Wednesday, June 4, 2014

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။၂၀၁၃ လောက်ကတည်းကနေ မြုပ်နေတဲ့ ဒီ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ ရုတ်တရက် အဆိုတင်တာ၊ ပြည်ခိုင်ဖြိုး ပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ အားလုံးနီးပါးက ထောက်ခံတာ၊ ကန့်ကွက်တဲ့ NLD ကိုယ်စားလှယ်ကို ဆွေးနွေးခွင့် မပြုတာ၊ ရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ အဆိုပြုလွှာ အဟောင်းကို မမျှော်လင့်ပဲ လွှတ်တော်အမတ်တွေကို ဖြန့်ဝေထားတာတွေဟာ အတော့ကို ထူးခြားမူတွေ ရှိနေတယ်လို့လည်း သူကဆက်ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ် နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်တဲ့ အဆိုကို ဇွန်လ ၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဒေါ်ခင်ဝင်းကြည်ဆိုတဲ့ NDF ပါတီကို ကိုယ်စားပြုထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် တင်လိုက်တယ်။ တင်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးဘက်က ထောက်ခံတယ်။ အဲဒီအချိန်မှာ လွှတ်တော်ဥက္ကဌ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ကန့်ကွက်မယ့် ပုဂ္ဂိုလ်တွေရဲ့ ကန့်ကွက်ချက်တွေကို အမတ်တွေကို နားထောင်ခွင့်မပြုခဲ့ပါဘူး။ အဲဒါက ဘာနဲ့သွားပြီး တိုက်ဆိုင်သလဲဆိုရင် ကျနော် တစ်ခါက အမျိုးသားလွှတ်တော်မှာ တင်ဖူးတဲ့ ရခိုင်ပြည်နယ် အေးချမ်းလုံခြုံရေး အတွက် ရေတို ရေရှည် ဆောင်ရွက်သွားတဲ့ကိစ္စတွေကို ကျနော်ဆွေးနွေးတဲ့အခါမှာ ကြံ့ခိုင်ရေး ပါတီက ဦးလှဆွေက ကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အကြောင်းအရင်းတွေကိုတော့ လွှတ်တော် ဥက္ကဌက ခွင့်ပြုခဲ့တယ်။ ကန့်ကွက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ပိတ်ပင်ထားမှု မရှိခဲ့ဘူး။  အခု PR စနစ်ကို ပြောင်းဖို့ တင်တဲ့ ကာလမှာတော့  NLD အမတ် ဦးသိန်းဆွေက ကန့်ကွက်တာကို လုံးဝ စကားပြောခွင့် မပေးခဲ့ဘူး။ ဒါကလည်း ထူးခြားတယ်လို့ ဆိုပါတယ်။

ဒါပြင် သတိထားရမယ့် အချက်တွေလည်း ရှိတယ်လို့ ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။

“ တပ်မတော်သားတို့၊ ပြည်ခိုင်ဖြိုးတို့ အထူးသဖြင့်အစိုးရ ရပ်တည်မှုတို့ကတော့ ကျောချင်း ကပ်သွားတယ်လို့ ထင်ပါတယ်။ ထူးခြားမူကတော့ ပုဒ်မ ၄၃၆ ပြင်ဖို့တွက် NLD တို့ ၈၈ တို့ရဲ့ လှုပ်ရှားမှုတွေ အတွက် နိုင်ငံရေး Level  ညှိမှုလို့ထင်ပါတယ်။ ဒါက အတိုင်းအတာတစ်ခုအထိ တာစူ နေခဲ့လို့ရှိရင် မြန်မာ့နိုင်ငံရေးမှာ သူများပြောသလို Destructive Politic ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သတိထားဖို့လိုပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ အဓိကပြသနာဖြစ်လာမယ်။ ဖွဲ့စည်းပုံ ပြင်နေဆဲကာလ။ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားလွှတ်တော်ရဲ့ ဖွဲ့စည်းမူအရ တစ်ပြည်နယ် သို့မဟုတ် တိုင်းတစ်တိုင်းကို ၇ ဦးနဲ့ သတ်မှတ်ထားတယ်။ ခုပါတီက စာရင်း သို့မဟုတ် ပုံစံမျိုးနဲ့ဆိုရင် တစ်ပြည်နယ် ၇ ဦးဆိုတဲ့ ပြသနာတွေ နည်းနည်းလောက် ဖြစ်လာနိုင်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီ PR စနစ်ကို သွားချင်လို့လားတော့ မသိဘူး။ အထူးသဖြင့် ရခိုင်ပြည်မှာ ခရိုင်တွေကို ပိုမို တိုးချဲ့လာတာတွေကို တွေ့ရတယ်။ ခရိုင်ရဲ့နောက်မှာ အမျိုးသားလွှတ်တော်  ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ပါတီ List နဲ့ လာတဲ့ ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ ထူးထူးခြားခြား ပေါ်ထွက် လာမယ် ထင်တယ်။ သို့ပေမယ့် ဒါကတော့ ဖွဲ့စည်းပုံဆိုင်ရာ ပြသနာ။ အနာဂါတ် နိုင်ငံရေးဆိုင်ရာ ပြသနာကတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုမယ်။ ပြည်သူလက်ခံဖို့လည်းလိုပါလိမ့်မယ်။ ခုဆိုရင် ရွေးကောက်ပွဲစနစ်တစ်ခုတည်းနဲ့ မတည်ငြိမ်နိုင်သေးဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မညီမျှတဲ့ ရလဒ်တွေကို ပြည်သူတွေက ခါးခါးသီးသီးခံစားနေရတဲ့ ကာလမှာ ကျနော်တို့က ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒီလိုစနစ်ကြောင့် အစွန်းရောက်အဖွဲ့အစည်းလေးတွေ အထူးသဖြင့် အာဏာရ ပါတီတွေမှာ ပါတဲ့ အစွန်းရောက်တဲ့ ဘာသာရေး အယူသီးတဲ့ ပုဂ္ဂိုလ်တွေ အတိုက်အခံမှာပါတဲ့ ဘာသာရေးမတူတဲ့ ပုဂ္ဂိုလ်တစ်ချို့က သီးသန့်ခွဲထွက်သွားပြီးရင် လူမျိုးစုတစ်ခုသို့မဟုတ် ဘာသာရေး လူပ်ရှားမှု တစ်ခုအနေနဲ့ ပါတီတစ်ခုအဖြစ်ပေါ်ပြီးရင် သူတို့ရဲ့ သီးသန့် လွှတ်တော်နေရာ ရရှိရေးတွက် ကြိုးစားလာတာတွေကို တွေ့ရလာနိုင်တယ်။”

PR စနစ်အပေါ် အမြင်ကတော့  “ ဒါကတော့ တော်တော်လေး ဆွေးနွေးပြီးမှသာ ကျနော်တို့ ဒီ PR လက်ခံနိုင်မှလက်ခံပါမယ်။ လက်ခံချင်မှလည်း လက်ခံနိုင်ပါတယ်။ ဆွေးနွေးမှု ရှိဖို့လိုပါတယ်။ ပြီးရင် နိုင်ငံရေးရင့်ကျက်မှုနဲ့ လူမျိုးစု ပဠိပက္ခတွေရှိနေတဲ့ ကာလမျိုး ၊ အစွန်းရောက်ဘာသာရေး အယူသီး နေတဲ့ ကာလမျိုးမှာ ကြောက်စရာ ကောင်းတယ်လို့ သုံးသပ်ပါယ်။ ဒါကြောင့် ကျနော်တို့ ကတော့ တစ်လျှောက် လုံးဝလက်မခံခဲ့ပါဘူး။”

PR စနစ်က ရခိုင်ပြည်သူတွေအတွက် အကျိုးရှိနိုင်မလား၊ အကျိုးယုတ်နိုင်မလားလို့ မေးတော့ သူက ခုလို ဆိုပါတယ်။

“ PR စနစ်ဆိုတာကတော့ အထူးသဖြင့် ကျနော်တို့နားလည်သလောက် ဂျာမနီနိုင်ငံမှာတောင်မှ ရောထွေးစွာ သုံးပါတယ်။ သူတို့ပါလီမာန် ၂ မျိုးရှိတယ်။ မဲဆန္ဒနယ် ၃၁၀ လောက်ရှိတဲ့ Lower House မှာကျတော့ အဓိက ကျနော်တို့ နိုင်တဲ့သူက ဆိုတဲ့ စနစ်ကိုသွားသလို ပါတီထဲက ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပါတီချင်း ပြိုင်တဲ့ စနစ်တစ်ခုလည်း အစပေါ်နေတာတွေ့တယ်။ အဲဒီအချိန်မျိုးမှာ အနည်းဆုံး ပြည်သူရဲ့ ထောက်ခံမူဆိုတဲ့ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်း အထက်ရမှာသာ ယင်းပါတီကို ပါလီမာန်ထဲကို သွင်းတဲ့စနစ်ရှိပါတယ်။ အချိုးအစားအလိုက်ပေါ့။ သို့သော်လည်း ရောထွေးတယ်။ ရင့်ကျက်မှုရှိဖို့လိုတယ်။ သူတို့နိုင်ငံမှာ လူမျိုးနွယ်က ဂျာမန်မျိုးနွယ်စုတွေက များပါတယ်။ လူမျိုးတူပါတယ်။ နယ်စပ်လောက်မှာပဲ ဒီဘက်က ဘေလ်ဂျီယန် လူမျိုး လောက်ပဲ လူမျိုးခြားပါတယ်။ ဒါကပြသနာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူမျိုးအင်မတန်များတဲ့အခါ လူမျိုးငယ်စု ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာသာမျိုးစုံရှိတဲ့အခါ ဘာသာအယူသီးတဲ့ ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့ဒီပါတီတွေက လွှတ်တော်ထဲကိုရောက်လာတဲ့အခါမှာ နိုင်ငံရေးအရ အတိုက် အခိုက်တွေ ပိုများလာနိုင်ပါတယ်။ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့လည်း တော်တော် ခက်ခဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်လူ့အဖွဲ့အစည်းအနေနဲ့တော့ ကျနော်တို့ ဒီဘက်က ဒီပုဂ္ဂိုလ်တွေ အပြိုင်ဖြစ်လာတဲ့ အခါ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းလုံခြုံဖို့အတွက် ခိုင်မာတဲ့ပြည်နယ်အစိုးရတစ်ရပ်ကိုဖွဲ့ဖို့  အတွက် ခက်ခဲမှူ ရှိကောင်းရှိလာနိုင်ပါတယ်။ ကျနော်တို့ ကတော့ PR စနစ်ကိုလုံးဝလက်မခံဆိုတဲ့ မူချပြီးရင် အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစား ညှိနှိုင်းပြီးရင် တိုင်းရင်းသား ပါတီအားလုံးပါ တိုင်းရင်းသားနယ်မြေတွေမှာပါ တည်ငြိမ် အေးချမ်း ခိုင်မာတဲ့ အစိုးရ တစ်ရပ်ကို ခုကာလ နှစ်ပေါင်း ၂၀ လောက်နဲ့ တည်ဆောက်သွားမှသာ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ဖွံ့ဖြိုး တိုးတက်နိုင်မယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။ ပြည်ထောင်စုအစိုးရက နှစ်ပေါင်းများစွာ ဗဟို ဦးစီးအားနဲ့ ဗဟိုကိုတည်ဆောက်တာများပါတယ်။ အဲ့ဒါကြောင့် နယ်စွန် နယ်ဖျား ပြည်နယ်တွေ အားလုံး ဆင်းရဲနေတာဖြစ်တယ်လို့ ခံယူပါတယ်။ ဒါကြောင့် ခိုင်မာသောပြည်နယ်အစိုးရများ အမျိုးသား ပြည်နယ်အစိုးရများ လိုအပ်တဲ့ကာလဖြစ်တဲ့အတွက် ခိုင်မာသော ပြည်နယ်အစိုးရများ ဖြစ်ပေါ်ရေးကို ဖြိုခွဲလိုတဲ့ ရည်မှန်းချက်တွေ ရှိလာနိုင်ပါတယ်။”

(နိရဉ္စရာ- ၄ ဇွန်လ ၂၀၁၄)

No comments:

Post a Comment