Wednesday, June 25, 2014

အစိုးရဖြုတ်ချရေး စာရွက်ဝေသူနှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ခြောက်လစီ ထပ်မံချ

 ပုံစာ-ဦးဇော်ဝင်း(မျက်မှန်တပ်ထား)နှင့် ၎င်းနှင့် အမှုတွဲပါဝင်သူ အမျိုးသားတစ်ဦးကိုတွေ့ရစဉ်။ (ဓါတ်ပုံ-ကျော်စွာဝင်း)

ရန်ကုန်၊ မဇ္ဈိမ။ ။ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ဝင် ဦးတင်မောင်ကြည် နှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင် ဦးဇော်ဝင်းတို့ နှစ်ဦးကို ဇွန်၂၄ ရက်တွင် နိုင်ငံတော်အကြည်ညို ပျက်စေသည့် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် မင်္ဂလာတောင်ညွန့်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လစီ ချမှတ်လိုက်သည်။
ထိုသို့ စာရွက်ဝေခြင်းကို ကိုထင်ကျော် အဖမ်းခံရပြီးနောက်ပိုင်း ကိုထင်ကျော်၏ တောင်းဆိုမှုဖြင့် ယင်းတို့နှစ်ဦးမှ ဆက်လက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မေ ၉ ရက်က ကိုထင်ကျော်၏ ရုံးချိန်းသို့ သွားရောက်စဉ် ကျောက်တံတားရဲစခန်းမှ မေးမြန်းရန် ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ လကို မင်္ဂလာတောင်ညွန့်တရားရုံးမှာ ကိုယ်တိုင်လျှောက်လဲချက်နဲ့ အမိန့်ချလိုက်တာပါ” ဟုဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစုအဖွဲ့ဝင် မစိန်ထွေးက မဇ္ဈိမကိုပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်းနှင့် ပြည်သူသည်သာ သခင်ဖြစ်ကြောင်း ကြေညာချက်ပါ စာရွက်များဖြန့်ဝေခြင်း၊ ဟောပြောခြင်း များကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဦးတင်မောင်ကြည်နှင့် ဦးဇော်ဝင်းတို့နှစ်ဦးကို မင်္ဂလာတောင်ညွန့်၊ တာမွေနှင့် ဗဟန်းမြို့နယ်
တရားရုံးများတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲထားရာမှ ရုံးချိန်းငါးကြိမ် ပြည့်သည့် ဇွန် ၂၄ ရက်တွင် မင်္ဂလာတောင်ညွန့် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စက အများပြည်သူရဲဆန္ဒပဲလေ။ တရားမျှတမှုမရှိတဲ့ ကိစ္စလေးတွေပါ။ အစိုးရပိုင်းအနေနဲ့လည်း သိက္ခာသမာဓိရှိအောင် ကြိုးစားသင့်ပါတယ်”ဟု ဒီမိုကရေစီအင်အားစုအဖွဲ့ဝင် ဦးဘမြင့်ကဆိုသည်။

တရားရုံးမှ ပြန်လည်ထွက်ခွာလာစဉ် ပြည်ထောင်စုအစိုးရ ဖြုတ်ချရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ၊ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ၄၃၆ အကြွင်းမဲ့ ဖျက်သိမ်းရေး အစရှိသည့်ဖြင့် ဦးဇော်ဝင်းတို့က တရားရုံးရှေ့တွင် ကြွေးကြော်ခဲ့သည်။

ယင်းနောက်တရားရုံးသို့ လာရောက်သော ဒီမိုကရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့ဝင်များနှင့် ကိုထင်ကျော်လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် မြေယာသိမ်းဆည်း ခံရသူများပါ စုစုပေါင်း ၄၀ ခန့်က ကိုထင်ကျော်၊ ဦးဇော်ဝင်းနှင့် ဦးတင်မောင်ကြည်တို့အပါအ၀င် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကျော်စွာဝင်း
Mizzima - News in Burmese



No comments:

Post a Comment