Thursday, May 22, 2014

အင်းလျားလမ်းတွင် နေ့ခင်းကြောင်တောင် ကားလုယက်မှုဖြစ်

ရန်ကုန်၊ မေ ၂၁

ဗဟန်းမြို့နယ် အင်းလျားလမ်းပေါ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) အရှေ့တွင် မေလ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်က အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ်ကာ ကားလုယက်မှု ဖြစ်ပွားခဲ့ကြောင်း လုယက်ခံရသူ အငှားယာဉ်မောင်း ဦးစိုးမိုးက The Voice သို့ ပြောကြားသည်။
စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်း တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ်ရှိ အငှားယာဉ်မောင်း ဦးစိုးမိုးသည် ယင်းနေ့က ဓမ္မစေတီလမ်းမှ အင်းလျားလမ်းဘက်သို့ တိုယိုတာဖရီဒါ အမျိုးအစား အငှားယာဉ်ကို မောင်းနှင်လာစဉ် ကွန်ပျူတာ တက္ကသိုလ်ရှေ့ အရောက် အမျိုးသားတစ်ဦးက ယာဉ်ရှေ့ ပိတ်ရပ်တားကာ လက်သီးဖြင့် ထိုးကြိတ်ပြီး ကားလုယက် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လမ်းပိတ်တားလို့ ကားရပ်ပြီး မေးမယ်ကြံတုန်း သူက ကော်လံစကိုဆွဲပြီး လက်သီးနဲ့ မျက်နှာကို ထိုးတာ။ ကားမောင်းပြေးတော့ နောက်ခန်းတံခါးကို ဖွင့်ဝင်ပြီး ကျွန်တော်ခေါင်းနဲ့ မျက်နှာကို လက်သီးနဲ့ ဆင့်ထိုးတာကြောင့် ကားကို ဖြည်းဖြည်း ထိန်းမောင်းရင်း မခံနိုင်လို့ သစ်သီးတန်း ရှေ့အရောက်မှာ ကားရပ်ပြီး ဆင်းပြေးတာ။ သူက နောက်ခန်းကနေ ရှေ့ပြောင်းထိုင်ပြီး ကားလု ထွက်ပြေးသွားတာ” ဟု ဦးစိုးမိုးက ဆက်လက် ရှင်းပြသည်။

အဆိုပါ ယာဉ်လုယက် ထွက်ပြေးသူမှာ အင်းလျားလမ်းအတိုင်း ကမာရွတ်ဘက်သို့ မောင်းနှင် ထွက်ပြေးစဉ် လမ်းပေါ်ရှိ ယာဉ်သုံးစီးကို ဆင့်တိုက်ခဲ့ပြီး တက္ကသိုလ် ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့်ရှိ မီးပွိုင့်တွင် ယာဉ်ရှေ့ဘီး တာယာကွဲထွက်ပြီး ရပ်တန့်သွားစဉ် ယာဉ်ထိန်း ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ကမာရွတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“မီးပွိုင့်မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲကို ဘေးကလူတွေက ယာဉ်တိုက်မှု ဖြစ်တယ်ပြောလို့ သွားစစ်ဆေးပြီး ယာဉ်တိုက်မှုဖြစ်တဲ့ ကားဆီက သော့ကို ယာဉ်ထိန်းရဲက ဆွဲဖြုတ်ချိန် သူက ကားထဲကနေ ယာဉ်ထိန်းရဲကို လက်သီးနဲ့ ထိုးခဲ့တာကြောင့် မျက်ခွံကွဲသွားတယ်။ အခြား ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ အချိန်မီ ရောက်လာပြီး ဝိုင်းဖမ်းခဲ့တာ” ဟု အထက်ပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

ယင်းကားလုယက်စဉ် ထိုးကြိတ်ခံရမှုကြောင့် အငှားယာဉ်မောင်း ဦးစိုးမိုးတွင် ဦးခေါင်းနာကျင် ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ကျော်အောင်ထက်မှာ မျက်ခွံကွဲသွားကြောင်း၊ ယာဉ်တိုက်မှုကြောင့် တိုယိုတာ ဖရီဒါယာဉ် အပါအဝင် ယာဉ်လေးစီး ပျက်စီးခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“ကားလုထွက်ပြေးသူက မူးနေတဲ့ ပုံသဏ္ဌာန်မျိုး တွေ့ရှိပေမယ့် အတိအကျကို ပြောပြနိုင်ဖို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးစစ်ထားတယ်။ အငှားယာဉ်မောင်းတွေ အနေနဲ့ ဒီလို နေ့ခင်းကြောင်တောင် ကားလုယက် ခံရတာမျိုးတွေ ရှိနေတာကြောင့် ညပိုင်း ယာဉ်မောင်းတွေ ပိုသတိထား စေချင်တယ်” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်ထွန်းမွှေးက ပြောကြားသည်။

အဆိုပါ ကားလုယက် ထွက်ပြေးသူသည် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း အလတ်ချောင်း ကျေးရွာတွင်နေသူ ကိုစိုးပြည့်မွန်ဖြစ်ပြီး ယာဉ်တိုက်မှုနှင့် တာဝန် ထမ်းဆောင်နေသူကို ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် ကမာရွတ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ဗဟန်းမြို့နယ်တွင် လုယက်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဒုရဲအုပ်ထွန်းမွှေးက ဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment