Sunday, February 15, 2015

စိတ်မနှံ့သူ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ရာမှ မင်းပြားမြို့နယ်တွင် နေအိမ် ၁၅ လုံး မီးလောင်


စစ်တွေ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ  ကျေးရွာ တစ်ခုတွင် စိတ်မနှံ့သူ တစ်ဦးမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကိုယ့်အိမ်ကို ကိုယ် မီးရှို့ရာမှ အနီးအနားသို့ နေအိမ်များသို့  ကူးစက်ပြီး အိမ် ၁၅ လုံးမီးလောင်သွားခဲ့သည်ဟု သတင်း ရရှိသည်။ယင်းမီးမှာ မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးကြောင့် အိမ် ၁၅ ဆောင် မီးထဲပါပြီး  လူပေါင်း ၇ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အတည်ပြုပြောသည်။

“ အိမ်၁၅ ဆောင်၊ လူ ၇၀ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်။ သူတို့တွေကို အခုလောလောဆယ်မှာ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချထားပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ တစ်အိမ်ထောင်ကို ဆန် တစ်အိတ်စီ သွားထောက်ပံ့ခဲ့ပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေး မှူး က နိရဉ္စရာသို့ ပြောသည်။

အိုးအိမ်မဲ့ဖြစ်နေရသူများ အထဲတွင် အသက် ၁၂ နှစ်အောက် ကျား ၉ ဦးနှင့် မ ၁၄ ဦး၊ အသက် ၁၂ နှစ်အထက် ကျား ၂၄ ဦးနှင့် မ ၂၅ ဦး၊ စုစုပေါင်း ၇၂ ဦးဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယခုဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ စိတ်မနှံ့သူ အသက် ၃၈ နှစ်အရွယ် ရွာသားတစ်ဦးက သူ့အိမ်ကို သူမီးရှို့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ပြောဆိုသည်။

“ဒီရွာက မြို့နဲ့အလှမ်းဝေးတော့ မီးသတ်ကားတွေလာမယ်ဆိုလည်း နှစ်နာရီလောက်ကြာတယ်။ အခုတောင်မှ ရွာသားတွေဝိုင်းဝန်းငြိမ်းသတ်လိုက်လို့သာ အခုလောက်နဲ့ငြိမ်းသွားတာ”ဟု ဒေသခံ ဦးသိန်းဇံက ပြောသည်။

ယခုဖြစ်စဉ်ကြောင့် အိုးအိမ်မဲ့ဖြစ်နေကြသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လူမှုအသင်းအဖွဲ့များက ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်ကျူးလွန်သည့်စိတ်မနှံ့သူကို နယ်မြေခံရဲကဖမ်းဆီးကာ အမှုဖွင့်အရေးယူထားကြောင်းလည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ) / နိရဉ္စရာ
http://www.narinjara.com/burmese/?p=13725

No comments:

Post a Comment