Tuesday, February 10, 2015

သပိတ်မှောက်ကျောင်းသား များ မော်လမြိုင် တက္ကသိုလ် ဝင်ခွင့်မရ

မော်လမြိုင်၊ ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့က မော်လမြိုင် မြို့တွင်း မှာ ချီတက်နေကြစဉ် / Photo: ကျောင်းသားသမဂ္ဂသတင်းလွှာ Facebook
မော်လမြိုင်နဲ့ ထားဝယ်တို့က အမျိုးသား ပညာရေး ဥပဒေ ကို သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်း သူတွေကို မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာ ဌေးအောင်က မော်လမြိုင် တက္ကသိုလ် ကျောင်းဝင်း ထဲကို ဝင်ရောက် ဟောပြောခွင့် မပေးဘူးလို့ သိရပါ တယ်။
အမျိုးသား ပညာရေး ဥပဒေဟာ ပြီးပြည့်စုံတဲ့ ဥပဒေဖြစ် တာကြောင့် ကျောင်းသား ကျောင်းသူတွေက ကန့်ကွက် တာကို လက်မခံကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ကပြောတယ်လို့ ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့က ကိုမင်းလွင်ဦး က ပြောပါတယ်။

"ကျနော်တို့ မော်လမြိုင်တက္ကသိုလ်မှာ ဝင်ခွင့်တောင်းတော့ ဝင်ခွင့်မပေးဘူးဗျ၊ မော်လမြိုင် တက္ကသိုလ် ပါချုပ်ကပြောလိုက်တာ ဒီအမျိုးသား ပညာရေးဥပဒေက ခိုင်ခိုင်မာမာရှိတယ်ပေါ့ ၊ ကောင်းမွန်တယ်ပေါ့၊ ကျောင်းသားပြည်သူတွေကို ကိုယ်စားပြုထားတယ်ပေါ့၊ အဲ့လိုပြောတယ်၊ ဒါနဲ့ကျနော်တို့က ပြန်မေးတယ်၊ ဘယ်အချက်တွေက ခိုင်မာလဲပေါ့၊ အဲ့ဒါကို သူပြန်မဖြေဘူးဗျ"

ထားဝယ်နဲ့ မော်လမြိုင်က ကျောင်းသား ၅ဝ ကျော်ဟာ မော်လမြိုင်မြို့ထဲမှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့ကနေ ခရီးစတင်ထွက်လာတဲ့ ပင်မသပိတ်ကြောင်းဟာ ပြည်မြို့က ရွှေပေါက်ကံ ဘုန်းကြီးကျောင်းမှာ ဒီညရပ်နားကြမှာဖြစ်ပြီး ပခုက္ကူနဲ့ မုံရွာဘက်ကချီတက်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေကတော့  မကွေးမြို့မှာ ညအိပ်မှာဖြစ်ပါတယ်။

အလားတူပဲ  ဧရာဝတီတိုင်းဒေသကြီးက သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေဟာ ဒီိနေ့ မအူပင်မြို့ထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/boycott-students-not-allow-enter-mawlamyine-university-02092015111715.html

No comments:

Post a Comment