Wednesday, June 25, 2014

စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်တရ မတ်ခွက်များ


ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန် အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။ သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် ဗြိတိန် ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ကစားသမား တစ်ဦးချင်းစီ၏ ရုပ်ပုံများကို ပုံနှိပ်ထားသည့် မတ်ခွက်များကို ရောင်းချခဲ့သည်။

သို့သော်လည်း နောက်ခံလူ ခရစ်စမောလင်း၏ ဓာတ်ပုံနေရာတွင် အိုဘားမား၏ ဓာတ်ပုံကို ပုံနှိပ်ခဲ့မိခြင်း ဖြစ်သည်။ Sunday Express သတင်းစာက အဆိုပါ ရယ်ရွှင်ဖွယ် လွဲချော်မှုကို စတင်ဖော်ပြခဲ့ပြီး ယခုအခါ ဒေါဆက်တွင် အခြေစိုက်သည့် ယင်းကုမ္ပဏီသည် အိုဘားမားပုံနှင့် စမောလင်းအမည် တွဲဖက်ထားသည့် မတ်ခွက်များကို ဈေးကွက်အတွင်းမှ လိုက်လံသိမ်းဆည်းနေကြောင်းလည်း သိရှိရသည်။
Sunday Express က အမေရိကန်သမ္မတ အိုဘားမားသည် အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့တွင် ခံစစ်မှူးနေရာမှ မကစားဖူးကြောင်းလည်း အရွှန်းဖောက် ရေးသားခဲ့သေးသည်။ ကြီးကြီးကျယ်ကျယ် လွဲချော်မှုကို သတိပြုမိပြီးနောက် မတ်ခွက်များကို လက္ကားဖြန့်ဖြူး ရောင်းချပေးနေသည့် Wholesale Clearance UK ကုမ္ပဏီကလည်း အရောင်းရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
အဆိုပါ မှားယွင်းမှုသည် ကုမ္ပဏီမှ အငယ်တန်း ဝန်ထမ်းတစ်ဦး၏ ဓာတ်ပုံအသုံးပြုမှု အလွဲအချော်မှ စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအရ အဆုံးအရှုံး ကြီးမားသွားခဲ့ကြောင်းလည်း သိရှိရသည်။ 

ကမ္ဘာ့ဖလားသတင်းများ 

7Day News

No comments:

Post a Comment