Wednesday, June 4, 2014

ရေအောက်မှ ထူးဆန်းသော အသံ MH 370 ပျက်ကျသံလေလား


ပျောက်ဆုံး နေသော မလေးရှား လေယာဉ် MH 370 ၏ နောက်ဆုံး အချိန်များနှင့် ဆက်စပ်နေဖွယ် ရှိသည်ဟု ဆိုသော ရေအောက်မှ အသံတစ်ခု၏ မှတ်တမ်းကို သြစတြေးလျ သုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် လိုက်သည်။ အားထုတ်ကြိုးပမ်း ရကျိုးနပ်ဖွယ် မရှိသော်လည်း ပါ့သ်မြို့အနီးကာတင်း တက္ကသိုလ်မှ သုတေသီများသည် ရေအောက် အသံနားဆင်သော ကိရိယာများမှ မှတ်တမ်း များကို လေ့လာနေ ကြသည်။

ပျောက်ဆုံးလေယာဉ် ကူညီရှာဖွေရေးကြိုးပမ်း မှုတွင် ရေအောက်နျူကလီးယားပေါက်ကွဲမှု လက္ခဏာများကို စောင့်ကြည့်ရန် ကိရိယာများ၏ မှတ်တမ်းများကိုလေ့လာခြင်းလည်း ပါဝင်သည်။ ‘‘လေယာဉ်ပျက်ကျမှုနဲ့ ဆက်စပ်နေနိုင်တဲ့ အချက်ပြလက္ခဏာ တစ်ခုကို ကိရိယာအများ အပြားမှာ ဖမ်းမိခဲ့ပါတယ်’’ဟု ကာတင်း တက္ကသိုလ်အဏ္ဏဝါ သိပ္ပံနှင့်နည်း ပညာဌာန (CMST) မှ အလက်ဒွန်ကန် ကပြောကြားသည်။
ကြိမ်နှုန်း အလွန်နိမ့်သော အသံမှာ မလေးရှားလေယာဉ်ရေပြင်ပေါ်ပြုတ်ကျချိန်တွင် ထွက်ပေါ်လာသည့်အသံလား (သို့တည်းမဟုတ်) လေယာဉ်နစ်မြုပ်ပြီးထွက်ပေါ်လာသော ပေါက်ကွဲသံလား ဆိုသည်ကို သုတေသီများဆန်းစစ်လေ့လာနေကြသည်မှာ သီတင်းပတ်များစွာရှိပြီဟု မစ္စတာဒွန်ကန်ကပြောသည်။ သို့သော် ယင်း အသံဖြစ်ပေါ်ခြင်း အကြောင်းရင်းမှာ သဘာဝ အဖြစ်အပျက်တစ်ခု လည်းဖြစ်နိုင် သည်ဟု သုတေသီများက ဆက်ပြောသည်။ ကြိမ်နှုန်းနိမ့် အသံလှိုင်းများမှာ တစ်စက္ကန့်လျှင် ၁ ဒသမ ၅ ကီလိုမီတာနှုန်းနှင့် ရေထု အတွင်းဖြတ်သန်း သွားနိုင်ကြောင်းသိရသည်။
‘‘လတ်တလော မှာတော့ ဒီအသံဟာ လေယာဉ်ရဲ့တည်နေရာ တခြားအချက် အလက်တွေနဲ့တော့ တစ်ထပ်တည်းကျပုံ မရပါဘူး’’ဟု ဒွန်ကန် ကပြောကြားသည်။ အကြောင်းမှာ ၎င်းတို့ကြားရသော အသံသည် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း လက်ရှိလေယာဉ်ကို အာရုံစိုက်ရှာဖွေနေသော နေရာ၏အနောက်မြောက်ဘက် ကီလိုမီတာထောင်ချီဝေးသောဧရိယာမှ လာသည်ဟု ကာတင်း တက္ကသိုလ်မှ သုတေသီများ ကယုံကြည်နေ၍ ဖြစ်သည်။ သို့ဆိုလျှင်ပင် သုတေသီများအနေဖြင့် အသံထွက်ပေါ်ရာရင်းမြစ်ကို တိတိကျကျမပြောနိုင်ပေ။ ၎င်းတို့ဖမ်းမိသော အသံကို လူ၏နားဖြင့်ကြားနိုင်ရန် ဆယ်ဆခန့်မြန်နှုန်းမြှင့် ထားကြောင်း သုတေသီများ ကပြောသည်။ 

The Voice Journal

No comments:

Post a Comment