Wednesday, June 4, 2014

ယာဉ်တိုက်မိဟန်ဆောင်၍ ငွေကြေး တောင်းခံသူ(၅)ဦး တို့ကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၎

၂၉.၅.၂၀၁၄ ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာတစ်ခုမှ ကမာရွတ်မြို့နယ်၊ သံလွင်လမ်း၌လူတစ်စုမှ မော်တော်ယာဉ်နှင့် တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ အုပ်စုဖွဲ့လုယက်ရန်ပြု လုပ်ခဲ့ကြောင်း သတင်းပေးဖော်ပြ လာသည်ကိုတွေ့ရှိရပါသည်။
အဆိုပါ သတင်းအား သိရှိသည်နှင့် တစ်ပြိုင်နက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးမှ သတင်းပါအချက်များအပေါ် အတည်ပြု စုံစမ်းဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးသွားရန်အတွက် အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့ များကို သတင်းရရှိသည့် ညပိုင်းမှစ၍ အခင်းဖြစ် ပတ်ဝန်းကျင်၌ အသွင်ယူ စုံစမ်းဆောင်ရွက် စေခဲ့ပါသည်။

အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပတ်ဝန်းကျင်၌ နေ့/ညအသွင်ယူ၍ စောင့်ကြည့် စုံစမ်းဆောင်ရွက်ခဲ့ရာ ၃.၆.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်
ခန့်တွင် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်လမ်းရှိ ခြံတစ်ခြံရှေ့၌ အုပ်စုဖြင့်မသင်္ကာတွေ့ရှိသူ မင်းမင်းလတ်၊(၂၈)နှစ်၊ (ဘ)ဦးမောင်နွဲ့၊မောင်စိန်ရပ်ကွက်၊ ဒလမြို့နယ်၊ ကြွက်ကလေး(ခ) သီဟဇော်၊ (၂၀)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်၊ အောင်အောင်၊ (၂၅)နှစ်၊ (ဘ)ဦးမိုးဝင်း၊ မှော်စက် ရပ်ကွက်၊ ဒလမြို့နယ်၊ ကုလား(ခ)၀င်းတင်၊(၂၀)နှစ်၊ (ဘ)ဦးတင်အေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နေသူနှင့် သံချောင်း၊(၂၁)နှစ်၊(ဘ)ဦးထွန်းမောင်၊ ကမာကဆစ်ရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စစ်ဆေး ပေါ်ပေါက်ချက်အရ ၎င်းတို့(၅)ဦးသည် ယင်းနေ့ ၀၈၄၅ အချိန်ခန့်က သံလွင်လမ်းတွင် မောင်းနှင်လာသည့် အနက်ရောင် မော်တော်ယာဉ်၏ ယာဘက်ခြမ်းအား သီဟဇော်မှ လက်ဖြင့်ရိုက်၍ လှဲချကာ ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ပြီး ငွေတောင်းရန်ပြုလုပ်ခဲ့သော်လည်း ယာဉ်မှာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်သွားသဖြင့် ယာဉ်ပိုင်ရှင်၏ နေအိမ်အား စုံစမ်းကာ သွားရောက်၍ ငွေကြေးတောင်းရန်ပြုလုပ်နေစဉ် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ကျူးလွန်ခဲ့မှုများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေး ဖော်ထုတ်ခဲ့ရာ ၎င်းတို့(၅)ဦးသည် ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက တာမွေမြို့နယ်၊ တာမွေသင်္ချိုင်းဟောင်းအနီးတွင် အမျိုးသားတစ်ဦး
မောင်းနှင်လာသော အနက်ရောင်မော်တော် ယာဉ်၏ယာဘက် ဘေးအား ဇော်လင်းထိုက်မှ လက်ဖြင့်ရိုက်၍လှဲချကာ ယာဉ်ဖြင့် တိုက်မိဟန်ဆောင်ပြီး ငွေကျပ်(၁)သိန်းအားလည်းကောင်း၊ မေလ
အတွင်းက ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်း၊ သျှင်ပါဂူဆေးရုံအနီးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မောင်းနှင်လာသော အနက်ရောင် မော်တော်ယာဉ်၏ ယာဘက်ဘေးအား ၀င်းတင်မှ
လက်ဖြင့်ရိုက်ကာ ဇော်လင်းထိုက်မှယာဉ်ဖြင့်တိုက်မိဟန်ဆောင်ပြီး လှဲချကာ ဆေးဖိုးအဖြစ် ငွေကျပ်(၇၀၀၀၀)အားလည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ အာရှတော်ဝင်ဆေးရုံအနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသော အဖြူရောင်မော်တော်ယာဉ်၏ ယာဘက်ဘေးအား မင်းမင်းလတ်မှ လက်ဖြင့်ရိုက်၍လှဲချကာ ယာဉ်ဖြင့်တိုက်မိဟန်ဆောင်ပြီး ငွေကျပ်(၆၀၀၀၀)အား လည်းကောင်း၊ လွန်ခဲ့သောတစ်ပတ်ခန့်က ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်း၌ အမျိုးသားတစ်ဦးမောင်းနှင်လာသောအစိမ်းရောင်
မ်ာတော်ယာဉ်၏ယာဘက်ခြမ်းအား ၀င်းတင်မှလက်ဖြင့်ရိုက်၍ လှဲချကာ ယာဉ်ဖြင့်တိုက်မိဟန်ဆောင်ပြီး ဆေးဖိုးအဖြစ် ငွေကျပ် (၅၀၀၀၀)အားလည်းကောင်းတောင်းယူခဲ့ကြကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့(၅)ဦးအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ယင်းကဲ့သို့ လူမှုကွန်ယက်စာမျက်နှာတွင် သတင်းပေးပို့တင်ပြ လာမှုအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ရာ ရဲတပ်ဖွဲ့မှ ပြည်သူ ဗဟိုပြုသည့်ရဲလုပ်ငန်းစနစ်ဆောင်ရွက် နေချိန်တွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုကြောင့် ထိရောက် အောင်မြင်မှုများ ရှိလာခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှအထူးကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း ပြည်သူများမှ ယခုကဲ့သို့ပူးပေါင်းပါဝင်၍ သတင်းပေးပို့ကြပါရန် တိုက်တွန်းအသိပေးဖော်ပြအပ်ပါသည်။

Yangon Police


No comments:

Post a Comment