Friday, June 20, 2014

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီးအမှုဖွင့်ထား


စစ်ဆေးခံနေရသော ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တင်ဆောင်လာသည့် ယာဉ်နှင့် အခြားယာဉ်များကို ပုဗ္ဗသီရိမြို့နယ် မြို့နယ်တရားရုံးမှ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ်

ယမန်နေ့ကလည်း ပညာရေးလောက၌ သမာသမတ်ကျသည်ဟု လူကြိုက်များသည့် ယခင်နိုင်ငံခြားဘာသာသင်တက္ကသိုလ်ပါ မောက္ခခဟောင်း ပညာရေးဒုဝန်ကြီး ဒေါက်တာမျိုးမြင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများ၊ နုတ်ထွက်မှုများ ရှိလာမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။
သို့ရာတွင် လာဘ်ပေးလာဘ်ယူမှုများ၊ စကားကျွံမှုများနှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ပြည်ထောင်စုဝန်ကြီးအချို့ ပါဝင်ဖွယ်မရှိဟု ခန့်မှန်းနေကြသည်။

“တပ်မတော်ဖက်က ငြိမ်းချမ်းရေးကိစ္စတွေ၊ လာဘ်ပေးလာဘ်ယူနဲ့ နာမည်ပျက်တဲ့လူတွေ၊ မီဒီယာအပေါ်မှာ စကားအမျိုးအမျိုးပြောတဲ့ သူတွေနဲ့ပတ်သက်ပြီး သမ္မတကိုတင်ပြထားလို့ သိရတယ်။ ဒါပေမဲ့ ဒီဝန်ကြီးတွေကိုတော့ လက်ကျန်သက်တမ်း တစ်နှစ်ကျော်အတွင်းမှာတော့ ဖယ်ရှားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ နောက်တက်လာမယ့်အစိုးရအဖွဲ့ ဘယ်သူဖြစ်ဖြစ် သူတို့မချောင်ဘူး” ဟု ဝါရင့် ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။

၂ဝဝ၄ ခုနှစ်ကလည်း တပ်မတော်၊ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအရာရှိကြီးများအား လာဘ်စားမှုဖြင့် အနှစ် ၁ဝဝ ကျော် အထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့အပြီး ဦးဆန်းဆင့်အား လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ယခင် နရက အစိုးရလက်ထက်၌ လာဘ်ပေးလာဘ်ယူမှုနှင့် နာမည်ပျက်အနည်းဆုံးဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးအငြိမ်းစား ဦးဆန်းဆင့်မှာလည်း ၎င်းကိစ္စ၌ နာမည်ပျက်နည်းသူ ဖြစ်သည်။

ယခု ဦးဆန်းဆင့်အား အရေးယူသောကိစ္စမှာ အံ့ဩဖွယ်ရာကိစ္စဖြစ်ပြီး သိန်းသောင်းနှင့်ချီ၍ အလွဲသုံးမှု သတင်းထွက်ပေါ်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးအား အလုပ်မှနုတ်ထွက်ခွင့်သာပြုခဲ့ပြီး အရေးယူမှု မပြုခဲ့ချေ။ ယခင် တော်လှန်ရေးကော်စီမှစ၍ မဆလနှင့် စစ်အစိုးရအစဉ်အဆက် ထိပ်တန်းအရာရှိကြီးများ လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူမှုအများစုမှာ နိုင်ငံရေးနှင့်ဆက်စပ်မှု အများစုသာဖြစ်ခဲ့သည်။

“အခု လာဘ်ပေးရတယ်။ အလွဲသုံးစားလုပ်တယ်ဆိုတာ ပြည်ထောင်စုဝန်ကြီးအဆင့် မပြောနဲ့ DG ၊ MD အဆင့်မှာတောင် သိန်း ရာဂဏန်းမရပါဘူး။ တချို့ဆိုရင် ဒေါ်လာ သန်းရာချီ ချမ်းသာတယ်လို့တောင် သိရပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ရသော သမ္မတဦးသိန်းစိန်အတွက် ပထမဆုံးအရေးယူမှုမှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် လက်ကျန် တစ်နှစ်ခွဲအတွင်းမှာတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ သူတို့ သားသမီး မိသားစုတွေရဲ့ပိုင်ဆိုင်မှုနဲ့ အလွဲသုံးမှုအစစ်အမှန်တွေကို ပြည်သူတွေနဲ့ တာဝန်သိ ဝန်ထမ်းအဆင့်ဆင့်တွေက ဖော်ထုတ်ကြပါလိမ့်မယ်။ သမ္မတအနေနဲ့ ကျန်တဲ့ဝန်ကြီးတွေနဲ့ ဝန်ထမ်းအကြီးအကဲတွေကို အတိအကျတိုင်ရင် အရေးယူမလား စိတ်ဝင်စားပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ဆိုပါသည်။

The Daily Eleven

No comments:

Post a Comment