လူသားဆန်မှု၊ လူသားဆန်ခြင်း၊ လူသားဆန်မှုကို ထိန်းသိမ်းခြင်း၊ လူသားဆန်မှုကို
ကာကွယ်ခြင်း၊ လူသားဆန်မှုကိုချိုးဖောက်သည့် ရာဇ၀တ်မှုများအစရှိတဲ့
အသုံးအနှုန်းတွေဟာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ နယ်ပယ်မှာလူသိများလာပါတယ်။
အသုံးအနှုန်းအရ ကျယ်ပြန့်လာပါတယ်။ အဲသလိုကျယ်ပြန့်လာတာနဲ့
အမျှလူသားဆန်မှုဆိုတာ မချိုးဖောက်သင့်တဲ့ မချိုးဖောက်ကောင်းတဲ့ကိစ္စ
ဖြစ်သလိုကာကွယ်ရမယ့် အရေးအရာအဖြစ် လက်ခံလာကြပါတယ်။
လူသားဆန်မှုကို ချိုးဖောက် တဲ့ ရာဇ၀တ်မှုများ ဆိုတာက တော့ ဒုတိယကမ္ဘာစစ်အတွင်း
ဥရောပက ဂျူးအနွယ်ဝင် ခြောက် သန်းကျော် ဖက်ဆစ်နာဇီတွေရဲ့
သတ်ဖြတ်သုတ်သင်ခြင်း ခံခဲ့ရ မှုကို ထင်ဟပ်တဲ့ အခြေအနေကနေ စတင်ခဲ့တယ်လို့လည်း
ပြောနိုင်ပါတယ်။ စစ်ကြီးအပြီးစတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ
စစ်ကြီးအတွင်းက လူမျိုးရေးအရ ပစ်မှတ်ထားပြီး သတ်ဖြတ်သုတ်သင်ခဲ့တဲ့
လုပ်ရပ်တွေကို နောက်နောင်မှာ လူသားမျိုးဆက်တွေအနေနဲ့ ဒီလိုအဖြစ်ဆိုးတွေ
ထပ်မံမကြုံတွေ့ရလေအောင် လူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ်တစ်ခုကိုလည်း
ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ အင်မတန် အမြော်အမြင်ကြီးတဲ့ လုပ်ရပ်လို့
ဆိုရမှာပါပဲ။
ယေဘုယျအားဖြင့် ပြောရ ရင် အဲဒီလူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ်မှာ
လူသားအားလုံးဟာ အသွေးအရောင်မရွေး၊ ကိုးကွယ်ရာ ဘာသာမရွေး၊
မွေးဖွားရာဒေသမရွေး၊ ကျား-မ မရွေး တန်းတူ ဖြစ်တယ်လို့ သတ်မှတ်ပြဋ္ဌာန်း
ပါတယ်။ အဲဒါအပြင် လူသား တိုင်းဟာ လွတ်လပ်စွာ ပြောဆို ခွင့်၊
ကိုးကွယ်ယုံကြည်ခွင့်၊ တင် ပြခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်၊ ရွေး
ချယ်ခွင့်ရှိတယ်ဆိုတာကိုလည်း ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။ ကျွန်တော်တို့
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတဲ့ အချိန်ကစလို့ အဲဒီနိုင်ငံတကာ
လူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ်ကို လေးစားလိုက်နာပါ့မယ်လို့ သဘောတူလက်
မှတ်ရေးထိုးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
လူသားဆန်မှုကို ချိုးဖောက် ခဲ့တဲ့ အတိတ်သမိုင်းက ဖြစ်ရပ် တွေကို
ပြန်ပြီးလေ့လာကြည့်ရင် စီးပွားရေးပြဿနာကြောင့်၊ လူမျိုးမတူတာကြောင့်၊
ကိုးကွယ်တဲ့ ဘာသာမတူတာကြောင့် ဖြစ်ရ တာတွေက ပိုများပါတယ်။ ငါတို့ နဲ့သူတို့
မတူဘူးဆိုတဲ့ အမြင်က ရှေ့ဆုံးကနေ အရင်လာပါတယ်။ ပြီးတော့ ငါတို့လူမျိုးကသာ
မြတ် တယ်၊ ငါတို့ကိုးကွယ်တဲ့ ဘာသာ ကသာပိုပြီး မြင့်မြတ်တယ်ဆိုတဲ့
ဘက်ကိုဆက်ပြီး တွန်းပို့ပါတယ်။ အဲသလို တွန်းပို့မှုတွေရဲ့ နောက် ဆက်တွဲအဖြစ်
လူတွေကို အစု လိုက်၊ အပြုံလိုက် သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ နေရပ်ကနေ နှင်
ထုတ်တာ အစရှိတာတွေ ဖြစ်ပေါ် လာပါတယ်။ လူမျိုးအရ၊ ဘာသာ ရေးအရ
ကွဲပြားခြားနားတဲ့ အုပ်စု ၀င်တွေ နေထိုင်တဲ့ တိုင်းပြည်တွေ မှာ
လူသားဆန်မှုကို ချိုးဖောက်တဲ့ကိစ္စတွေ ပိုမိုဖြစ်ပွားလေ့ရှိပါ တယ်။
ဟိုတုန်းကလည်း ဖြစ်ခဲ့ ပါတယ်။ အခုလက်ရှိမှာလည်း နေရာအနှံ့ဖြစ်နေဆဲပါ။
ပထမကမ္ဘာစစ်အပြီးမှာ စစ် ရှုံးခဲ့တဲ့ ဂျာမနီနိုင်ငံဟာ စီးပွားရေး
ကျပ်တည်းလာပါတယ်။ အဲသလို စီးပွားရေးကျပ်တည်းလာတဲ့အ ပေါ် ဂျာမနီနိုင်ငံမှာ
နေထိုင်တဲ့ ဂျူးအနွယ်ဝင်တွေကြောင့် ဖြစ်ရ တာလို့ ဟစ်တလာအပါအ၀င် အစွန်းရောက်
ဂျာမန်နိုင်ငံရေး သမားတွေက သတ်မှတ်ဟော ကြားပါတယ်။ ဟစ်တလာလည်း အာဏာရလာရော
ဂျာမန်နိုင်ငံ သား ဂျူးတွေကို စတင်နှိပ်ကွပ်ပါ တယ်။ ဂျာမန်လူမျိုးတွေ ဂျူးအ
နွယ်ဝင်တွေနဲ့ လက်ထပ်ထိမ်းမြား ခြင်း မပြုရ၊ ဂျူးတွေပိုင်ဆိုင်တဲ့
ဆိုင်တွေမှာ မ၀ယ်ယူရ၊ ဂျူးတွေ နဲ့ ဖက်စပ်ပြီး စီးပွားရေးမလုပ်ရ စသဖြင့်
အမိန့်တွေ ထုတ်လာပါ တယ်။ အဲဒါအပြင် အစိုးရဌာန တွေက နေရာကောင်းကောင်း၊
ရာထူးကြီးကြီးတွေ ရရှိထားတဲ့ ဂျူးအနွယ်ဝင်တွေကို ရာထူးက နေ ဖြုတ်ပါတယ်။
ဂျူးသွေးတစ် ၀က်လောက် ပါရင်ကိုပဲ လက်ရှိ ရာထူးကနေ လျှော့ချခြင်းခံရပါ တယ်။
နောက်ဆုံးတော့ ဂျူးပိုင် တဲ့ ဆိုင်တွေမှန်သမျှကို ဖျက်ဆီး တဲ့အထိ
ဖြစ်လာပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး စတင် ပြီဆိုတာနဲ့ ဂျူးသုတ်သင်ရေးကို ပြောင်ပြောင်တင်းတင်း
လုပ်ပါ တော့တယ်။ နောက်ဆက်တွဲက တော့ အားလုံးသိထားတဲ့အတိုင်း စစ်ကြီးအတွင်း
အကျဉ်းစခန်းများ အတွင်းမှာ သတ်ဖြတ်သုတ်သင် ခံရတဲ့ ဂျူးတွေဟာ
ခြောက်သန်းကျော်ခဲ့ပါတယ်။ အဲဒီဂျူးအနွယ်ဝင် တွေဟာ ဂျာမနီနိုင်ငံတစ်ခုတည်း
မှာ နေထိုင်သူတွေချည်းမဟုတ် ဘဲ ဂျာမန်တွေ သိမ်းပိုက်ခဲ့တဲ့ ဥရောပတိုက်
နိုင်ငံများအတွင်း မှီတင်းနေထိုင်တဲ့ ဂျူးလူမျိုးတွေ ပါ ပါဝင်ပါတယ်။ အဲသလို
ဂျူး တွေကို မျိုးတုံးသုတ်သင်နေတဲ့ ကြားထဲမှာ ဂျူးမဟုတ်သူများ လည်း
အများအပြား အလုပ်ကြမ်း စခန်းတွေကို အပို့ခံရပြီး အသတ် ခံရတာတွေလည်း
ရှိပါသေးတယ်။ ဥပမာပြောရရင် ရိုမေးနီး ယားနိုင်ငံက မြင်းလှည်းတွေနဲ့
လှည့်လည်နေထိုင်တဲ့ ဂျစ်ပစီတွေ ကိုလည်း လူမျိုးအရ မသန့်ရှင်း သူများလို့
သတ်မှတ်ပြီး သောင်း နဲ့ချီ သုတ်သင်ခဲ့ပါတယ်။ ကျွန် ၀ယ်ရာ အဆစ်ပါတယ်လို့
ပြောရ တော့မှာပါပဲ။
အလားတူပါပဲ အာရှတိုက် မှာလည်း ဖက်ဆစ်ဂျပန်တွေသတ်ဖြတ်ခဲ့တဲ့
လူတွေမနည်းလှပါဘူး။ တရုတ်နိုင်ငံက နန်ကင်းလူသတ်ပွဲကြီးဟာ
သမိုင်းတင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ကလေး၊ လူကြီး၊
အမျိုးသမီးသိန်းနဲ့ချီပြီး ဂျပန်စစ်သားတွေရဲ့ သွေးအေးအေးနဲ့
သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့အားလုံးမှတ်မိ
သိရှိနေတဲ့ ဗမာ၊ ယိုးဒယားသေမင်းတမန်ရထားလမ်း ဖောက်လုပ်တဲ့နေရာမှာ ဂျပန်တွေ
လူသားဆန်မှုကို မျက်ကွယ်ပြုခဲ့တာကြောင့် မဟာမိတ် စစ်အကျဉ်းသားတွေ
သောင်းနဲ့ချီပြီး သေဆုံးခဲ့ရသလို မြန်မာချွေးတပ်သား ရှစ်သောင်းခန့်လည်း
သေဆုံးခဲ့ရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ် ခဲ့တာကတော့ လူမျိုးတူချင်းသတ်ဖြတ်သုတ်သင်မှုကြီး
ဖြစ်ပါတယ်။ ခမာနီလို့ခေါ်တဲ့ အာဏာရှင်ပိုပေါ့ခေါင်းဆောင်တဲ့ အစိုးရဟာ ၁၉၇၅
ကနေ သူတို့ပြုတ်ကျခဲ့တဲ့ ၁၉၇၉ အထိ သတ်ဖြတ်ခဲ့တဲ့ ကမ္ဘောဒီးယား ပြည်သူပေါင်း
နှစ်သန်းခန့် ရှိခဲ့ပါတယ်။ အဲဒီအ ချိန်က တစ်နိုင်ငံလုံး လူဦးရေရဲ့ ၂၅
ရာခိုင်နှုန်း သတ်ဖြတ်ခံခဲ့ရ တယ်လို့ ပြောနိုင်ပါတယ်။ ဒါက တော့
လူမျိုးရေးနဲ့ မဆိုင်ဘဲ နိုင်ငံ ရေးဝါဒအရ ဖြစ်ခဲ့ရတဲ့ လူသား ဆန်မှုကို
ဖောက်ဖျက်ခဲ့တဲ့ ရာဇ ၀တ်မှုကြီး ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ
ရ၀မ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူသတ်ပွဲကြီးမှာတော့ ရက်ပေါင်းတစ်ရာအတွင်း
လူများစု ဟူတူ တွေက လူနည်းစုတွတ်စီလူမျိုး ရှစ်သိန်းကျော်ကို သတ်ဖြတ်သုတ်
သင်ခဲ့ပါတယ်။
ကိုလိုနီပြုလုပ်ရေး၊ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာ သာရေးတို့အတွက်
ပြိုင်ဘက်အုပ်စုတွေ၊ လူမျိုးတွေကို အစုလိုက် အပြုံလိုက် သေဆုံးစေခြင်းနဲ့
သတ်ဖြတ်ခြင်းဟာ အောင်ပွဲရ တယ်လို့ တစ်ချိန်က ထင်ခဲ့ကြပါ တယ်။ အခုလည်း
ဒီလိုမျိုး သတ် ဖြတ်ဖိနှိပ်တာမျိုးကို အောင်မြင် မှုအဖြစ် ထင်နေတဲ့၊
ယူဆနေတဲ့ လူများလည်း ရှိနေဆဲပါ။
ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ်ပေါင်းများစွာကတည်းက လူမျိုးပေါင်းစုံ၊
ဘာသာပေါင်းစုံ စုရုံး နေထိုင်လာတဲ့ တိုင်းပြည်တစ်ခု ပါ။
ကျွန်တော်တို့တိုင်းပြည်မှာ အတိတ်ကာလတုန်းက လူမျိုး တစ်မျိုးက
နောက်ထပ်လူမျိုးတစ် မျိုးကို ဘာသာရေးအရဖြစ်ဖြစ်၊ စီး ပွားရေးအရဖြစ်ဖြစ်၊
လူမျိုးရေး အရဖြစ်ဖြစ် အုပ်စုလိုက် တိုက် ခိုက်ချေမှုန်းသတ်ဖြတ်တယ်ဆို
တာမျိုး မရှိခဲ့ပါ။ ဒါပေမဲ့ အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ ကို
ကြည့်ရတာ ပေါက်ကွဲတော့ မယ့် ဗုံးတစ်လုံးကို ထိုင်ကြည့်နေ ရသလိုမျိုး
ဖြစ်နေပါတယ်။ အမျိုး သားရေးနဲ့ ဘာသာရေးအစွန်းကို သွားနေတဲ့
လူအုပ်စုတွေထဲမှာ အာဏာရှင်ဟောင်းတချို့ ပါနေ သလို ရဟန်းသံဃာတော်တချို့ လည်း
ပါဝင်နေတာ တွေ့ရပါ တယ်။
ဒါဟာ ငါတို့တိုင်းပြည်ပဲ။ ဗုဒ္ဓဘာသာဝင် မြန်မာအများစု နေတဲ့ တိုင်းပြည်ပဲ။
ဗုဒ္ဓဘာသာ ၀င်တွေ ကောင်းစားဖို့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် တဲ့
ဥပဒေတွေထုတ်မယ်၊ အတည်ပြုမယ်ဆိုတဲ့ စိတ်ဆန္ဒဟာ ဘယ်လောက်အတိုင်းအတာ အထိ
မှန်ကန်တယ်လို့ ပြောလို့ရမလဲ။ ဒီလိုထုတ်ပြန်မယ့် ဥပဒေတွေဟာ
နိုင်ငံသားအမျိုးသားနဲ့ အမျိုးသမီးများ၊ တခြားသော ဘာသာကွဲ
တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံသားများအတွက်
အကျိုးယုတ်စေနိုင်သလားဆိုတာကို သေသေချာချာ စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်ကတော့ ဒီကမ္ဘာမြေကြီးပေါ်မှာ မြန်မာနိုင်ငံဆိုတဲ့
နိုင်ငံတစ်ခုတည်းရှိတာမဟုတ်ဘူးဆိုတာကိုလည်း မမေ့အပ်ပါဘူး။
ကိုယ်ထုတ်ချင်တဲ့၊ ကိုယ်ဖြစ်ချင်တဲ့ ဥပဒေဟာ နိုင်ငံတကာ
စံချိန်စံညွှန်းတွေနဲ့ရော ကိုက်ညီရဲ့လား ဆိုတာကိုလည်းထည့်သွင်း
တွက်ချက်ဖို့လိုပါတယ်။ နိုင်ငံတကာစံချိန်စံညွှန်းလို့ ပြောရတာက
နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ယနေ့ခေတ်ဟာ နိုင်ငံရေး၊ လူမှုရေး၊
စီးပွားရေး၊ ကာကွယ်ရေး စတာတွေနဲ့ ပတ်သက်ရင် ကိုယ်တစ်ဦးတည်းနေလို့မရဘဲ
နိုင်ငံတကာနဲ့ပတ်သက်ဆက်စပ်နေလို့ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်နေတာကြောင့်ပါ။
ကိုယ်တစ်ယောက်တည်း ကိုယ့်ခြံကိုယ်ခတ်၊ ကိုယ့်တံခါးကိုယ်ပိတ်နေလို့ရတဲ့
ခေတ်မျိုးမဟုတ်တော့ဘူးဆိုတာလည်း သတိပြုဖို့လိုပါတယ်။
ဆရာ၊ ဒကာနှစ်ဦးနှစ်ဖက် သဘောတူရင် ဘာဖြစ်ဖြစ် လုပ် လို့ရတယ်ဆိုတဲ့
အတွေးမျိုးက ဘယ်လောက် အမြင်ကျဉ်းမြောင်း တယ်ဆိုတာကို မီးမောင်းထိုးပြ တာနဲ့
အတူတူပါ။ အမြင်ကျဉ်းခဲ့ လို့ သူတစ်ပါး ကိုလိုနီဖြစ်ခဲ့ရတာ ကို မမေ့သင့်ပါ။
အမြင်ကျဉ်းခဲ့လို့ ပါလီမန်ဒီမိုကရေစီ ဆိတ်သုဉ်း ခဲ့ရတာကို မမေ့သင့်ပါ။
အမြင် ကျဉ်းခဲ့လို့ ပြည်ထောင်စုသားများ အချင်းချင်းကြားမှာ ပြည်တွင်းစစ်
မီးကြီး တောက်လောင်ခဲ့ရတာကို မမေ့သင့်ပါ။ အမြင်ကျဉ်းခဲ့လို့ စစ်အာဏာရှင်
လက်အောက်မှာ နှစ်ပေါင်း ၅၀ ကျော်နေခဲ့ရတာကို မမေ့သင့်ပါ။ အမြင်ကျဉ်းခဲ့လို့
ချမ်းသာတဲ့ နိုင်ငံဘ၀ကနေ ဆင်း ရဲသားဖြစ်ခဲ့ရတာကို မမေ့သင့်ပါ။
အမြင်ကျဉ်းခဲ့လို့ အစစအရာရာ တရုတ်ကို အားကိုးခဲ့ရတာကို လည်း
အထူးမမေ့သင့်ပါ။ ထို့အ တူ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
အပြင်အဆင်မခံဘဲ ဒီ အတိုင်း ဆက်သွားချင်တယ်ဆို တာကလည်း နောက်ထပ် အမြင်
ကျဉ်းမြောင်းတဲ့ သင်္ကေတလို့ ဆို နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုး၊ ဘာ သာ၊ သာသနာဆိုတဲ့ ဒိုင်းကြီးကို အကာအကွယ်ယူ
လုပ်ဆောင် တာကြောင့် သွေးမြေကျရဦးမယ်။ နိုင်ငံသားတွေ သေကျေရဦးမယ်။
စိတ်ဝမ်းတွေကွဲကြရဦးမယ်။ အမျိုးကောင်းသမီးတွေ ဖိနှိပ်ခံရမယ်ဆိုရင်
ဒါဟာအရှုံးပဲ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ အမြတ်ထွက်တယ်လို့ ပြောလို့မရပါ။
မဝေးတော့တဲ့ အနာဂတ်မှာ ကိုးကွယ်ရာ ဘာသာမတူတဲ့ နိုင်ငံသားများ
အနိုင်ကျင့်မခံရဖို့၊ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းမခံရဖို့၊
လူသားဆန်မှုကိုဖောက်ဖျက်ခြင်း မခံရဖို့ လက်ရှိ အာဏာယူထားတဲ့ အစိုးရတစ်ရပ်က
အသေအချာအာမခံဖို့ လိုပါတယ်။ ဒီထက်ထပ်ပြီး ရှင်းရှင်းနဲ့ ဘွင်းဘွင်းပြောရရင်
လူသားဆန်မှုကို အာမခံနိုင်ဖို့၊ လူသားဆန်မှုကို မချိုးဖောက်နိုင်ဖို့
မျိုးစောင့် ဥပဒေဆိုတာ လူမျိုးစုံမှီတင်း နေထိုင်သော မြန်မာနိုင်ငံ၌
မလိုအပ်ပါကြောင်း ။ ။
Author: ဇော်မင်း
7DAY DAILY
No comments:
Post a Comment