Friday, February 27, 2015

လေးပွင့်ဆိုင် သဘောတူညီချက်များအား အစိုးရက ဖောက်ဖျက်နေကြောင်း ပညာရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာပို့


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အစိုးရက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်များအား အစိုးရက ဖောက်ဖျက်သော လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) တို့က ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ ထံသို့ ဖေဖော်ဝါရီလ ၂၁ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၂ရက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၄ ရက်က လေးပွင့်ဆိုင် ဆွေးနွေးပွဲ၌ ပညာရေးဝန်ကြီးဌာန၏ မူကြမ်းကို ရုပ်သိမ်းခဲ့ပြီး NNER ၏ မူကြမ်းကို လေးပွင့်ဆိုင် သဘောတူညီချက်အဖြစ် လွှတ်တော်သို့ တင်သွင်းရန် ဆုံးဖြတ်ခဲ့သော်လည်း ပညာရေး ၀န်ကြီးဌာန၏ မူကြမ်းကို ဖေဖော်ဝါရီ ၁၉ ရက်ထုတ် အစိုးရသတင်းစာ များ၌ ဖော်ပြခဲ့ခြင်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့က ၎င်းတို့၏ ဖေ့ဘွတ်စာမျက်နှာ၌ ကျောင်းသားများ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများကို ထိခိုက်စေသော သုံးသပ်ချက်များ ရေးသားနေခြင်း၊ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များက ရပ်နားထားသော သပိတ်စစ်ကြောင်းများကို ဖိအားပေးရန် လူအင်အား စုဆောင်းမှုများ ပြုလုပ် နေခြင်းတို့ကြောင့် ယခုကဲ့သို့ အိတ်ဖွင့်ပေးစာပေးပို့ခြင်း ဖြစ်သည်။

““လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းရေးက နိုင်ငံတော်အဆင့်။ ဘာလို့ နိုင်ငံတော်အဆင့်လို့ သတ်မှတ်လဲဆိုတော့ ကျွန်တော်တို့ဆိုတာလည်း ကျောင်းသားသပိတ်တွေကို ဦးဆောင်တဲ့သူတွေ၊ NNER ဆိုတာလည်း တစ်နိုင်ငံလုံး နီးပါးပညာရေး ကွန်ရက်တွေနဲ့ ချိတ်ခဲ့တာပဲ။ တွေ့ဆုံတဲ့ အပိုင်းမှာ သမ္မတရုံးဝန်ကြီး အဆင့်ရှိသူတွေ ပါတယ်။ ပညာရေးဝန်ကြီးဌာန ၀န်ကြီး၊ ဒုဝန်ကြီးပါတယ်။ လွှတ်တော်ဆိုလည်း ဥပဒေကြမ်း ကော်မတီပါတယ်။ ဒီသဘောထား ထုတ်ပြန်ချက်တွေဟာ နိုင်ငံတော်အဆင့် သဘောထား ထုတ်ပြန်ချက်မို့လို့ ဒီဟာကို အကောင် အထည်ဖော်နေတဲ့ လက်ရှိဝန်ထမ်းတွေ အကုန်လုံးက လိုက်နာသင့်တယ်။ ပညာရေးဝန်ထမ်းတွေ၊ ပြန်ကြားရေး တာဝန်ယူထားတဲ့သူတွေ၊ ဒါကို လိုက်မနာဘဲ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေတာက လူကြီး လက်နဲ့ ရေး တာကို ခြေနဲ့ဖျက်တယ်လို့ မြင် တယ်”” ဟု ဒီမိုကရေစီပညာရေး ဦးဆောင် လှုပ်ရှားမှုကော်မတီမှ ကိုပိုင်ရဲသုက သုံးသပ် ပြောကြားသည်။

တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်စဉ် ကျောင်းသားသပိတ် စစ်ကြောင်းများအား ယာယီရပ်ဆိုင်း ထားသော်လည်း အချို့သော တက္ကသိုလ်များ ၌ ပါမောက္ခချုပ်များ ဦးဆောင်ကာ သပိတ်မှောက် ကျောင်းသားများအား ဆန့်ကျင်သော တန်ပြန်သပိတ်များ ပြုလုပ်လျက်ရှိ သည်။ လေးပွင့်ဆိုင် ဆွေးနွေးစဉ် သဘောတူညီခဲ့သော အကြိုသဘောတူညီချက် ၉ ချက်တွင် သပိတ်မှောက် ကျောင်းသားများနှင့် သပိတ်ကို ပံ့ပိုးကူညီသူများအား အရေးယူခြင်း မပြုရန် သဘောတူညီ ခဲ့သော်လည်း အစိုးရ၏ ၅/၂၀၁၅ ကြေငြာချက်တွင် ရန်ကုန်မြို့သို့ သပိတ်စစ်ကြောင်းများ ၀င်ရောက်လာပါက ဥပဒေအရ အရေးယူမည်ဟု ကြေညာထားသည်။

““လေးပွင့်ဆိုင် ဆွေးနွေးပွဲ တစ်လျှောက်လုံး ကျွန်တော်တို့ တွေ့ရသလောက် က သူတို့ကဆွေးနွေး အဖြေရှာချင်တဲ့ သဘောမဟုတ်ဘဲနဲ့ သပိတ်တွေလှန်သွားဖို့၊ ရပ်သွားဖို့ ဆွေးနွေးပွဲထဲမှာ ထပ်ကာ တစ်လဲလဲ တောင်း ဆိုလေ့ရှိတယ်။ ကျွန်တော်တို့တွေ သပိတ်ရပ်နားလည်း ရပ်နားရော တောက်လျှောက် အချက်တွေ ချိုးဖောက်လာရော။ ဒါအစိုးရ တစ်ရပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျနဲ့ ပြန်ဖျက်ဆီးနေတာ””ဟု ဒီမိုကရေစီ ဦးဆောင် လှုပ်ရှားမှု ကော်မတီဝင် ကိုအောင်မှိုင်းဆန်းက ပြောသည်။

ထို့ပြင် လေးပွင့်ဆိုင်၌ သဘောတူညီချက်ဖြင့် အတည်ပြုထားသော ဥပဒေ မူကြမ်းကိုလည်း နိုင်ငံပိုင် သတင်းစာများက NNER ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှုကော်မတီ မှ ကျောင်းသား ကိုယ်စားလှယ်များကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်း တို့ ရေးဆွဲ လက်မှတ်ထိုးထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း””ဟု ဖော်ပြခဲ့ပြီး တက္ကသိုလ်အချို့မှ အဆိုပါမူကြမ်းအား ကန့်ကွက်သော ထုတ်ပြန်ချက်များ ထုတ်ပြန်လာမှုအပေါ် ““ဒါ ပြန်ကြား ရေးနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ဒီအပိုင်းမှာ သေချာပေါက် လက်ဝါးခြင်းရိုက်ထားတဲ့ သဘောရှိတယ်””ဟု ကိုအောင်မှိုင်းဆန်းက သုံးသပ် ပြောဆိုသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment