Sunday, November 25, 2012

သနပ်ပင်မြို့နယ်ရှိ လယ်သမား(၄)ဦးအား ခြေချုပ်ပုဒ်မဖြင့် ဖမ်းဆီးထားသည့်အတွက် လယ်သမားမိသားစုများ ဆန္ဒပြရန်လျှောက်ထား

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ လှာပကစ်ကျေးရွာမှ လယ်သမား(၃)ဦးနှင့်အတူ သနပ်ပင်မြို့၊ ဘူတာပိုင်းရပ် ကွက်နေ ဦးအောင်ကျော်ဆိုသူတို့အား ခြေချုပ်ပုဒ်မတက်ပြီး မတရားဖမ်းဆီးချုပ်နှောင် တရားစွဲဆိုထားသည့်အတွက် လယ်သမားမိသားစုများနှင့် ဆွေးမျိုးမိတ်ဆွေများမှ နိုဝင်ဘာ(၂၉)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တရားဝင်ခွင့်
ပြုမိန့်တောင်းခံထားကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ လှာပကစ်ကျေးရွာနေ ဦးမောင်လွင်၊ ဦးကျော်ရင်နှင့် ဦးစိန်နိုင်ဝင်းတို့သည် စားကျက်မြေ ကွင်းအမှတ် (၈၆၇/၈၇၁)တွင် ကျေးရွာဥက္ကဌ၏ ခွင့်ပြုမိန့်ဖြင့် လွန်ခဲ့သော(၁၅)နှစ်ခန့်ကတည်းက စိုက်ပျိုးလုပ် ကိုင်စား သောက်လာခဲ့ကြသည့် လယ်သမားများဖြစ်ပါသည်။ ၄င်းတို့စိုက်ပျိုးလုပ်ကိုင်စားသောက်နေသော စိုက်ပျိုး မြေဧက(၁၀၀)ကျော်အား ၂၀၁၂ခုနှစ် နှစ်(၉)လပိုင်းတွင် ဗိုလ်မှူးမျိုးစိပ့်၏ သမီးဖြစ်သူ ဒေါ်ခင်စံ ပယ်စိပ့်မှ မိမိ၏ဖခင်စိုက်ပျိုးမြေဖြစ်ကြောင်းပြောဆိုပြီး လယ်သမားများအား လာရောက်နှင်ထုတ်ခဲ့ပါသည်။လယ်သမားများမှလည်း ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျေးရွာဥက္ကဌအား နှစ်စဉ်ငွေများပေးသွင်းလုပ်ကိုင်လာခဲ့သ ဖြင့် လယ်ယာမြေပေါ်မှ မထွက်ပေးနိုင်ကြောင်းပြောဆိုခဲ့ပါသည်။ ဒေါ်ခင်စံပယ်စိပ့်မှ မြေယာမှုခင်းမဖွင့်ပဲ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား ပူးပေါင်းကာ လယ်သမားများကို ခြေချုပ်ပုဒ်မ ၅(၁)(စ)(ဆ)တပ်ပြီး အောက်တိုဘာလ(၃)ရက်နေ့တွင် မတရားဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခဲ့ပါသည်။ ထိုနည်းတူ လယ်သမား (၃)ဦးနှင့်ဆွေမျိုး တော်ဆက်သူ သနပ်ပင်မြို့နေ လယ်မလုပ်သူ ဦအောင်ကျော်ဆို သူကိုလည်း ခြေချုပ်ပုဒ်မတပ်ပြီး မတရားဖမ်းဆီးတရားစွဲဆိုခဲ့ပါသည်။ ၄င်းအမှုအား သနပ်ပင်မြို့ ရဲစခန်းမှူးမှ တရားလိုပြုလုပ်ပြီး သနပ်ပင်မြို့နယ်တရားရုံးတွင် ခြေချုပ်ပုဒ်မ ၅(၁) (စ) (ဆ) ဖြင့် တရားစွဲတင် ထားကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံရသူ(၄)ဦးမှာ ခြေချုပ်ပုဒ်မတပ်ခံရလောက်အောင် ရပ်ကွက်နှင့်ကျေးရွာ အတွင်း ဆိုးစွမ်းသောင်းကျန်းသူများလည်းမဟုတ်ပါ။ ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ခံဝန်ဂတိ လက်မှတ်အမျိုးမျိုးထိုးခံ ထားရသည့် သူများလည်းမဟုတ်ပါ။ အမည်ပျက်စာရင်းရှိသူများ နှင့်ပေါင်းသင်းဆက် ဆံနေသူများလည်း မဟုတ်ကြောင်း ဒေသခံများမှပြောကြားပါသည်။

အဆိုပါအမှုသည့် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်တို့ပူးပေါင်းပြီး လယ်သမားများကို လယ်ယာမြေပေါ်မှ အမြန်ဆုံးထွက်ခွာသွားရန် နည်းပရိရယ်ဆင်ပြီး မတရားဖမ်ဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်။ ဒေသခံပြည်သူလူ ထုနှင့် ပါတီအသီးသီးက ပုဂ္ဂိုလ်များမှ ယင်းအမှုအား လေ့လာစောင့်ကြည့်နေကြကြောင်း သိရသည်။

ကိုရှင်

No comments:

Post a Comment