ပေါ်တာအဖြစ် ခိုင်းစေခံရသူများ (၂၀၁၁ ခုနှစ် ဇန်န၀ါရီ၊ ကရင်ပြည်နယ်အတွင်းတနေရာ) |
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲမှာ
ရွာသားပိုင် အိမ်မွေး တိရစ္ဆာန်တွေကို အဓမ္မ ယူဆောင်ခဲ့ပြီးနောက်
နယ်မြေအခြေစိုက် အစိုးရတပ်က လာရောက် လျော်ကြေး ပေးသွားတယ်လို့
မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။
တာမိုးညဲမြို့နယ်ခွဲ ရပ်ကွက် ၈ မှာနေထိုင်သူ ဦးဖုန်ဝင်ရှိရဲ့အိမ်က ကြက် ၄ ကောင်၊ ဘဲ ၂ ကောင်နဲ့ ၀က် ၁ ကောင်ကို အစိုးရစစ်သား ၄ ဦးက အဓမ္မယူသွားကြောင်း ပြီးခဲ့တဲ့ ၂၆ ရက်နေ့ ညက လာရောက်တိုင်တန်းခဲ့တဲ့အတွက် စစ်တပ်ကို အကြောင်းကြားခဲ့တာလို့ တာမိုးညဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနှစ်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွာသားတွေက စစ်တပ်ကလုပ်တယ်ပြောလို့ ကျနော်ကလည်း ၂၉၀ တပ်ရင်းကို အကြောင်းကြားပေးလိုက်တာပါ။ တပ်တာဝန်ရှိသူတွေက အဲဒီအိမ်ကို ရောက်လာပြီး ၀က် ၁ ကောင်ရဲ့ တန်ဖိုး လျော်ပေးခဲ့တယ်။ ဒါပေမယ့် တရားခံဘယ်သူလဲ ဆိုတာတော့ မသိဘူးလို့ပြောတယ်။ ဗမာစကားပြောရုံနဲ့ စစ်တပ်လို့ စွပ်စွဲလို့ မရဘူး။ အလျော်ပေးတာကတော့ စစ်တပ်နာမည်ပျက်မှာစိုးလို့၊ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်မှာစိုးလို့ လျော်ပေးလိုက်တာလို့ ပြောတယ်ခင်ဗျ။ တရားခံအစစ် ဘယ်သူဘယ်ဝါ ဆိုတာတော့ စုံစမ်းနေတုန်းပဲ။”
အမည်မဖော်လိုသူ ရွာသားတဦးကတော့ အိမ်ခြေနည်းနည်းပဲရှိတဲ့ သူတို့ရွာမှာ အားလုံးသိကြကြောင်း၊ စစ်သား ၄ ဦးက ကြက် ၄ ကောင်၊ ဘဲ ၂ ကောင်ကို အရင်ယူပြီး ၀က်ကို ဓားနဲ့ထိုးနေတုန်း အိမ်ရှင်က ၀င်တားလိုက်တာလို့ ပြောပါတယ်။
ဝက်က မသေပေမယ့် စစ်တပ်တာဝန်ရှိသူတွေကတော့ အိမ်ရှင်ကို ကျပ်ငွေ ၅ သောင်း ၅ ထောင်လာပေးပြီး ကျေအေးဖို့ပြောသွားတယ်လို့ ဒေသခံရွာသားက ပြောပါတယ်။
အရင်ကလည်း တာမိုးညဲက ကျေးရွာတွေမှာ စစ်သားတွေက ရွာသားပိုင် အိမ်မွေးတိရစ္ဆာန်တွေ ယူငင်သွားတာရှိပေမယ့် လျော်ကြေးကတော့ ဒီတခေါက်မှရဖူးတာလို့ ဒေသခံက ပြောပါတယ်။
By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/79145

No comments:
Post a Comment