Tuesday, February 3, 2015

နှဖူးကွဲသည်အထိ လက်သီးဖြင့်အထိုးခံရ၍ တရားစွဲသည့်အမျိုးသမီး ပုဒ်မ ၃ ခုဖြင် ပြန်လည်တရားစွဲခံရ

နှဖူးကွဲသည်အထိ လက်သီးဖြင့် အထိုးခံရသူ ဒေါ်စီစီအောင်
ဖေဖော်ဝါရီ ၃ (ငပုတော)

နဖူးကွဲသည်အထိ လက်သီးဖြင့် အထိုးခံရသည့် အတွက် မိမိအား ရန်ပြု တိုက်ခိုက်ခဲ့သူကို ငပုတောမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည့် အမျိုးသမီးတဦးမှာ နာကျင်စေမှု၊ ဆဲဆိုမှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် ပြန်လည်တရားစွဲဆို ခံနေရကြောင်း သစ်ထူးလွင်မှ သတင်းရရှိသည်။ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်မှ ဆားတောင်သူ ဒေါ်စီစီအောင်အား ၎င်း၏ လယ်နီးချင်း ဖြစ်သူ ဦးသိန်းနိုင်မှ ဆဲဆိုပြီး လက်သီးဖြင့်ထိုးသည့်အတွက် မျက်နှာတွင် နဖူးကွဲဒဏ်ရာ၊ ဖူးယောင် ဒဏ်ရာများ ရရှိခဲ့သည်ဟုဆိုကာ ဒေါ်စီစီအောင်က ဦးသိန်းနိုင်အား ဟိုင်းကြီးကျွန်းမြို့မရဲစခန်းတွင် ၂၀၁၂ ခုနှစ်က အမှုဖွင့်ခဲ့သည်။

ဟိုင်းကြီးကျွန်းရဲစခန်းက အမှုတည်ဆောက်ပြီးနောက် ငပုတောတရားရုံးသို့တင်ပို့ခဲ့ရာ ယင်းအမှုကို
တရားရုံးက လက်ခံကြားနာခဲ့သည်။

ယင်းအမှုအား ၂ နှစ်ကျော် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ငပုတောမြို့နယ် တရားသူကြီး ဒေါ်အေးအေးသွယ်က စွဲချက်အမိန့်ချမှတ်ခဲ့ရာတွင် ဒေါ်စီစီအောင်မှ ဦးသိန်းနိုင်ကို ဆွဲဆိုသည့်ပုဒ်မများကို အတည်ပြုပေးခဲ့သလို ဦးသိန်းနိုင်က ဒေါ်စီစီအောင်ကို ပြန်လည်စွဲဆိုသည့်ပုဒ်မများကိုလည်း အတည်ပြုပေးခဲ့ရာ နဖူးကွဲဒဏ်ရာများ ရရှိခဲ့သူ ဒေါ်စီစီအောင်မှာ ပုဒ်မ ၃၅၂ (နာကျင်စေမှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု)နှင့် ၂၉၄ (ဆဲဆိုမှု) တို့ဖြင့် ပြန်လည် တရားစွဲဆို ခံနေရကြောင်း သိရသည်။

“အဲဒီနေ့က ကျွန်မတို့က ကိုယ့်ဆားကွင်းကို အလုပ်သမားတွေနဲ့ ၀ိုင်းပြီး ပြုပြင်နေတယ်။ အဲဒီအချိန်မှာ ဦးသိန်းနိုင်နဲ့ သူ့တပည့်တွေက ရန်စပြီးတော့ ကျွန်မကိုယ်ပေါ်ကို ခွပြီးတော့ လက်သီးနဲ့ဝင်ထိုးတယ်၊ သမှဲ့သား တုတ်နဲ့လည်း ရိုက်တယ်။ ကျွန်မမျက်ခုံးနှစ်ခုကြား နဖူးကွဲသွားတယ်။ မျက်နှာတွေလည်း ဖူးယောင် ကုန်တယ်။ နဖူးကဒဏ်ရာက ၂ ချက် ချုပ်ခဲ့ရတယ်။ အဲဒါကို မကျေနပ်လို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ။ အခုကျတော့ ကျွန်မမှာ လက်သီးနဲ့လည်း အထိုးခံရ သေးတယ်။ တရားပြန်စွဲတာလည်း ခံနေရတယ်”

“မြို့နယ် တရားသူကြီးဆုံးဖြတ်ချက်အပေါ်မှာတော့ ဘာမှ ထင်မြင်ချက်မပေးလိုဘူး။ ဒါပေမယ့် ကိုယ့်အပေါ် နာကျင်ဒဏ်ရာရအောင်၊ ကာယအိနြေ္ဒပျက်စီးအောင် လုပ်ခဲ့တာကို မကျေနပ်လို့ တရားဥပဒေရှေ့မှောက်မှာ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီးတော့ လာရောက်ရင်ဆိုင်တာ ဖြစ်ပါတယ်။

ကျွန်မမှာ အားကိုးစရာဆိုလို့ တရားဥပဒေပဲရှိတယ်။ ရုံးတော်အနေနဲ့  ဥပဒေနဲ့အညီ တရားမျှတစွာ စီရင်ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဒေါ်စီစီအောင်က သစ်ထူးလွင်ကို ပြောသည်။

ငပုတောမြို့နယ်တရားသူကြီး ဒေါ်အေးအေးသွယ်၏စွဲချက်အမိန့်အပေါ် မကျေနပ်သည့်အတွက် ဒေါ်စီစီအောင်ဘက်မှ ပုသိမ်ခရိုင်တရားရုံးသို့ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အယူခံတက်ထားကြောင်း သိရသည်။

ဦးသိန်းနိုင်အပေါ်စွဲဆိုထားသည့်အမှုများကို ကျေအေးလိုက်ပါဟု ငပုတောမြို့နယ် တရားသူကြီးမှ တိုက်တွန်းမှုများရှိခဲ့ကြောင်း ဒေါ်စီစီအောင်က ပြောသည်။

“ဒီအမှုက ၂ ဦးစလုံးမှာ အပြစ်ရှိနေတယ်ပေါ့လေ။ ပြစ်ဒဏ်ချမယ်ဆိုလည်း အတူတူပဲ ချရမယ်၊ ဒါကြောင့် နင်တို့တွေ ကျေအေးမယ်ဆိုလည်း ကျေအေးလိုက်ကြဆိုပြီး တရားသူကြီးက ကျွန်မကို ပြောတယ်။ ကျွန်မကတော့ ကိုယ့်ကို နဖူးကွဲတဲ့အထိ လက်သီးနဲ့အထိုးခံထားရတဲ့အတွက် ဒီလောက် ခံထားရတာ ကျေအေးပေးဖို့တော့မရှိဘူးလို့ တရားသူကြီးကို ပြန်တင်ပြခဲ့တယ်”ဟု ဒေါ်စီစီအောင်က ပြောသည်။

အဆိုပါအမှုတွင် တရားလို ဒေါ်စီစီအောင်ဘက်မှ လယ်ယာမြေအမှုများ အခမဲ့ရှေ့နေ လိုက်ပေးနေသည့် ပုသိမ်မြို့မှ ရှေ့နေ ဦးဇော်ဝင်းအောင်နှင့် တရားခံစွပ်စွဲခံနေရသူ ဦးသိန်းနိုင်ဘက်မှ ရှေ့နေဦးမျိုးဝင်းတို့က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရသည်။

BY THIT HTOO LWIN

No comments:

Post a Comment