖေသန်းက ပြော သည်။
‘‘ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် ခဲ့သော ပဋိပက္ခများ ဇာစ်မြစ်များ ထဲတွင် လူမှုစီးပွားအထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး ရခိုင်တိုင်းရင်းသား
များနဲ့ အစ္စလာမ်ဘာသာကိုးကွယ် တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပ က္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင် များကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ်ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားပုံဖော်နေခြင်း၊ ရှုမြင်နေ ခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကိုဖြေရှင်းရန် ပိုမိုခက်ခဲ စေပါတယ်’’ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ရခိုင်ပြည် နယ်ပဋိပက္ခများစုံစမ်းရေးကော်မ ရှင် အစီရင်ခံစာနှင့် ပတ်သက်၍ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆင်းရဲမွဲတေမှုလျှော့ချရေး ကြွေးကြော်နေသော အရပ်သား အစိုးရလက်ထက်တွင် စီမံကိန်း အများစုမှာ နေပြည်တော်ဒေသ၌ ဗဟိုပြုလုပ်ကိုင်နေသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်လာကြောင်း နိုင်ငံရေးလေ့လာသူတို့က ဆိုသည်။
ရခိုင်ပြည်နယ်မှာ အခြေခံ အဆောက်အအုံများချွတ်ခြုံကျ နေခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုး မှုနှုန်းလည်း နိမ့်ကျလျက်ရှိသည်။ရှည်လျားသော ကမ်းရိုး တန်းများနှင့် အခြားသော သဘာဝသ ယံဇာတများရှိသော်လည်း အစိုးရ အဆက်ဆက် ရခိုင်ပြည်နယ်ကို လျစ်လျူရှုထားခဲ့ခြင်းနှင့် တပ်မ တော်အစိုးရလက်ထက်စီမံခန့်ခွဲမှု ညံဖျင်းခြင်းတို့ကြောင့် ရခိုင်ပြည် နယ်မှာ မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်ကာ ပြည်ပနိုင်ငံမှ တရားမ၀င်လာ ရောက်နေထိုင်မှုများရှိခဲ့သည်။
အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခြင်းကြောင့် ၁၉၉၆ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်တိုင်းရင်းသား လူ ငယ်လူရွယ်များက ထိုင်း၊ မလေး ရှားနှင့် စင်ကာပူနိုင်ငံများသို့ ရွှေ့ ပြောင်းလုပ်သားအဖြစ် သွား ရောက်လုပ်ကိုင်ခဲ့ကြသည်။ နိုင်ငံ ခြားသို့မသွားရောက်နိုင်သူများကလည်း ရန်ကုန်နှင့် ကချင်ပြည်နယ် ဖားကန့်ဒေသသို့ ရွှေ့ပြောင်းလုပ် ကိုင်ခဲ့ကြသည်။
ထိုအခြေအနေများကြောင့် အချို့သော ကျေးရွာများတွင် နာ ရေးကိစ္စများ၌ အမျိုးသားများမရှိ တော့သဖြင့် အမျိုးသမီးများက ဆောင်ရွက်နေကြကြောင်း ရခိုင် အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ကိုတင် ထူးအောင်ကဆိုသည်။
ရခိုင်ပြည်နယ်သည် ရှည် လျားသော ကမ်းရိုးတန်းကို အခြေ ပြု၍ ဒေသခံအများစုမှာ ငါးဖမ်း လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဆားချက်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း များလုပ်ကိုင်ခဲ့ကြသည်။ သို့သော် လည်း ရာသီဥတုဖောက်ပြန်ခြင်း၊ စီးပွားရေးလုပ်ငန်းများ မတည်မ ငြိမ်ဖြစ်ခြင်းတို့ကြောင့် ထိုလုပ်ငန်း များမှာလည်း တစ်နေ့တခြား အ ခြေအနေမကောင်း ဖြစ်လာခဲ့ရ သည်။
ထို့အပြင် ၂၀၀၇ ခုနှစ် ဖြစ်ပေါ်ခဲ့သောရွှေဝါရောင်တော်လှန်ရေး နှင့် ၂၀၀၈ ခုနှစ်ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသည်ဝင် ရောက်မှုကျဆင်းခြင်းနှင့် ရခိုင်ပြည်နယ်ငပလီကမ်းခြေနှင့် မြောက်ဦး မြို့များသို့ ၀င်ရောက်မှုမှာလည်း သိသိသာသာကျဆင်းခဲ့သည်။
ထိုအခြေအနေကို ဘီးတပ် ပေးလိုက်သည်က ၂၀၁၀ တွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းဖြစ် သည်။ ထိုမုန်တိုင်းကြောင့် ရခိုင် ပြည်နယ်အတွင်းရှိ လယ်မြေများ နှင့် ဆားလုပ်ငန်းများပျက်စီးကာ ရခိုင်ပြည်နယ်ရှိ လူငယ်လူရွယ် များက ရခိုင်ပြည်နယ်သို့ စွန့်ခွာမှု ပိုများလာခဲ့သည်။
ပြည်ပနိုင်ငံသို့ မသွားရောက် နိုင်သူများလည်း တပ်မတော်ထဲ ၀င်ခဲ့ ကြသည်။ ဘွဲ့ရလူငယ်အချို့ ကျောင်းဆရာအလုပ်လုပ်ကိုင်ကြ သည်။
ဖွံ့ဖြိုးရေးများဆောင်ရွက်ရာ တွင် လူဦးရေအရေအတွက်ကို ကြည့်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး အခြေခံအဆောက်အအုံကွာဟ ချက်သည် စီးပွားရေးတိုးတက်မှု ကွာဟချက်ကို သက်ရောက်စေ မည်ဖြစ်ကြောင်း စီးပွားရေးပညာ ရှင် ဦးသန့်စိုးကပြောသည်။
သို့သော်ဦးသိန်းစိန်ဦးဆောင် သော အစိုးရလက်ထက်တွင်မူ ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ကျောက်ဖြူမြို့များတွင် ရေနက် ဆိပ်ကမ်းတည်ဆောက်ရန် စီစဉ် လျက်ရှိသည်။ ကျောက်ဖြူမြို့နယ် တွင်လည်း အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းအား အကောင် အထည်ဖော်လျက်ရှိသည်။
သမ္မတဦးသိန်းစိန်၏ ရခိုင် ပြည်နယ်ခရီးစဉ်တွင်လည်း စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းမှာအဓိကလုပ်ငန်းဖြစ်သဖြင့် တစ်သီးအစားနှစ်သီးအထိစိုက်ပျိုးရေး နှင့် လယ်ယာထွက်ကုန်များကို အခြေခံသော ကုန်ထုတ်လုပ်ငန်း များဖွံ့ဖြိုးရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောကြားခဲ့သည်။
သို့သော် ၂၀၁၄-၁၅ ခုနှစ် အတွက် ပြဋ္ဌာန်းထားသော အမျိုး သားစီမံကိန်းဥပဒေတွင် လယ်ယာကဏ္ဍကို ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်သာ ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် မိုးစပါး စိုက်ဧက တစ်သန်းကျော်ရှိသော် လည်း နွေစပါးစိုက်ဧကမှာ နှစ် သောင်းဝန်းကျင်သာစိုက်ပျိုးနိုင် သည်။ ကျောက်တော်၊ မြောက်ဦး နှင့် မင်းပြားမြို့များသည် ရခိုင် ပြည်နယ်၏ အဓိကဆန်အိုးဒေသ များဖြစ်ပြီး စိုက်ဧကတစ်သိန်း ကျော်စီရှိကြသည်။
ထို့ကြောင့် ရခိုင်ပြည်နယ် အား စိုက်ပျိုးရေးရှုထောင့်မှ ကြည့် မည်ဆိုပါက စိုက်ပျိုးရေရရှိရေး စီမံကိန်းများလုပ်သင့်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲ မင်းအောင်က အကြံပြုသည်။
ရခိုင်ပြည်နယ်တွင် မြစ် ချောင်းများပေါများသဖြင့် ရေ လှောင်ကန်များ၊ ရေလှောင်တမံ များ၊ ဆည်အသေးစားများတည် ဆောက်၍ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်နိုင်သည်။ ထိုစီမံကိန်း များနှင့် တွဲ၍လည်း လျှပ်စစ်ရရှိ ရေးနှင့်နွေရာသီစိုက်ပျိုးရေရှိရေး လုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက်နိုင်သည်။
‘‘ရခိုင်ပြည်နယ်အတွက် ဖွံ့ ဖြိုးရေးမှာ လမ်းတံတား၊ တာတမံ၊ ပညာရေးကဏ္ဍတွေကို ဦးစားပေး လုပ်ဖို့လိုပါတယ်’’ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီး ပွားရေးဝန်ကြီးဦးမောင်စန်ရွှေက ပြောသည်။
သို့သော်လည်း ပြည်နယ်ဖွံ့ ဖြိုးရေးလုပ်ရန် နိုင်ငံတော်မှ လျာ ထားသော ရာခိုင်နှုန်းမှာလည်းနည်း နေသလို စိုက်ပျိုးရေးအတွက်လျာထားသော ပမာဏမှာလည်းနည်းနေသဖြင့် ဒေသဖွံ့ဖြိုးရေးဆောင် ရွက်ရန်မှာ အခက်အခဲဖြစ်နေသည့် အနေအထားတွင်ဖြစ်နေ သည်။
‘‘လောလောဆယ်တော့ ပေး သလောက်နဲ့ လုပ်နေတယ်။ သမ္မ တကြီးကလည်း ပြောထားတယ်။ လိုအပ်ရင် ထပ်တောင်းဖို့ မှာထား တယ်’’ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေး ၀န် ကြီး ဦးမောင်စန်ရွှေက ပြောသည်။ဒေသတွင်း အဓိကလိုအပ် ချက်မှာ လျှပ်စစ်မီးနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
အင်ဒိုနီးရှားနှင့် ကနေဒါ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများက ရခိုင်ပြည်နယ်တွင် လုပ်ကိုင်ရန် လာရောက်လေ့လာမှုများ ရှိနေသည်။
ရခိုင်ပြည်နယ်ကို စွန့်ခွာသွား သော အများစုမှာ ယခုအချိန်တွင် ရခိုင်ပြည်နယ်သို့ ပြန်လည် အခြေချချင်နေကြပြီဖြစ်သည်။ တစ်လလျှင် ကျပ်နှစ်သိန်းဝန်း ကျင်ရရှိပါက ရခိုင်ပြည်နယ်တွင် ပြန်လည်အလုပ်လုပ်ရန် အသင့်ရှိနေကြောင်းလည်း ပြည်ပရောက် ရခိုင်တိုင်းရင်းသားအချို့ကဆိုသည်။
‘‘ဒီအချိန်မှာ ခွဲထွက်ဖို့ အတွေးအခေါ်လည်းမရှိတော့ဘူး။ လွတ်လပ်ရေးစကားလည်း မပြောကြတော့ဘူး။ အေးအတူ၊ ပူအမျှနေထိုင်ပြီး ကိုယ့်မြေ၊ ကိုယ့်ရေကိုကာကွယ်ဖို့ပဲစိတ်ရှိကြတော့တယ်’’ဟုဆယ်စုနှစ်တစ်ခုကြာ အစိုးရအား တော်လှန်ခဲ့သူ ကိုခိုင်မြတ်ကျော်ကပြောသည်။
ထို့ကြောင့် ရခိုင်တိုင်းရင်း သားများ ရခိုင်ပြည်နယ်သို့ ပြန် လည်အခြေချရန်နှင့် ရခိုင်ပြည် နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာများလျော့ကျသွားစေရန် ဖွံ့ဖြိုးမှုလုပ်ငန်းများ မြန်မြန်ဆန် ဆန်ဆောင်ရွက်ရန် လိုအပ်သည်။ လက်ရှိကျောက်ဖြူမြို့နယ်တွင် ပြုလုပ်သောအထူးစီးပွားရေး ဇုန်နှင့် ဘူမိကျွန်းတွင် လုပ်ဆောင်နေသော စက်မှုဇုန်စီမံကိန်းများသည်လည်း အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရန် လိုအပ်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း ဒေသတွင်း တည်ငြိမ်မှုရှိဖို့တော့ လိုအပ်ပေသည်။ စီးပွားရေးဖွံ့ဖြိုးပြီး စားနပ်ရိက္ခာဖူလုံလာပါက ထိုဒေသတွင် ဖြစ်ပေါ်နေသော ပြဿနာအချို့မှာ ပြေလည်သွားမည့်အနေအထားတွင်ရှိသည်။
‘‘အရင်းစစ်လိုက်ရင် စီးပွား ရေး နိမ့်ကျလာမှုသည် ယနေ့ ပြဿနာအားလုံးရဲ့ အရင်းအမြစ် ပါပဲ’’ဟု ရခိုင်ပြည်နယ်တွင် လက် ရှိ ဖြစ်ပေါ်နေသော ပြဿနာများ နှင့် ပတ်သက်၍ ကိုခိုင်မြတ်ကျော်ကမှတ်ချက်ပြုသည်။
အောင်သူရ
7Day News Journal အတွဲ (၁၃)၊ အမှတ်(၇)
No comments:
Post a Comment