Friday, March 15, 2013

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်သိစေချင်ပါသည်



ပဲခူးတိုင်းဒေသကြီး ၊ သနပ်ပင်မြို့နယ် ကမာဖရန်ကျေးရွာနှင့် ပဲခူးမြို့နယ် ကမာနတ်ကျေးရွာသို့ ဆက်သွယ်၍ ပဲခူးမြို့သို့တက်သော ကျေးရွာချင်းဆက်မြို့ပေါ်တက်သည့်လမ်းကို ၁၉၉၈-ခုနှစ်၊ မတ်လတွင် ပဲခူးမြို့နယ်နှင့်သနပ်ပင်မြို့နယ် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ၏ခွင့်ပြုချက်ဖြင့် ကျေးရွာနှစ်ရွာမှ တာဝန်ရှိလူကြီးမင်းများ၊ နှစ်ဖက်လယ်သမားများညှိနှိုင်းပြီး ကိုယ့်အားကိုယ်ကိုးလမ်းကို ကမာဖရန်ကျေးရွာမှ လုပ်အားဖြင့် အကွေ့အကောက်နည်းအောင် ဖောက်လုပ်ထားသောလမ်းဖြစ်ပါသည်။

    ထိုလမ်းကိုအသုံးပြု၍ ကမာဖရန်၊ ဖရဲ၊ ငါးကြီးဝင်းကျေးရွာမှ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသား/သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအတွက် ပဲခူးမြို့သို့ တက်ရောက်ရန်အလွန်အဆင်ပြေသောလမ်းဖြစ်ပါသည်။ ထို့အပြင်
ကမာနတ်ကျေးရွာမှ လယ်သမားများ၊ အလုပ်သမားများ လယ်ယာလုပ်ငန်းခွင်သို့သွားရန်နှင့် လယ်ယာထွက်ကုန်/သွင်းကုန်းများ သယ်ပို့ရာတွင် အဆင်ပြေသောလမ်းဖြစ်ပါသည်။ ထိုသို့ အများပြည်သူများ သွားလာရေးအတွက် အသုံးပြုနေသော ကျေးရွာချင်းဆက်မြို့ပေါ်တက်လမ်းအား ခြံစည်းရိုးကာရံ
ပိတ်ဆို့နေခြင်းသည် ဒေသခံပြည်သူများအတွက် သွားလာရေးကို အခက်အခဲဖြစ်ပေါ်စေခဲ့ပါသည်။

    အဓိကတင်ပြလိုသည့်အချက်များ

၁။    ကျေးရွာချင်းဆက်မြို့ပေါ်တက် ကမာဖရန်၊ ကမာနတ်ကျေးရွာလမ်းသည် ၁၉၉၈ ခုကတည်းက သက်ဆိုင်ရာလူကြီးမင်းများနှင့် နှစ်ဖက်လယ်သမားများ၏ခွင့်ပြုချက်ဖြင့် ဖောက်လုပ်ထားသောလမ်းဖြစ်ခြင်း၊
၂။    ရဟန်းရှင်လူ၊ ကျောင်းသူ/သားများနှင့် ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စွာ အသုံးပြုနေသောလမ်းဖြစ်ခြင်း၊
၃။    ကမာဖရန်ကျေးရွာရှိ သက်ကြီးရွယ်အိုများနှင့် နေထိုင်မကောင်းသူများ ကျန်းမာရေးအတွက် ပဲခူးမြို့အထွေထွေပြည်သူ့ဆေးရုံသို့ အချိန်မရွေးတက်ရောက်ကုသနိုင်ရန် အသုံးပြုနေရသောလမ်းဖြစ်ခြင်း၊
၎။    ကျေးရွာချင်းဆက်မြို့ပေါ်တက်လမ်းအား မူလအတိုင်းဖွင့်ပေးပါက အများပြည်သူခရီးသွားလာရေးနှင့် လယ်ယာထွက်ကုန် သွင်းကုန်ပစ္စည်းများ အချိန်နှင့်တပြေးညီ သယ်ပို့ရောင်းချနိုင်ရန်အဆင်ပြေခြင်း၊
၅။    ခြံကွက်များပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ လမ်းနှင့်အဆောက်အဦးများရှိ/မရှိတို့ကို ဦးစွာပထမ ကွင်းဆင်းစစ်ဆေးရမည်ဖြစ်သော်လည်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ မပြုလုပ်ခဲ့ခြင်း
၆။    ခြံကွက်များပြုလုပ်၍ ကျေးရွာချင်းဆက်မြို့ပေါ်တက်သည့် လမ်းကိုပိတ်ဆို့ပြီး ခြံစည်းရိုးကာရံနေခြင်းသည် အများပြည်သူများ သွားလာရေးအခက်အခဲဖြစ်ပေါ်စေခြင်းတို့ဖြစ်ပါသည်။

    သို့ဖြစ်ပါ ၍ ကမာဖရန်၊ ကမာနတ်ကျေးရွာချင်းဆက်မြို့ပေါ်တက်သည့်လမ်းအပေါ် ခြံကွက်များပြုလုပ်၍ ခြံစည်းရိုးကာရံနေမှုအား ရပ်ဆိုင်းပေးပါရန် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကမာဖရန်ကျေးရွာရှိ ရွာသူ/သားများမှ အများပြည်
သူအကျိုးရှေးရှုပြီး လေးစားစွာဖြင့်တင်ပြတိုင်းကြားအပ်ပါသည်။

ကမာဖရန်ကျေးရွာသူ/ကျေးရွာသားများ

No comments:

Post a Comment