Thursday, April 24, 2014

နစ်မြုပ်သင်္ဘောပေါ်က ပျောက်ဆုံးခရီးသည်ရှာဖွေမှု ရေငုပ်သမားများကြောင့် အခက်ကြုံ

sinkingship
ဧပြီ(၂၄)၊ ၂၀၁၄
 
တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်ဟာ နစ်မြုပ်သင်္ဘောပေါ်က ပျောက်ဆုံး ခရီးသည်တွေကို ရှာဖွေရာမှာ လုပ်အားပေးရေငုပ်သမားတွေကြောင့် ပြဿနာတွေ ဖြစ်နေတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။“ရေပြင်ကို သွားရှာဖို့ ဘယ်ရေငုပ်သမားက ဘယ်အပိုင်းဆိုတာ လမ်းညွှန်ချက် ရှိတယ်။ ဒါပေမယ့် တချို့အပျော်တမ်း ရေငုပ် သမားတွေက ရှာဖွေရေးလုပ်ငန်းခွင်ထဲ လာပြီး အမှတ်တရ ဓာတ်ပုံ ရိုက်နေတယ်။ ကမ်းရိုးတန်းစောင့် တပ်ရဲ့ ရေငုပ်သမားတွေ နဲ့ ရေတပ် ရေငုပ်သမား တွေကြားမှာ လာနေနေတယ်” လို့ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်က အရာရှိ ကိုမြောင်ဆခ်က ပြောပါတယ်။

“အရပ်သား အပျော်တမ်း လုပ်အားပေး ရေငုပ်သမားတွေက ဘာရလဒ်မှ ထွက်အောင် မလုပ်နိုင်ခဲ့သေးဘူး။ မရည်ရွယ်ထားတဲ့ ရှာဖွေရေးပြဿနာတွေပဲ ဖန်တီးနေတယ်” လို့ ဆိုပါတယ်။
နစ်မြုပ်သင်္ဘောကနေ လူပျောက်ဆုံးမှု မဖြစ်အောင် ရေစီးနဲ့ မျောပါသွားတာတွေကို ကာကွယ်ဖို့ ရေတပ်နဲ့ လေတပ်က ပူးတွဲ ရှာဖွေရေးလုပ်ငန်းတွေ လုပ်နေကြောင်း၊ အခင်းဖြစ်ရာ နေရာမှာ ငါးဖမ်းလှေ ၃၆ စီးကို တာဝန်ချထားတယ်လို့ ကိုမြောင်ဆခ်က ပြောပါတယ်။
ဒီနေ့ ရာသီဥတု ကောင်းမွန်နေလို့ ရှာဖွေရေးအတွက် အဆင်ပြေကြောင်း၊ အတည်ပြုထားတဲ့ သေဆုံးသူ ၁၅၉ ယောက် ရှိနေပြီး လူများစုကိုတော့ သင်္ဘောရဲ့ ၄ ထပ်မြောက်က သင်္ဘောနောက်ပိုင်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဧပြီ ၁၆ ရက်နေ့က နစ်မြုပ်ခဲ့တဲ့သင်္ဘောဟာ အင်ချုံမြို့ကနေ ဂျဲဂျုကျွန်းကို ပုံမှန် ပြေးဆွဲတဲ့ သင်္ဘော ဖြစ်ပြီး နစ်မြုပ်ချိန်မှာ လူ ၄၇၆ ယောက် တင်ဆောင်ထားတာပါ။
၃၃၉ ယောက်ကတော့ အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေ ဖြစ်ပြီး လူ ၁၇၄ ယောက်ကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

No comments:

Post a Comment