Sunday, February 15, 2015

ကျောက်ဖြူတွင် ဦးခေါင်းမရှိဘဲ သေဆုံးနေသူ တစ်ဦးတွေ့ရှိ


ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာ မြောက်ဘက် နှစ်ဖာလုံခန့် အကွာ၊ လယ်ကွင်းစပ်နား ဆူးခြုံထဲတွင် ဦးခေါင်းပြတ်ကြီးဖြင့် အမည်မသိ သေဆုံးနေသူ တစ်ဦးကို ကျေးရွာသားများက တွေ့ရှိခဲ့သည်ဟု ရဲအဖွဲ့က ပြောကြားသည်။“ မနေ့ကပေါ့။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်မှာ ရွာသားတွေက တွေ့ရှိတာပါ။ သေသူမှာ ဦးခေါင်း မရှိတော့ဘူး။ ဘယ်သူဆိုတာလဲ မသိရသေးပါဘူး။ စစ်ဆေးနေတုန်းပါ” ဟု သွားရောက်စစ်ဆေးခဲ့သည့် အမှုစစ်ရဲအရာရှိက ပြောသည်။

ဖော်ဖော်ဝါရီ၁၄ ရက်နေ့  နံနက်ပိုင်းက စိုင်ခြုံကျေးရွာမှ ဦးညိုလှနှင့် ကျေးရွာသား အချို့က အပုတ်နံ့ထွက်၍ လိုက်လံ ရှာဖွေရာ ရွာအနီးရှိ ဆူးခြုံထဲတွင် အမည်မသိ ဦးခေါင်း  မရှိတော့ဘဲ သေဆုံးနေသူကို တွေ့ရှိ ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း မြို့နယ်ရဲစခန်းအား သွားရောက်တိုင်တန်း သတင်းပို့ခဲ့ကြောင်း ကျေးရွာ လူကြီး တစ်ဦးက နိရဉ္စရာသို့ ဖုံးဖြင့် ဆက်သွယ် ပြောကြားသည်။

ယခုအခါ အလောင်းကို ဆေးရုံသို့ ဆေးစစ်ရန် ပို့လိုက်ပြီဟု ရဲအရာရှိက ပြောသည်။

“ မနေ့က ညနေ ၃ နာရီ ၃၀ မိနစ်မှာ သတင်းရတယ်။ သတင်းရတာနဲ့ ချက်ချင်း ကျနော်တို့လိုက်သွားတယ်။ သေဆုံးနေတဲ့သူက စပို့ရှပ် အင်္ကျီအမဲရောင် ၀တ်ထားတာတွေ့တယ်။ ရုပ်က ဘယ်သူမှန်းမမှတ်မိတော့ဘူး။ ဦးခေါင်းလည်း မရှိတော့ဘူး။ ၀မ်းဗိုက်မှာ အူတွေလည်း မရှိတော့ဘူး။ ယောက်ျားဖြစ်ဖို့များတယ်။ လူသတ်ပြီး ပစ်ထားတာလို့ ယူဆပါတယ်။ ၁၅ရက်လောက်တော့ရှိမယ်ထင်ပါတယ်။ စစ်ဆေးရန်အတွက် ဆေးရုံကို ပို့လိုက်ပြီ” ဟု ရဲအရာရှိက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သေမှု သေခင်းအရ ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

စိုင်ခြုံမြောက်ဘက်ရွာမှ ဦးခင်မောင်စိုး- မူလတန်းကျောင်းအုပ် (ဦးကင်း) လည်း ရွာမှ ပျောက်နေသည်မှာ  ရက်ပေါင်း (၁၀) ကျော်ရှိနေသဖြင့် သူဖြစ်နိုင်မလားဟု ဆွေမျိုးများနှင့် ရွာသားများက တွေးတောက စိုးရိမ်ပူပန်လျက် ရှိနေကြသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ဇော်ဝင်း / နိရဉ္စရာ
http://www.narinjara.com/burmese/?p=13730

No comments:

Post a Comment