Sunday, January 18, 2015

ရာဇာမင်း ခရီးသည်တင်ယာဉ် ဓားပြတိုက်သူ ခြောက်ဦးအား သေဒဏ်ချမှတ်


မော်လမြိုင် ဇန်နဝါရီ ၁၇

မော်လမြိုင်-ရန်ကုန်သွား ကားလမ်းပေါ်တွင် ခရီးသည် ရာဇာမင်း (အဆင့်မြင့် ခရီးသည်တင်မော်တော်ယာဉ်)ကို ခရီးသည် ဟန်ဆောင်လိုက်ပါကာ လူခြောက်ဦးတို့က ကားကို သေနတ်ဖြင့် ချိန်ရွယ်ပြီး ခရီးသည်ပိုင်ပစ္စည်းများ လုယူကာ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို သေနတ်ဖြင့် ပစ်သတ်မှုဖြင့် ဖမ်းဆီးအရေးယူ တရားစွဲတင် ခံရသူများအား ဇန်နဝါရီ ၁၆ ရက်က မွန်ပြည်နယ်သထုံခရိုင် ခရိုင်တရားရုံး ခရိုင်တရားသူကြီးက သေဒဏ်ငါးဦးနှင့် တစ်သက်တစ်ကျွန်း ဒဏ်တစ်ဦးတို့ကို အပြစ်ဒဏ် အသီးသီး ချမှတ်လိုက်သည်။
ပြစ်ဒဏ်ချခံရသူတို့မှာ အောင်ထူး(၃၆)နှစ်၊ ဇော်ဝိတ် (၃၈)နှစ်၊ မောင်ငယ်(ခ) ကျော်လင်း (၃၃)နှစ်၊ ဝင်းဗိုလ် (၃၅)နှစ်နှင့် စောအေး(ခ) စောမောင်ကလေး (၃၅)နှစ်တို့ အား သေဒဏ်ကျခံစေရန်လည်းကောင်း၊ လေးအောင်(ခ) ဖားကော့လလ်(၄၃)နှစ်အား တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ကို လည်းကောင်း အသီးသီးအမိန့်ချမှတ်လိုက်သည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ မြေနီကုန်းကားဝင်းမှ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်တို့မှ ခရီးသည်များ တင်ဆောင်၍ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာသွားစဉ် ၂ဝ၁၃ ခုနှစ် ဇွန် ၈ ရက် ည ၉ နာရီက ခရီးသည်ဟန်ဆောင်လိုက်ပါ သွားသည့် ခြောက်ဦးက အသင့်ကိုင်ထားသည့် လက်နက်ဖြင့် မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ် မိုင်တိုင် အမှတ် (၁၅၄/၄)နှင့် (၁၅၄/၅) ကြား ဘုရားကုန်းကွေ့ သို့ အရောက်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပြီး မြေလမ်း အတွင်းသို့ ကားကို မောင်းသွင်းစေကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ပစ်ခတ်သတ်ဖြတ်၍ ခရီးသည် များထံမှ လက်ကိုင်ဖုန်းများ၊ လက်ဆွဲအိတ်များ၊ ငွေသားများနှင့် ရွှေငွေလက်ဝတ်ရတနာများကို လုယူတိမ်းရှောင်သွားခဲ့ ခြင်းဖြစ်သည်။

လုယူတိမ်းရှောင်သွားသူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး မျိုးဆွေဝင်းကြီးကြပ်ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သထုံခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့မှ အမှုကျူးလွန်တိမ်းရှောင်သွားသူများအား သက်သေခံလက်နက်နှင့် လုယူသွားခဲ့သော ပစ္စည်းတန်ဖိုး ၄၈ သိန်းတို့ကို ပြန်လည် သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ အမှုကို သထုံမြို့နယ် ရဲတပ်ဖွဲ့၊ ရဲအုပ်ညွန့်ဝင်း နှင့်အဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ပြီး တရားလိုအဖြစ် ရဲအုပ်ညွန့်ဝင်းက သထုံမြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၉ဝ/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၉၆ အရ အမှုဖွင့်အရေးယူတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပစ္စည်းများလု၊လူသတ်သည့် ပြစ်ဒဏ်ကျခံရသော ခြောက်ဦးအား သထုံခရိုင်ရဲတပ်ဖွဲ့၊ ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုးလင်း၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၆ ရက်က သထုံအကျဉ်းထောင်မှ မော်လမြိုင် အကျဉ်ထောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်သန်း(မော်လမြိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment