Friday, February 13, 2015

ကာမစိတ်ကြွစေသည့် ချောကလက်များရောင်းချနေမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်အရေးယူမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့ဘုတ်မှတစ်ဆင့် ချစ်သူများနေ့အတွက် အထူးထုတ်ဟုဆို၍ ကာမစိတ်ကြွ ချောကလက် များ ရောင်းချနေမှုကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ် အရေး ယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးဗအုပ်ခိုင်က ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။
အဆိုပါ ချောကလက်တွင် မည်သည့် ဆေးဝါးအမျိုးအစားများ ပါဝင်သည်ကို စစ်ဆေးရဦးမည်ဖြစ်ပြီး ကာမစိတ်ကြွဆေးများ သည် ရေ ရှည် အသုံးပြုပါက ကျောက်ကပ် ပျက်စီး တတ်သောကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးလိုခြင်းဖြစ်သည်။

““ဒီကောင်တွေက ရေရှည်စွဲသုံးရင် ဆီးနဲ့ကျောက်ကပ်ကို ဒုက္ခပေးတတ်တယ်။ ဒါတွေကတော့ လုံးဝ မသုံးစွဲသင့်ဘူး။ ဒီကောင်တွေက တရားဝင် တင်သွင်းတာမဟုတ်ရင် သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့လည်း ငြိတယ်။ အမျိုးသားဆေးဝါး ဥပဒေနဲ့လည်း အရေးယူလို့ရတယ်”” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

အဆိုပါ ချောကလက် ရောင်းချရာတွင် ဖော်ပြထားသော ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တစ်ထုပ်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပြီး နေထိုင်သော မြို့နယ်သို့ လာရောက် ပို့ဆောင်ပေးကြောင်း ဖုန်းလက်ခံ ဖြေကြားသည့် ကိုဖုန်းမင်းခန့် ဆိုသူက ပြောသည်။

““သူက အဓိကတော့ ကာမစိတ်ကြွတာပဲ။ အထုပ်ကတော့ ပုံတော့ပါတယ်။ ချောကလက် အတုံးအတိုင်းပဲ ယူရင်လည်း ရတယ်။ သူကယိုးဒယားဘက်ကသွင်းတာ။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး။ ကိုယ်စားလှယ် လိုချင်ရင် ယူလို့ရပါတယ်။ ရာခိုင်နှုန်းနဲ့ လျှော့ပေးလို့တော့ ရပါတယ်””ဟုကို ဖုန်းမင်းခန့် ဆိုသူက ဆိုသည်။

မြန်မာနိုင်ငံသို့တရားဝင် တင်သွင်းခွင့် မရရှိထားသော ဆေးဝါးများအား ဖျက်ဆီးနိုင်ကြောင်းကို ““အွန်လိုင်း ပေါ်ကတော့ ဘယ်လိုလုပ် အရေးယူမလဲ။ ဥပဒေနဲ့မညီဘူး။ တရားဝင် ထုတ်လုပ်တဲ့ ဆေးဝါး မဟုတ်ဘူးဆိုရင် ဥပဒေနဲ့အရ ယူလို့ရတာပေါ့။ ရဲတပ်ဖွဲ့ဆိုတာတော့ ဥပဒေနဲ့မညီရင် အရေးယူတာပေါ့။ တရားဝင် တင်သွင်းတဲ့ ဆေးဝါးမဟုတ်ရင် ဆေးဝါးဥပဒေနဲ့ အရေးယူလို့ရတယ်””ဟု ရန်ကုန်တိုင်းဒေသကြီး တပ်ဖွဲ့အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။

ယခုအခါ လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်၌ ကာမစိတ်ကြွစေသည့် တရားမ၀င် ဆေးဝါးများ ရောင်းဝယ်မှုမှာ ယခင်ကထက် များပြားလျက် ရှိသော်လည်း ယင်းနှင့်ပတ်သက်၍ ဖမ်းဆီးမိသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment