Monday, January 26, 2015

နယ်စပ်မှ တရားမ၀င် ဆေးဝါးများနှင့် ဆေးဝါးအတုများ ၀င်ရောက်နေမှုကြောင့် ပြည်သူများ၏ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုများ ရှိနေ


ရန်ကုန် ၊ ၂၆-၁-၂၀၁၅

နယ်စပ်မှ တရားမဝင် တင်သွင်းလာသော ဆေးဝါးများနှင့် ဆေးဝါးအတုများ ဝင်ရောက် နေမှုကြောင့် ပြည်တွင်းရှိ ဆေးဆိုင်များတွင် သာမက နေရာအနှံ့သို့ ရောက်ရှိ နေနိုင်ပြီး ပြည်သူများ၏ ကျန်းမာရေး အတွက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဆေးကုန်သည် များက ပြောသည်။
တရားမဝင် မှောင်ခိုဈေးကွက်မှ တင်သွင်း လာသည့် ဆေးဝါးများမှာ အခွန်အခ ပေးဆောင် ရခြင်း မရှိသည့် အတွက် တရားဝင် တင်သွင်း ထားသော ဆေးဝါးများထက် ဈေးနှုန်း ချိုသာပြီး ဈေးကွက်အတွင်း ဈေးနှုန်း ကွာဟမှုကြောင့် တရားဝင် တင်သွင်း ထားသော ဆေးဝါးများမှာ ဈေးကွက် ယှဉ်ပြိုင်ရန်လည်း အခက်အခဲ ရှိနေကြောင်း ဆေးကုန်သည် များက ပြောသည်။

အရည်အသွေး မမီသည့် ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများကို သောက်သုံး သူများမှာ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ဆေးယဉ်ပါးမှု၊ နာတာရှည် ရောဂါ ဖြစ်မှုများ ကြုံတွေ့နိုင်ပြီး တရားမဝင် ဆေးဝါး များနှင့် ဆေးဝါးအတု များကြောင့် သုံးစွဲသူများ အန္တရာယ် မဖြစ်ပွားနိုင် စေရန် မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန(FDA) မှ စစ်ဆေးမှုများ အဆက်မပြတ် လုပ်ဆောင်သင့်ပြီး သောက်ဆေး များနှင့် ပတ်သက်၍ အများ ပြည်သူများ လွဲမှားစွာ မသုံးစွဲမိ စေရေး အနောက်တိုင်း ဆေးညွှန်းများ ကို မြန်မာဘာသာဖြင့် ဖြန့်ဖြူး ရောင်းချနိုင်ရန် မူဝါဒ ချမှတ် ဆောင်ရွက် သင့်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ထောက်ပြ ပြောကြားသည်။

ပြည်တွင်း ဈေးကွက် အတွင်းရှိ ဆေးဆိုင်များတွင် တရားဝင် ဆေးဝါးများ သာမက ဆေးဝါးအတု များလည်း ရောက်ရှိနေနိုင် သဖြင့် ဆေးဝါးအတု များကို ဆရာဝန် ကိုယ်တိုင်က စစ်ဆေးမှ သာလျှင် သိနိုင်မည် ဖြစ်သည်။ အချို့ ဆေးဝါးများသည် ဆရာဝန်ပင် မသိနိုင်ဘဲ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) ၏ ဓာတ်ခွဲခန်းတွင် စစ်ဆေးမှသာ သိရှိနိုင်မည် ဖြစ်သည်။

အနောက်တိုင်း ဆေးဝါးများ တရားမဝင် တင်သွင်းခြင်းနှင့် ဆေးဝါးတုများ ဈေးကွက်အတွင်း ပျံ့နှံ့နေခြင်းကို ထိန်းချုပ် နိုင်ရန် မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ် ကဲရေးဌာန (FDA) အနေဖြင့် ယခုထက် ပိုမို ထိရောက်စွာ လုပ်ဆောင် သင့်ကြောင်း ဆေးဝါး ရောင်းချနေသူ တစ်ဦးက ပြောသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2015/01/blog-post_635.html

No comments:

Post a Comment