Friday, June 6, 2014

တပ်သိမ်းမြေ ပြန်ရရေး ဦးဆောင်သူ ဟိုပုံး NLD ရပ်ကျေး ဒုဥက္ကဋ္ဌ ပစ်သတ်ခံရ

လူသတ်မှု, တပ်သိမ်းမြေ, ရှမ်းပြည်နယ် , ဟိုပုံး, NLD , အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်,
တောင်ကြီးခရိုင် NLDက နိုင်ငံသားများ လုံခြုံမှုမရှိတဲ့ အခြေအနေကို လွှတ်တော်ကို တင်ပြသွားဖို့ ရှိပါတယ်
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရပ်ကျေး ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ စစ်တပ်သိမ်းယူထာတဲ့ မြေတွေ ပြန်လည်ရရှိရေး ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစိုင်းစံထွန်း ကို သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားကြောင်း ရှမ်းပြည်နယ် NLD တာဝန်ရှိသူတွေနဲ့ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ထံကနေ စုံစမ်းသိရှိရပါတယ်။

အသက် ၅၀ အရွယ်ဦးစိုင်းစံထွန်းကို ဇွန်လ ၄ ရက်နေ့ည ၁၂ နာရီခန့်မှာ လူစိမ်း ၂ ဦးက လက်ထိပ်ခတ် ခေါ်ဆောင် သွားပြီး ဒီနေ့ ၅ ရက်နေ့ မနက်မှာတော့ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့တောထဲမှာ ဦးခေါင်းကျဉ်ဆံဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးစိုင်းစံထွန်း အလောင်းကို တွေ့ခဲ့ရတယ်လို့ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ဧရာဝတီကိုပြောပါတယ်။
“မနေ့ညက ၁၂ နာရီလောက်မှာ လူ ၂ ယောက်က သူ့ (ဦးစိုင်းစံထွန်း) အိမ်မှာလာပြီး သူ့ကို လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ မနက်ကျမှ ရွာနဲ့  ၃ မိုင်လောက်အကွာမှာ ခေါင်းကို သေနတ်နဲ့  ၃ ချက်ပစ်ထားခံရတဲ့ ဒဏ်ရာတွေနဲ့ သေနေတဲ့ အလောင်းကို ပြန်တွေ့ရတယ်။ ကျဉ်ခွံတွေကတော့ ၉ မမ ပစ္စတိုကျဉ်ခွံတွေ” လို့ ဦးတင်မောင်တိုး က ပြော ပါတယ်။
ဦးစိုင်းစံထွန်းမှာ လူမှုရေးပြဿနာ တွေရှိတယ်လို့ မကြားရပေမယ့် အနီးမှာရှိတဲ့ ခလရ ၂၄၉ တပ်ရင်းက သိမ်းယူထားတဲ့ မြေတွေ မူလပိုင်ရှင်တွေထံ ပြန်လည် ပေးအပ်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သလို မိုင်းပျဉ်းကျေးရွာအုပ်ချုပ်ရေးမှူး အလှူငွေ ကောက်ခံ မှုတွေကို ရပ်မိရပ်ဖတွေနဲ့အတူ တိုင်တန်းမှုတွေမှာ ဦးဆောင်လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော လူသတ်တရားခံတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ အဲဒီဒေသတ၀ိုက်က လက်နက်ကိုင်အဖွဲ့အစည်းတွေအဖြစ် အစိုးရ စစ်တပ် ခလရ ၂၄၉၊ နယ်မြေခံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အပါအဝင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA) အဖွဲ့တွေက လှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။
ဦးစိုင်းစံထွန်း ဦးဆောင်လှုပ်ရှားခဲ့တဲ့ တပ်သိမ်းမြေ ပြန်လည်ရရှိရေးမှာတော့ တပ်က သိမ်းယူထားတဲ့ မြေတွေ ပြန်ပေးဖို့ ကတိပြုပြီးဖြစ်တယ်လို့ သိရပါတယ်။
“တပ်ကတော့ မူလပိုင်ရှင်တွေကို မြေတွေပြန်ပေးမယ်လို့ ကတိပြုပြီးပါပြီ။ နောက်တခုက သူတို့ကျေးရွာအုပ်ချုပ်ရေးမှူးက တအိမ်ထောင် အလှူငွေ ၄၅၀၀၀၊ ၅၅၀၀၀ ကောက်တဲ့ ကိစ္စတွေ သန်းခေါင်စာရင်ကောက်တဲ့အချိန်မှာ အလှူငွေ ကောက်တဲ့ ကိစ္စတွေမှာ စာရင်းဇယားနဲ့ ကောက်ပြီး ရပ်မိရပ်ဖတွေကို ဦးဆောင်ပြီးတိုင်ပေးတာ အဲလိုဟာမျိုး တွေတော့ရှိတယ်” လို့ ဦးတင်မောင်တိုးက ဆိုပါတယ်။
ဦးစိုင်းစံထွန်းအသတ်ခံရမှုနဲ့ ပတ်သက်လို့ ဟိုပုန်းမြို့နယ်မှူး ရဲမှူးမောင်မောင်ဝင်း၊ ရဲအုပ် စိုင်းနော်ခမ်း၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းစိုး တို့ အခင်းဖြစ်ပွားရာနေရာကို ကွင်းဆင်း စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဟိုပုန်းမြို့နယ် ရဲစခန်း ရဲအုပ် မြင့်ဝင်း က ဧရာဝတီကို ပြောပါတယ်။
“အသတ်ခံရတယ်ဆိုတဲ့ သတင်းက ကျနော်တို့ ဒီမနက်ပိုင်းကမှ ရတာပါ။ တာဝန်ရှိတဲ့သူသုံးယောက် မိုင်းပျဉ်းကို မနက် ၈ နာရီခွဲ လောက် ကတည်းက ဆင်းသွားပါတယ်ဗျ။ သူတို့ပြန်လာမှပဲ အကြောင်းစုံသိရပါမယ်” လို့ ရဲအုပ်မြင့်ဝင်း က ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးခရိုင် NLD အဖွဲ့ တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ဖို့နဲ့ အရေးယူ ဆောင်ရွက် နိုင်ရေးအတွက် တရားဥပဒေအရ ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်သလို အရပ်သားတွေ အနေနဲ့ အခုလို လုံခြုံမှု မရှိတဲ့ အခြေအနေတွေကိုလည်း လွှတ်တော်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

ဧရာဝတီ

No comments:

Post a Comment