ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရတပ်နဲ့ ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ခဲ့ ရပြီးနောက် လူထုဟာ မြို့ကို စွန့်ခွာထွက်ပြေး နေကြပါတယ်။
ထောင်သောင်းချီတဲ့ မြို့ကိုစွန့်ခွာသူတွေဟာ လေးမိုင်အကွာက တရုတ်နိုင်ငံတွင်း ၀င်ရောက်ခိုလှုံကြသလို ကျန်သူတွေက မိုင် ၁၀၀ ကျာ်ဝေးတဲ့ လားရှိုးမြို့ဘက်ကို ကုန်းကြောင်း ထွက်ခွာနေကြပါတယ်။
တိုက်ပွဲကြောင့် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ မောက်ထိုက်မြို့နယ်တွေက ကျောင်း တွေကို ပိတ်ခဲ့ရပြီး ပညာရေးဝန်ထမ်း ၃၀၀ ခန့်ဟာလည်း လားရှိုးမြို့ကို တိမ်းရှောင်ခိုလှုံ ရောက်ရှိနေကြပါတယ်။
လားရှိုးမြို့မှာ မန်စီဘုန်းကြီးကျောင်းနဲ့ အထက ၁ ကျောင်းတွေမှာ ရာနဲ့ချီတဲ့ တိမ်းရှောင်လာ သူတွေကို နေရာချထားပါတယ်။ အထက ၁ ကျောင်းမှာ ခိုလှုံတဲ့ လောက်ကိုင်မြို့နယ် ပညာရေးမှူး ဦးသန်းဝင်းကို မေးမြန်းထားပါတယ်။
လောက်ကိုင်မြို့နယ် ပညာရေးမှူးလားခင်ဗျာ။
“ကျနော့်နာမည် ဦးသန်းဝင်းပါ။ လောက်ကိုင်မြို့နယ်ပညာရေးမှူးပါခင်ဗျ။”
လောက်ကိုင်မှာ ဘယ်နေ့ကစပြီး ဘာတွေ စဖြစ်တယ်ဆိုတာကို တကယ့်ဖြစ်ရပ်အခြေအနေလေးကို ပြောပြပါ။
“ကျနော်တို့သိသလောက်ကတော့ ၇ ရက်နေ့လောက်ကတည်းက နည်းနည်းလေး အခြေအနေမကောင်းဘူးခင်ဗျ။ ကျနော်တို့ ၈ ရက်နေ့မှာ လောက်ကိုင်မြို့ အနောက်bက် တာရွှေထန်နားမှာ သူတို့ တိုက်ခိုက်မှုရှိတယ်ပေါ့ဗျာ။ နောက် ၉ ရက်နေ့မှာလည်းပဲ ဖြစ်တယ်။ တာ့ရေရှူးနားမှာလည်းဖြစ်တယ် တရက်၊ တာရွှေထန်နားမှာလည်းဖြစ်ကြတယ်။ ၁၀ ရက်နေ့ညကျတော့ လောက်ကိုင်မြို့ထဲမှာ ဦးစီးရုံးဘက်ကို ပစ်ခတ်တယ်ပေါ့။ အဲဒီနားနှစ်ခုက နည်းနည်းပြင်းထန်တယ်။ ကျနော်တို့ ဟိုနား၊ ဒီနားရွှေ့ ပုန်းလျှိုးပြီးနေကြရတယ်။ ၁၁ ရက်နေ့ကျတော့ အခြေအနေက သိပ်မကောင်းဘူး၊ မလွယ်ဘူးဆိုပြီးတော့ ၀န်ထမ်းတော်တော်များများရော၊ ဗမာများရော လမ်းပြင်သမား၊ ကြံခုတ်သမားအားလုံးလိုလို အောက်ကို ဆင်းလာကြတော့တာပေါ့။ ကားနဲ့ဆင်းလာတယ်၊ ဆိုင်ကယ်နဲ့ဆင်းလာတယ်။ တချို့လည်း ကားမရလို့ ခြေလျင်လျှောက်ပြီးဆင်းလာကြတယ်။ ၁၁ ရက်နေ့မှာ ဆင်းလာကြတာ။ ၁၀ ရက်နေ့မှာ ပြင်းပြင်းထန်ထန်ဖြစ်တာ။
မြို့ထဲမှာကို တိုက်ပွဲတွေက ပြင်းထန်တာလား။
“မြို့ထဲမှာ ပြင်းထန်တယ်ဆိုတာက အများကြီးတော့မဟုတ်ပါဘူး။ ပြောက်ကျားပေါ့။ ဒကစ ကိုလည်း ပြောက်ကျားခြိမ်းခြောက်တယ်။ ဦးစီးရုံးကိုလည်း ပြောက်ကျားခြိမ်းခြောက်တယ်။ အဲဒီမှာ တချို့ သေကြ ပျောက်ကြတယ်လို့ ပြောတယ်ခင်ဗျ။”
ဒီရုတ်တရက်ဖြစ်ပွားတဲ့တိုက်ပွဲမှာ အသေအပျောက်က တော်တော်လေးများတယ်၊ ထိခိုက်တယ်လို့ ကြားရပါတယ်။ ထိခိုက်သေဆုံးဒဏ်ရာရတာ ၇၀ လောက်ထိဖြစ်တယ်လို့လေ။ အဲဒီကိန်းဂဏန်းတွေက ဘယ်လောက်မှန်ကန်နီးစပ်သလဲ။
“ညတုန်းက (၁၁ ရက်နေ့ည) တုန်းက အနေအထားကို ကျနော်စုံအောင် မသိဘူးခင်ဗျ။ ၁၀ ရက်နေ့ညကတော့ ဦးစီးရုံးဘက်က သူတို့ ဦးစီးလူကြီးများကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်သူ့ရဲထဲက ၆ ယောက်ဆုံးတယ်လို့ သိရတယ်ခင်ဗျ။ ၁ ယောက်ဒဏ်ရာရတယ်။ ဒကစ ဘက်မှာတော့ သေတယ်လို့ မကြားပါဘူး။”
လောက်ကိုင်မှာ ဘယ်လိုပုဂ္ဂိုလ်တွေ အလုပ်လုပ်ကြလဲ။ ဗမာတွေများလား၊ တရုတ်တွေများလား၊ ကိုးကန့်တွေများလား၊ လောက်ကိုင်အခြေအနေကို ပြောပြပါလာ။
“ဌာနဆိုင်ရာမှာတော့ ကိုးကန့်ဦးစီးရုံးဆိုတာကတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့ကိုးကန့်လူမျိုးတ၀က်နဲ့ ကျနော်တို့ မြန်မာတိုင်းရင်းသား တ၀က်လို့ ပြောရမှာပဲ ဦးစီးရုံးမှာ အလုပ်လုပ်ကြတာ။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့ ဆိုပြီးဖွဲ့ထားတာဗျ။ အဲဒီထဲမှာ ကိုးကန့်တ၀က်၊ မြန်မာတိုင်းရင်းသားတ၀က် အလုပ်လုပ်ကြတာပေါ့။ ကိုးကန့်ဦးစီးအဖွဲ့က သူက ကိုးကန့်ဒေသမှာ အာဏာပိုင်အဖွဲ့ အမြင့်ဆုံးပေါ့လေ။ ခယကလည်း ပါမယ်၊ မယကလည်း ပါမယ် အဖွဲ့ဝင်တွေပေါ့။”
အုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်တွေ ဒီဖြစ်ရပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ထိခိုက်သေဆုံးတာဖြစ်ခဲ့လား။
“အဲဒါတွေ မဖြစ်ပါဘူး။ သူတို့ကို ကာကွယ်ထားတဲ့ နယ်ခြားစောင့်တပ်လို့ပြောတဲ့ ပြည်သူ့ရဲထဲက ၇ ယောက်၊ ၆ ယောက်ဆုံး။ ၁ ယောက်ဒဏ်ရာရတယ် ၁၀ ရက်နေ့ညမှာ။အဲဒါပြီးရင် နောက်တနေ့မှာ ခယက၊ မယက ရုံးက စာရေး၊ မြေပြန့်က စာရေးတော်တော်များများ ပြန်သွားကြတယ်ပေါ့ခင်ဗျာ။”
အခု လောက်ကိုင်မြို့ကို ဘယ်လိုစီမံထားကြသလဲ။ ကျနော်တို့ကြားတာက သောင်းနဲ့ချီတဲ့ လူတွေ မြို့ကို စွန့်ခွာခဲ့ကြတယ်လို့ ကြားပါတယ်။
“အဲဒီလောက်ထိတော့ မကြားဘူးဗျ။ ၁၁ ရက်နေ့အထိတော့ ကျနော်တို့လည်းပဲ ပညာရေးက ဆရာ၊ ဆရာမလေးတွေလည်း ကြောက်လန့်ပြီးတော့ လားရှိုးဘက်ကို ဆင်းလာကြတော့တာပဲ။ ညတုန်းကအကြောင်းတော့ ကျနော်တို့ ကောင်းကောင်းမသိရဘူး။ ညတုန်းက (၁၁ ရက်ည) တုန်းကလည်း ဖြစ်တယ်တော့ ကြားတယ်။”
လောက်ကိုင်မြို့မှာ လူတွေ ဘယ်လောက်လောက်နေထိုင်ကြသလဲ။ တိုက်ပွဲတွေဖြစ်တော့ သူတို့က ဘယ်တွေကို သွားကြလဲ။
“အဲဒီမှာ တိုက်ပွဲဖြစ်ကာနီးလေးမှာ ကိုးကန့်တရုတ်တွေကတော့ တရုတ်ပြည်ကို အတော်များများ ထွက်သွားကြပြီ။ မရှိကြတော့ဘူး။ သူတို့ရဲ့ အခန်းတွေကို ပိတ်ပြီးသွားကြတာ။ ကျနော်တို့ဗမာတွေကလည်း ၁၀ ရက်နေ့ည နည်းနည်းပြင်းထန်ပြီးတဲ့အခါ မြေပြန့်ကို ဆင်းလာကြတော့တာပေါ့လေ။ သက်ရှိ မကျန်ခဲ့သလောက်ပဲဖြစ်နေတယ်။”
လောက်ကိုင်က တရုတ်နယ်စပ်နဲ့ ၄ မိုင်လောက်ပဲကွာတယ်နော်၊ လားရှိုးနဲ့ကျတော့ ဘယ်လောက်လာခဲ့ရလဲ။
“လားရှိုးနဲ့လောက်ကိုင် မိုင် ၁၂၀ လောက်ဝေးတယ်ခင်ဗျ။”
လောက်ကိုင်မှာ ကိုးကန့်တွေများလား၊ မြန်မာတွေများလား။
“ကိုးကန့်တွေများပါတယ်ခင်ဗျ။”
ဆရာက ပညာရေးမှူးဆိုတော့ ကျောင်းတွေရဲ့ အခြေအနေက ဘယ်လိုဖြစ်သွားလဲခင်ဗျ။ စာမေးပွဲတွေလည်း နီးနေပြီဆိုတော့ ဆရာတို့ ဘယ်လိုစီမံခန့်ခွဲထားခဲ့သလဲ။
“စာမေးပွဲတွေက ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၄ တန်းနဲ့ ၈ တန်း စစ်မှာဆိုတော့ အဲဒီမှာ တကယ်လို့ စစ်ပွဲပြီးသွားရင်လည်း ဒီအတိုင်းစစ်မှာပါခင်ဗျ။ မပြီးသေးရင်လည်း ကျနော်တို့က ပြန်ပြီးမေးခွန်းထုတ်ပြီး ပြန်စစ်ကြရမှာပါခင်ဗျ။”
လောက်ကိုင်မှာ ဘယ်နှတန်းလောက်ထိ ကျောင်းဖွင့်ထားလဲ။ ၉ တန်း၊ ၁၀ တန်း ထိဖွင့်ထားလား။
“၁၀ တန်းအထိ အထက်တန်းကျောင်းချည်း ၄ ကျောင်းရှိတယ်ခင်ဗျ။”
လောက်ကိုင်ကနေ ထွက်ပြေးလာသူတွေဟာ လာရှိုးမြို့က မန်စီဘုန်းတော်ကြီးကျောင်းနဲ့ အထက ၁ ကျောင်းတွေမှာ နေရာချထားတယ်လို့ သိရပါတယ်။ ဆရာက ဘယ်မှာလဲ။
“ကျနော်တို့က အထက ၁ မှာပါ။”
အထက ၁ မှာ ဘယ်လောက်လောက်ရှိနေပြီလဲ။
“အထက ၁ မှာက ကုန်းကြမ်းမြို့နယ်နဲ့ လောက်ကိုင်မြို့နယ်က အခက်အခဲဖြစ်လို့လာတဲ့ ပညာရေးဝန်ထမ်းအားလုံး ၁၅၀ ခန့်ရှိပါတယ်ခင်ဗျ။”
ကျန်တဲ့ဒုက္ခသည်တွေကရောဆရာ။
“လားရှိုးမြို့ခံ ဆရာ၊ ဆရာမတွေလည်း ပါတယ်ခင်ဗျ။ အဲဒါတွေရောဆိုရင်တော့ ၃၀၀ လောက်ရှိမယ်ထင်တယ်။ သူတို့ကတော့ မြို့ထဲမှာ သူ့အိမ်၊ ကိုယ့်အိမ်မှာပဲ နေကြပါတယ်။”
ဆရာတို့ လာတဲ့ခရီးလမ်းမှာ လမ်းလျောက်လာတဲ့လူက ထောင်သောင်းချီရှိတယ်လို့ကြားတယ်။ တွေ့ခဲ့လား။
“သူတို့က ကားမရှိလို့ လမ်းလျှောက်လာတာပါ။ ကြံခုတ်သမားတွေပါ။ များပါတယ် ထောင်ချီရှိမှာပါ။ ကြံခုတ်အလုပ်လုပ်တာ လူများတယ်၊ ကားမရှိလို့ပါ။”
By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/81292
No comments:
Post a Comment