Sunday, November 25, 2012

အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များ တင်ပြလာခြင်းအား ထုတ်ပြန်ကြေညာခြင်း

“ ပုဂ္ဂလိကထံမှရရန် ကြွေးကျပ်သန်း(၄ဝ, ၂ .၁၂၂)နှင့် အမေရိကန် ဒေါ်လာ(၇ဝ,၆၅၅ .ဝ၂ဝ)၊ ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစား မှုကြောင့် ပြန်သွင်းရမည့် ငွေကျပ်သန်း (၁
၄၃..၉၁၆)ဖြစ် ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၅/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်


နိုင်ငံတော် သမ္မတထံသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်ပြလာသော အရေးကြီးသည့် စစ်ဆေး တွေ့ရှိချက်များ တင်ပြလာခြင်းအား ထုတ်ပြန် ကြေညာခြင်း

၁။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၄၂၊ ပုဒ်မခွဲ(ဃ)နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က)တွင် ''ပြည်ထောင်စု စာရင်းစစ် ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။''ဟု ပြဋ္ဌာန်း ထားသည်။ ထို့ပြင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)တွင် ''ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ဖြစ်စေ နိုင်ငံတော်၏ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း''ဟု လည်းကောင်း၊ ပုဒ်မခွဲ(ည)တွင် ''မိမိ၏ ဆောင်ရွက်ချက်ကို နိုင်ငံတော် သမ္မတမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း''ဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။

၂။ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဗဟိုအာဏာပိုင် အဖွဲ့အစည်းများသို့ ခွဲဝေပေးထားသော ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စာရင်းများကို စစ်ဆေးခဲ့ရာ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များနှင့် စပ်လျဉ်း၍ ၎င်း၏ (၁၉-၁ဝ-၂ဝ၁၂) ရက်စွဲပါ အစီရင်ခံစာဖြင့် နိုင်ငံတော် သမ္မတထံ တင်ပြ အစီရင်ခံ ခဲ့သည်။ နိုင်ငံတော် သမ္မတရုံးက လွှတ်တော်ရုံးသို့ (၂၄-၁ဝ-၂ဝ၁၂)ရက်တွင် အဆိုပါအစီရင်ခံစာ အပြည့်အစုံကို ပေးပို့ခဲ့သည်။

၃။ နိုင်ငံတော် သမ္မတထံသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်ပြလာသော အဆိုပါ အရေးကြီးသည့် စစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိရန်ရည်ရွယ်၍ အပြည့်အစုံကို အောက်တွင် ဖော်ပြလိုက်သည် -

''(၁) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ အရ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍ အစိုးရဌာန အဖွဲ့အစည်းများ၏ အရအသုံး ငွေစာရင်းများ စစ်ဆေးခြင်း၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းပါ ရငွေများကို ပြည့်ဝစွာ ရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းပါ သုံးစွဲခွင့် ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြု/မပြု စစ်ဆေးခြင်း၊ ဌာနဆိုင်ရာများသည် သတ်မှတ် ထားသော စာရင်းအင်း ထားသိုပုံနည်း စနစ်နှင့်အညီ ကျင့်သုံးခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခြင်းနှင့် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မှုတို့ကို လုပ်ထုံးလုပ်နည်း နှင့်အညီ အလေးထား စစ်ဆေးခဲ့ပါသည်။

(၂) အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး အဆင့်ဆင့်တို့သည်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍ ဌာနဆိုင်ရာများ နှင့် အဖွဲ့အစည်းများ၏ အရအသုံးငွေစာရင်းများကို လုပ်ထုံး လုပ်နည်းနှင့် အညီ အလေးထား စစ်ဆေးခဲ့ပါသည်။

(၃) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ် ချုပ်ရုံး အဆင့်ဆင့်တို့မှ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အရအသုံးဘတ်ဂျက် ငွေစာရင်းများကို စစ်ဆေးရာ၌ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ရိုးဖြောင့်သော သဘောဖြင့် စာရင်းဇယား လွဲမှားမှုများ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စည်းမျဉ်းမကျ ဆောင်ရွက်မှုများကို စစ်ဆေးတွေ့ရှိ ရမှုများရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးစဉ် ကာလအတွင်းမှာပင် သက်ဆိုင်ရာဌာန၏ တာဝန်ခံ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စစ်ဆေးတွေ့ရှိ ရမှုများကို ရှင်းလင်းပြောကြား ခြင်းများ ပြုလုပ်၍ လိုအပ်သည့် ပြင်ဆင်ပေးမှု၊ တည့်မတ် ပေးမှုတို့ကို ပြုလုပ်ပေးခဲ့ ပါသည်။

(၄) စစ်ဆေးသည့်ကာလ (၁-၄-၂ဝ၁၁) မှ (၃ဝ-၉-၂ဝ၁၂) ရက်အတွင်း အရေးကြီးသော စစ်ဆေး တွေ့ရှိချက်၊ တစ်နည်းအားဖြင့် အရေးကြီးသော စာရင်းစစ် ကန့်ကွက်ချက်အဖြစ် ဝန်ကြီးဌာန (၁၅)ခုတွင် နိုင်ငံတော်မှ ချမှတ်ပေးသည့် ရသုံးငွေနှင့် နိုင်ငံတော်မှရရမည့် ရငွေများနှင့် ပတ်သက်၍ အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသော သဘောဖြင့် ဆောင်ရွက်မှုကြောင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးမှု (၄၇)မှု ရှိပါသည်။

(၅) အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း အကြီးအကဲများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်ရုံးများသို့ (၁၈-၉-၂ဝ၁၂)ရက်မှ (၁၇-၁ဝ-၂ဝ၁၂)ရက်အထိ ခေါ်ယူတွေ့ဆုံပြီး စစ်ဆေး တွေ့ရှိချက်များကို စနစ်တကျ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ယင်းသို့ ရှင်းလင်း ဆွေးနွေးရာတွင် အလွဲသုံးစားမှု၊ နိုင်ငံတော်မှ နစ်နာဆုံးရှုံးမှုများ အလိုက်၊ ပြန်လည် ပေးသွင်းရမည့် နိုင်ငံ့ ဘဏ္ဍာငွေများ ပြန်လည် ပေးသွင်းစေခြင်း၊ တာဝန်ရှိသူများအား စီမံခန့်ခွဲမှုနည်းလမ်း၊ ဥပဒေဆိုင်ရာ နည်းလမ်းများဖြင့် အရေးယူစေခြင်း၊ နောင်တွင် အလားတူ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွား စေရေးအတွက် ကြပ်မတ် ထိန်းသိမ်းမည့် အစီအမံများ ပြုလုပ်စေခြင်းတို့ကို အလေးထား ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးမှု များအရ သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း (၂၅)ခုမှ အရေးကြီးသော စစ်ဆေး တွေ့ရှိချက် (စာရင်းစစ် ကန့်ကွက်ချက်) ပါ နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့်ငွေများ အပြည့်အဝ ပြန်လည်ပေးသွင်းခြင်း၊ တာဝန်ရှိသူများကို အရေးယူမှုပြုလုပ်ခြင်း၊ ကြပ်မတ် ထိန်းသိမ်းမည့် အစီအမံများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ ပါသည်။

(၆) ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍ (၁-၄-၂ဝ၁၁)ရက်မှ(၃ဝ-၉-၂ဝ၁၂) ရက် အထိ ဝန်ကြီးဌာန(၁၅) ခု၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း(၄၇)ခုတို့၏ အရေးကြီးသော စစ်ဆေး တွေ့ရှိချက်များအရ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်း (၅၈,၃၉၈.၈၁ဝ)နှင့် အမေရိကန် ဒေါ်လာ (၂၃၂,၉၇၇.၃၁ဝ) အနက် ကျပ်သန်း (၁၇,၄၂၆.၇၇၂)နှင့် အမေရိကန်ဒေါ်လာ (၁၆၂,၃၂၂.၂၉ဝ) ပေးသွင်းပြီး၊ ပေးသွင်းရန် ကျန်ရှိငွေ ကျပ်သန်း(၄ဝ,၉၇၂.ဝ၃၈)နှင့် အမေရိကန်ဒေါ်လာ (၇ဝ,၆၅၅.ဝ၂ဝ) ဖြစ်ပါသည်။ ကျပ်သန်း (၄ဝ,၉၇၂.ဝ၃၈)တွင် ပုဂ္ဂလိကထံမှ ရရန်ကြွေး ကျပ်သန်း (၄ဝ,၈၂၈.၁၂၂) အမေရိကန်ဒေါ်လာ (၇ဝ,၆၅၅.ဝ၂ဝ) ဖြစ်ပြီး၊ ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစား မှုကြောင့် ပြန်လည်ပေးသွင်းရမည့် ငွေမှာ ကျပ်သန်း (၁၄၃.၉၁၆) ဖြစ်ပါသည်။ အောက်ပါအတိုင်း ရှင်းလင်းတင်ပြ အပ်ပါသည်-

--(က) ပုဂ္ဂလိကထံမှ ရရန်ကြွေးများ ကျပ်သန်း ၄ဝ၈၂၈.၁၂၂ နှင့် USD ၇ဝ၆၅၅.ဝ၂ဝ

xxx(၁) မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ပေးသွင်းရန်၊ ကျပ်သန်း ၃၅၆၅၃.၇ဝ၇ (မွေးမြူရေး အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းသို့ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ပေးသွင်းရမည့် ကြိုတင် ထုတ်ပေးငွေ၊ အစာအကြွေး ရောင်းချငွေ၊ အကျိုးတူ ရင်းနှီး မြှုပ်နှံမှုအတွက် ထုတ်ပေးငွေ)

xxx(၂) မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ ပေးသွင်းရန်၊ USD ၇ဝ၆၅၅.ဝ၂ဝ (ဌာနပိုင် ကြို့ကုန်းမြေ ငှားရမ်းခြင်းအတွက် ပုဂ္ဂလိကထံမှ ရရန်ကျန်ငွေ)

xxx(၃) ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပေးသွင်းရန်၊ ကျပ်သန်း ၄၈၁၅.ဝဝဝ (အင်းလေးခေါင်တိုင် ဟိုတယ်နှင့် ရန်ကုန်မြို့၊ အမှတ်-၁၂၈ ဆူးလေဘုရားလမ်း အဆောက်အအုံ တို့အား ဝယ်ယူခွင့်ရသူမှ ပေးသွင်းရန် ကျန်ရှိခြင်း)

xxx(၄) ပြန်ကြားရေး ဝန်ကြီးဌာနမှ ပေးသွင်းရန်၊ ကျပ်သန်း ၈၈.၄၆၅ (Dagon Complex စီမံကိန်း ဆောင်ရွက်ရာတွင် အိမ်ခန်းများ အပ်နှံမှု နောက်ကျကြေးအတွက် ပုဂ္ဂလိကမှ ပေးသွင်းရန်)

xxx(၅) စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ပေးသွင်းရန်၊ ကျပ်သန်း ၂၇ဝ.၉၅ဝ (အဆောက် အအုံ ငှားရမ်းခနှင့် ရောင်းချရငွေ ပုဂ္ဂလိကမှ ပေးသွင်းရန်)

--(ခ) မှားယွင်းမှု၊ အလွဲသုံးမှု ကျပ်သန်း ၁၄၃.၉၁၆

စာရင်းစစ် ကန့်ကွက်ချက်အရ ဝန်ကြီးဌာနများမှ ပြန်လည်ပေးသွင်းရန်၊ ကျပ်သန်း ၁၄၃.၉၁၆

(သတင်းစာဖိုး၊ ကြော်ငြာခ၊ ဆိပ်ကမ်းခွန် ပိုမိုထုတ်ယူခြင်း၊ ရထားလမ်းဖောက် လုပ်ခငွေ ပိုထုတ်ခြင်းများ၊ GMS အစည်း အဝေး အခမ်းအနား၌ ပစ္စည်းဝယ်ယူ တပ်ဆင်မှု အတွက် အသုံးစရိတ် ပြန်ရသော်လည်း ပေးသွင်းမှု မရှိခြင်း)

(၇) အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များ (စာရင်းစစ် ကန့်ကွက်ချက်များ)ကို သတ်မှတ် ဘဏ္ဍာရေးနှစ် ကာလ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း များကို လိုအပ်သလို ဆက်လက် စိစစ်အရေးယူ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိ ရပါသည်။

(၈) အစိုးရဌာန အဖွဲ့အစည်းများ၏ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာများကို စစ်ဆေးရာတွင် အရေးကြီးသည့် စစ်ဆေး တွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက် ချက်များနှင့် အရေးယူ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သိရှိနိုင်ပါရန်နှင့် လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြ အပ်ပါသည်။''

၎။ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များ တင်ပြချက်ပါ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာနမှ စာရင်းမှားယွင်းသည့် ကျပ်သန်း (၁၉.ဝ၅၇) ကို (၁၉-၁ဝ-၂ဝ၁၂) ရက်တွင် နိုင်ငံတော်သို့ ပြန်လည်ပေး သွင်းပြီးဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အလင်း သတင်းစာတိုက်သည် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အလွဲသုံးစားမှု ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ရာမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိဆဲဖြစ်သည့် ကျပ်သန်း (၁၁၇. ၇ဝ၁) ပြန်လည် ပေးသွင်းရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနအနေဖြင့် ရှင်းလင်း ဆောင်ရွက်သည့် အခြေအနေအား သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။ အလားတူ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့် ငွေများ ပေးသွင်းစေရေး ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။

၅။ အရေးကြီးသော စစ်ဆေး တွေ့ရှိချက်များ တင်ပြလာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက လုပ်ငန်းရှင်များ ထံမှ ရရန်ကြွေး အများဆုံးဖြစ်သည့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန အနေဖြင့် အချိန်ကာလ သတ်မှတ်၍ ရရန်ကြွေးများ ပြန်လည် ရရှိရေး ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။ ၎င်းပြင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ အနေဖြင့်လည်း သက်ဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ရရန်ကြွေးများ ပြန်လည် ရရှိရေးအတွက် အချိန်ကာလ သတ်မှတ်၍ ပေးသွင်းကြစေရန် ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။

http://myawady.net.mm/all-news/local-news/2012-11-25-02-25-32

No comments:

Post a Comment