Friday, October 10, 2014

ထိုင်းလိပ်ကျွန်း လူသတ်မှု၌ မြန်မာနှစ်ဦး တရားခံ မဖြစ်နိုင်ဟူသည့် ထင်မြင်ချက် ပိုမိုများလာ

ရန်ကုန်၊ အောက်တိုဘာ ၈

သံသယများစွာ၊ အငြင်းပွား ဖွယ်ရာများစွာဖြင့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်း(Kho Tao)တွင် ဖြစ်ပွားခဲ့ သည့် ဗြိတိန် နိုင်ငံသား စုံတွဲ အသတ်ခံရခြင်းတွင် ၀န်ခံခဲ့သည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ဖြစ်စဉ်မှာ ယခု ရက်ပိုင်းများအတွင်း ကမ္ဘာ့မီဒီယာများ၊ မြန်မာ့မီဒီယာများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် အကြီးကျယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကျယ်ပြန့်သထက် ကျယ်ပြန့် လာနေသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လိပ်ကျွန်း (Kho Tao) တွင် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန် နိုင်ငံသား စုံတွဲဖြစ်သည့် ဒေးဗစ်မီလာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာရစ်ခ်ျ (၂၃)နှစ်တို့၏ သတ်ဖြတ် ခံထားရသည့် အလောင်းများကို တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိပြီး နောက်တစ်နေ့တွင် အဆိုပါကျွန်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများကို ထိုင်းရဲများက ခေါ်ယူ စစ်ဆေးခဲ့ပြီး မြန်မာလုပ်သား ၂၀၀ ကျော်တို့၏ မျိုးရိုးဗီဇ (DNA) များကိုပါ ရယူ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် လူသတ် တရားခံများအဖြစ် ၀န်ခံထားသည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုလျက် ရှိသည့် မြန်မာ လုပ်သား မောင်ဝင်းကျော်ထွန်း (၂၁ နှစ်)နှင့် မောင်ဇော်လင်း (၂၁နှစ်)တို့ နှစ်ဦးလည်း ပါဝင်ခဲ့ပြီး ၎င်းတို့၏ DNA များမှာ သေဆုံးသူ ဗြိတိန်နိုင်ငံသား နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိရသော DNA များနှင့် မတူညီသောကြောင့် ထိုင်းရဲများက အဆိုပါ အမှုဖြစ်ပွားခါစတွင် ပထမအကြိမ် စစ်ဆေးပြီးနောက် ပြန်လွှတ် ပေး ခဲ့သည်။ သို့သော်လည်း လူသတ် တရားခံများအဖြစ် ၎င်းတို့နှစ်ဦးက အောက်တိုဘာ ၂ ရက်နေ့တွင် ထိုင်းရဲများထံ ၀န်ခံခဲ့ရာ အဆိုပါ အချိန်တွင်မူ ၎င်းလူငယ်နှစ်ဦး၏ DNA မှာ သေဆုံးသူ နှစ်ဦး၏ ကိုယ်ခန္ဓာ ပေါ်တွင် တွေ့ရှိရသည့် DNA နှင့် ကိုက်ညီမှုရှိကြောင်း ထိုင်းအာဏာပိုင်များဘက်မှ ပြောင်းလဲ ပြောကြား ခဲ့သည်။

ထိုင်းရဲများ၏ ထိုသို့ ပြောကြားမှုများအပေါ် ဝေဖန်ပြောဆိုမှုများ ပြင်းထန်ခဲ့ရာ ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်း (Kho Tao)တွင် နေထိုင် အလုပ်လုပ် ကိုင်သူ မြန်မာနိုင်ငံသား ၄၀၀၀ ကျော်အနက် ၃၀၀၀ ခန့်မှာ တရား မ၀င် နေထိုင်သူများ ဖြစ်သည့်အတွက် ၎င်းတို့ကို စစ်ဆေးရန် အထောက်အထား မလုံလောက်ကြောင်း၊ မြန်မာ လူငယ် နှစ်ဦးက ၀န်ခံပြီးနောက် ၎င်းတို့၏ DNA ကို ပြန်လည် စစ်ဆေးချိန်မှသာ ကိုက်ညီမှု ရှိကြောင်း ပြန် လည် ဖြေရှင်းခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ (၃)ရက်တွင် ၎င်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးအပြင် ထိုင်းရဲတပ်ဖွဲ့က မောင်မောင်(၂၃နှစ်)ကိုပါ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။

ထို့ပြင် မြန်မာလုပ်သား နှစ်ဦးအား ပြစ်မှုကျူးလွန်ခဲ့သည့် ပုံစံများကို အောက်တိုဘာ (၃)ရက်တွင် ပြန်လည် သရုပ်ပြစေခဲ့ရာ ထိုသို့ပြသမှုများကို ထိုင်းနိုင်ငံ မီဒီယာများတွင် ဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြပြီးသည့် နောက်ပိုင်း တွင် မြန်မာလုပ်သားနှစ်ဦးမှာ လူသတ်မှုကို အမှန်တကယ် ကျူးလွန်သူများ မဟုတ်နိုင်ကြောင်း ထိုင်းနိုင်ငံသား များနှင့် ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် ပြန်လည် ဖော်ပြခဲ့ကာ ထိုင်းရဲများ၏ လုပ်ဆောင် ချက်များ ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံသား မောင်ဝင်းကျော်ထွန်းက ဗြိတိန်နိုင်ငံသားနှင့် ဗြိတိန်နိုင်ငံသူတို့ လိင်ဆက်ဆံနေသည်ကို မြင်တွေ့ ခဲ့ရပြီးနောက် ဗြိတိန်နိုင်ငံသူကို ဗလက္ကာယ ကျင့်ရန်အတွက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံ ထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဗြိတိန်စုံတွဲ နှစ်ဦးမှာ ကမ်းခြေတွင် လမ်းလျှောက်ပြီး ၎င်းတို့ တည်းခိုသည့် နေရာတွင် လိင်ဆက်ဆံခဲ့သည့် အထောက် အထားများ မတွေ့ရှိရကြောင်း၊ ဟန်နာ၏ ကိုယ်ပေါ်တွင် မီလာ၏ DNA များကို မတွေ့ရှိကြောင်းတို့ ပါဝင်ခဲ့ရာ ထိုင်းရဲတပ်ဖွဲ့မှ ပြောဆို ထားသည့် မြန်မာလူငယ်၏ ၀န်ခံချက်နှင့် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်မှာ လွဲချော်မှုများ ရှိနေသည်။

သေဆုံးသူဟန်နာ အသုံးပြုခဲ့သည့် လက်ကိုင်ဟန်းဖုန်းကို လူသတ်မှု ကျူးလွန်သူများ နေထိုင်ရာ အိမ်နောက်ဖေးမှ သိမ်းဆည်းရမိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ရှင်းလင်းပွဲ၌ ပြောကြား ခဲ့သော်လည်း အဆိုပါ ဟန်းဖုန်းကို ဟန်နာ၏ သူငယ်ချင်းက ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက သတင်း ထုတ်ပြန်ထားရာ အဆိုပါ အချက်မှာလည်း ကွဲလွဲချက်များ ရှိနေပြန်သည်။ အဆိုပါ ကွဲလွဲချက်များကို ထောက်ပြ မှုများ ရှိလာသောအခါ ထိုင်းရဲတပ်ဖွဲ့က အဆိုပါဖုန်းမှာ ဒေးဗစ်၏ ဖုန်းဖြစ်ကြောင်း ရှင်းလင်းပွဲတွင် ထိုင်းရဲက ထိုင်းရဲတပ်ဖွဲ့၏ အတည်ပြုချက် ရယူခြင်း မရှိဘဲ ပြင်ဆင် ပြောကြားခဲ့ကြောင်း ဗန်ကောက်ပို့စ် သတင်းတွင် ဖော်ပြခဲ့သည်။

ဝေဖန်သူများ၏ ပြောကြားချက်များတွင် လူသတ်မှု အမှန်တကယ် ကျူးလွန် ထားသူများသာ ဖြစ်ပါက လက်ရှိ အချိန်တွင် တန်ဖိုး မရှိတော့သည့် ဟန်းဖုန်း တစ်လုံးကို သိမ်းဆည်း ထားမည် မဟုတ်ဘဲ လူသူကင်းရှင်းသည့် ကမ်းခြေတစ်နေရာမှ ပင်လယ်ထဲသို့ လွှင့်ပစ် လိုက်နိုင်ကြောင်းတို့ ပါဝင်ခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့၏ အစောပိုင်း ထုတ်ပြန်ချက်များ၌ အခင်းဖြစ်ပွားရာ အနီးတွင် ကွန်ဒုံးတစ်ခုကို တွေ့ရှိရပြီး အဆိုပါ ကွန်ဒုံး၏ အပြင်ဘက်တွင် ဟန်နာ၏ DNA ကို တွေ့ရှိ ရသော်လည်း ကွန်ဒုံး အတွင်းပိုင်းရှိ DNA ကိုမူ ယခု အချိန်ထိ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါအမှုကို မြန်မာလူငယ်နှစ်ဦးက ၀န်ခံပြီးနောက် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာတွင် မြန်မာ လူငယ် တစ်ဦး ၀တ်ဆင်ထားသည့်အင်္ကျီမှာ အခင်းဖြစ်ညက စတိုးဆိုင်၌ ဆေးလိပ်ဝယ်ယူစဉ် ၀တ်ဆင် ထားသည့် အင်္ကျီဖြစ်နေရာ ၎င်းသာ အမှန်တကယ် ပြစ်မှု ကျူးလွန်ခဲ့ပါက ၎င်းဝတ်ဆင်ခဲ့သည့် အ၀တ်အစား များကို ထိုင်းရဲတပ်ဖွဲ့မှ မဖြစ်မနေ စစ်ဆေးရမည်ဖြစ်ကြောင်း ဝေဖန် ထောက်ပြမှုများလည်း ရှိနေသည်။

သတ်ဖြတ်ခံရသူ ဒေးဗစ်၏ ခန္ဓာကိုယ်တွင် ရရှိသော ဒဏ်ရာအများစုမှာ ဦးခေါင်း ဘက်ပိုင်းတွင်သာဖြစ်ရာ ဒေးဗစ် ၏ အရပ်အမောင်း ၆ ပေ ၃ လက်မနှင့် နှိုင်းစာလျှင် အရပ် ၅ ပေခွဲ ၀န်းကျင်သာ ရှိသော မြန်မာလူငယ် နှစ်ဦးမှာ ၎င်းတို့နှင့် အရပ်အမောင်း ကွာဟသူ တစ်ဦး၏ ဦးခေါင်းပိုင်းကို တိုက်ခိုက်ရန်မှာ များစွာ မေးခွန်းထုတ် စရာများ ဖြစ်နေကြောင်း ဝေဖန် ထောက်ပြမှုများလည်း ရှိနေသည်။ ထိုင်းရဲတပ်ဖွဲ့ကမူ ဒေးဗစ်ကို တိုက်ခိုက် သည့် မြန်မာလူငယ်နှစ်ဦးမှာ တွန်းလှဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ထားသည်။

အဆိုပါအမှု စစ်ဆေးနေစဉ်တွင် ထိုင်းရဲများက မြန်မာလူငယ် နှစ်ဦးကို ရိုက်နှက် စစ်ဆေးမှုများ ရှိခဲ့ပြီး စကားပြန် များကလည်း ၀င်ရောက် ရိုက်နှက်မှုများ ရှိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို စတင်စစ်ဆေးစဉ်က ထိုင်းရဲများက ရိုက်နှက်မှုများ မပြုလုပ်သေးခင် အမှုကို ၎င်းတို့ ကျူးလွန်ခြင်း မရှိကြောင်း ပြောကြားခဲ့သော်လည်း ထိုင်းရဲများက ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် အပြစ်ကို ၀န်ခံခဲ့ရကြောင်း မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့အား ပြောကြားခဲ့သည်။

အဆိုပါအမှုကို ထိုင်းရဲများက စစ်ဆေးပြီးနောက် မြန်မာလူငယ်နှစ်ဦးက ၀န်ခံချက်ပေးခဲ့ပြီး နောက်ပိုင်း တွင် မြန်မာလူငယ် နှစ်ဦးမှာ ပြစ်မှု အမှန်တကယ် ကျူးလွန်သူများ မဟုတ်ကြောင်း ထိုင်းနိုင်ငံသားများ၊ ဗြိတိန် နိုင်ငံသားများနှင့် အခြား ကမ္ဘာ့နိုင်ငံများကပါ ပြောဆိုမှုများ ရှိလာသည်။ အကြောင်းမှာ အဆိုပါ မြန်မာလူငယ် နှစ်ဦး က ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံပြီးနောက် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများ၊ အခင်းဖြစ်ပွားရာ နေရာတွင် မြန်မာလူငယ်နှစ်ဦး၏ ပြန်လည် သရုပ်ပြမှုများကို ထိုင်းရုပ်သံ မီဒီယာများက ထုတ်လွှင့် ပြသခဲ့ရာတွင် အမှန်တကယ် အခင်းဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် နှိုင်းစာလျှင် ပြန်လည် သရုပ်ပြမှုများမှာ လစ်ဟာမှုများ၊ လိုအပ်ချက်များ ရှိနေပြီး မြန်မာလူငယ်နှစ်ဦး သရုပ်ပြချက်များတွင်လည်း ၎င်းတို့ ကျူးလွန်ခဲ့သည့် ပုံစံများထက် ထိုင်းရဲများ၏ အမိန့်များအတိုင်း လိုက်နာ လုပ်ဆောင်နေရသည့် ပုံစံများ ပေါ်လွင်နေကြောင်း ပြည်တွင်းပြည်ပ မီဒီယာများက ဖော်ထုတ် ရေးသားခဲ့သည်။

လတ်တလောတွင် အဆိုပါ အမှုကိုင်တွယ်မှု ညံ့ဖျင်းခြင်း၊ စစ်ဆေးချက်များ မခိုင်လုံခြင်းကြောင့် ထိုင်း ရဲတပ်ဖွဲ့မှာ ဝေဖန်ခံနေရပြီး နိုင်ငံတကာ မှ စောင့်ကြည့်မှုများလည်း ရှိနေသည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ CSI-LA အဖွဲ့က ထိုင်းနိုင်ငံတွင်း စစ်တမ်း ကောက်ယူခဲ့ရာ မြန်မာ လူငယ်နှစ်ဦးမှာ လူသတ်တရားခံ အစစ်ဖြစ် ကြောင်း မယုံကြည်သူ (၉၅) ရာခိုင်နှုန်းရှိပြီး ယုံကြည်သူ (၄) ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ထို့ပြင် အဆိုပါအဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း လူသတ်မှုကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေမှုများနှင့် ပတ်သက်သည့် ချို့ယွင်း ချက်များကို ဆက်တိုက် ဖော်ပြလျက် ရှိသည်။ ဗြိတိန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကလည်း အဆိုပါအမှုတွင် မြန်မာ လူငယ် နှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက် မည့် ရှေ့နေအဖွဲ့ကို စေလွှတ်မှု များလည်း ရှိနေသည်။

အဆိုပါ အမှုအတွက် လတ်တလောတွင် ဗြိတိန်သံရုံးက မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့ တို့ကို အမှုစစ်ဆေးရာတွင် အထောက်အကူပြုမည့် အကူအညီများ ပေးမည်ဟု ကမ်းလှမ်းထားသည်။ ထိုင်းရဲချုပ် ရုံးကမူ အောက်တိုဘာ ၇ ရက်နေ့က အဆိုပါ အမှုအတွက် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး အမှုအတွက် ထိုင်းရဲ အရာရှိများက အသေအချာ လုပ်ဆောင် ခဲ့ကြကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ယင်းရှင်းလင်းပွဲသို့ အစောပိုင်းတွင် ဗြိတိန် သံအမတ် တက်ရောက် မည်ဟု ပြောကြားခဲ့ သော်လည်း မြန်မာ လူငယ်နှစ်ဦးကို ထိုင်းရဲ များက နှိပ်စက်ထားသည်ဟု သတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်းတွင် အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ဗြိတိန်သံအမတ် မတက်ရောက်ခဲ့ပေ။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် အဆိုပါအမှု ဖြစ်ပွားပြီးသည့်အချိန်တွင် ထိုင်းအာဏာပိုင်များက လိပ်ကျွန်း (Kho Tao) ပေါ်ရှိ မြန်မာအလုပ်သမား များကို ခေါ်ယူစစ်ဆေးမှုများ ရှိနေချိန်တွင် တစ်စုံ တစ်ရာ တုံ့ပြန် ဆောင်ရွက် ချက်များ မရှိခဲ့ပေ။ အဆိုပါအမှုကို မြန်မာလူငယ်နှစ်ဦးက ကျူးလွန်သည်ဟု ၀န်ခံလိုက်ပြီးနောက် လူမှုကွန်ရက် စာမျက်နှာများတွင် ပြောဆိုမှုများ များပြားလာပြီး အစိုးရအနေဖြင့် ယင်းလူငယ်နှစ်ဦးအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိသည့်အပေါ် ဝေဖန်မှုများ ပြင်းထန်လာချိန် ကျမှသာလျှင် မြန်မာ ကိုယ်စားလှယ် အဖွဲ့အား စေလွှတ်ခြင်း ပြုလုပ်ခဲ့သည်။

လတ်တလောတွင် အဆိုပါ အမှုအတွက် မြန်မာသံရုံးမှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ အောက်တိုဘာ (၇)ရက်နေ့က အဆိုပါ ကိုယ်စားလှယ်အဖွဲ့က လိပ်ကျွန်းသို့ သွားရောက်၍ ကျွန်းပေါ်ရှိ မြန်မာအလုပ်သမားများ ကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အခြေအနေ များထဲမှ ထူးခြားမှုများ ကြုံတွေ့ရသည့် အခြေအနေများကို ““အဲဒီမှာ ထူးထူးခြားခြား ဘာတွေ့ ခဲ့လဲဆိုတော့ တရားခံလို့ ယူဆပြီးတော့ ဖမ်းထားတဲ့ ကလေးတွေနေတဲ့ နေရာနားက ရခိုင်အလုပ်သမား နှစ်ယောက် ရှိတယ်ဗျ။ အဲဒီမှာ စစ်ဆေးပြီးတော့ အားလုံးပြန်လာတော့ ကျွန်တော် တစ်ယောက်တည်းပဲ အဲဒီနားမှာ ရှောင်တခင် ကျန်နေခဲ့တာ။ ကျွန်တော် တစ်ယောက်တည်းပဲ။ နောက်တော့ အဲဒီ ရခိုင် အလုပ်သမား နှစ်ယောက်ကို ရခိုင်ဘာသာစကား နဲ့ မေးတယ်။ မင်းတို့မကြောက်နဲ့။ မင်းတို့ကို ကယ်တင်ဖို့ လာတာ။ မင်းတို့ အဖြစ်မှန်တွေ သိတယ်။ မင်းတို့ အဖြစ်မှန်အတိုင်း ပြောစေ ချင်တယ်။ ငါတို့ ဒီကလေး နှစ်ယောက်ကို ဥပဒေကြောင်းအရ ကယ်ထုတ်နိုင်မှာ။ မဟုတ်ရင် ဒီကလေးနှစ်ယောက်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ သူတို့တွေက လန့်သွားတယ်ဗျ။ တုန်နေတာ။ ကျွန်တော်တို့ ဖုန်းတွေ၊ ပတ်စ်ပို့တွေလည်း အကုန် သိမ်းထားတယ်။ ကျွန်တော်တို့ကို ဘာမှ မမေးပါနဲ့။ ကျွန်တော်တို့ ဘာမှ ပြောလို့မရဘူး။ ဦးလေး ပြန်သွားလို့ ရှိရင် ကျွန်တော်တို့ အမေးခံရလိမ့်မယ်။ မငိုရုံတမည် ပဲဗျ။ တော်တော် ၀မ်းနည်းစရာ ကောင်းတယ်။ အဲဒီလို ကျွန်တော်တို့ ဆက်သွယ် ဆောင်ရွက်နေတဲ့ လူတွေ၊ အနီးအနားက လူတွေဆီက ဖုန်းတွေကို သိမ်းထားတော့ ကျွန်တော်တို့ ဖြစ်ရပ်မှန် ရှာဖွေဖို့ရာမှာ တော်တော်ကို အခက်အခဲ ရှိသွားတယ်”” ဟု မြန်မာနိုင်ငံသားများ အသင်း အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက အောက် တိုဘာ ၈ ရက် မနက်ပိုင်းတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ အနေဖြင့်မူ မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးထားသည့် အမှုတွဲအား ကြည့်ရှုခွင့်ရရှိရန် တောင်းဆိုထားသည်။

ဆက်လက်၍ အောက်တိုဘာ (၈)ရက်နေ့တွင် ထိုင်းရဲများက တတိယ တရားခံအဖြစ် သတ်မှတ် ထားေ သာ မောင်မောင်နှင့် တွေ့ဆုံရမည့် အကြောင်းကို ““ပထမဆုံး တတိယ တရားခံပေါ့လေ။ အခုတော့ တရားခံ မဟုတ်တော့ဘူး။ သူ့ကို ဖော်ကောင်အနေနဲ့ အစိုးရ သက်သေအဖြစ် ထားတဲ့ မောင်မောင့်ကို တွေ့ဖို့ကြိုးစားတာ ပထမတုန်းက မရခဲ့ဘူး။ အခုတော့ ဒီနေ့တော့ ရမယ့် အခြေအနေ ရှိသွားပါပြီ။ အဲဒီကို သွားဖို့ လုပ်နေပါတယ်။ ပြီးလို့ရှိရင် အဲဒီကလေးဆီက ထွက်ချက်နဲ့၊ အမှုတွဲရဲ့ ကျွန်တော်တို့ လေ့လာရမယ့် အချက်တွေနဲ့ အမှုတွဲရဖို့ ကြိုးစားပြီးတော့ ကျွန်တော်တို့ ပြန်သုံးသပ်ဦးမှာပါ””ဟု မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေး ကော်မတီအဖွဲ့မှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ အမှုအတွက် ထိုင်းရဲများက စစ်ဆေးပြီးနောက် တရားစွဲဆိုမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ အခြေအနေကို လိုက်ပါ ဆောင်ရွက်ရန်အတွက် မြန်မာအစိုးရက ကူညီထောက်ပံ့ရန် လိုအပ်ကြောင်းကို ““ရဲလုပ်ငန်းစဉ် အပိုင်းက တရားစွဲဆိုတာကို မဟုတ်ဘူး၊ မဖြစ်ဘူး ဆိုတာကို ကျွန်တော်တို့ဘက်က သက်သေခံ အထောက်အထားတွေ ရှာဖွေဖို့လိုတယ်။ အဲဒီလို ရှာဖွေဖို့ နေရာမှာ နိုင်ငံတော် အစိုးရအပိုင်းက အရေးကြီး သွားပြီ။ ဘာကြောင့် အရေးကြီးသွားပြီလဲ ဆိုတော့ ဒီဘက်မှာ အစိုးရချင်း လုပ်ရမယ့်အလုပ် ဖြစ်သွားပြီ”” ဟု ဦးကျော်သောင်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ် အောက်တိုဘာ(၉)ရက် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ရာ ထိုသို့တွေ့ဆုံရာတွင် အဆိုပါအမှုနှင့် ပတ်သက်၍ ဆွေးနွေးသွား မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် အဆိုပါ အမှုကိစ္စ အတွက် ပြောဆိုနိုင်စေရန် စီစဉ်ထားမှုကို ““ဒီနေ့ပဲ ဒီကရတဲ့ အချက်အလက်တွေကို အဲဒီကို ပြန်ပြီးတော့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ထိုင်းသံရုံး အတွင်းဝန်ကနေ ပြီးတော့ အထက်ကို တင်ပြ ပေးထားတယ်။ အဲဒီအချက်တွေ အရပဲ ဘာပြောမယ် ဆိုတာကို သူတို့ ဆုံးဖြတ် ပါလိမ့်မယ်”” ဟု ဦးအောင်မျိုးသန့်က အောက်တိုဘာ ၈ ရက် မနက်ပိုင်းတွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ရှိန်းဝေနောင်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


No comments:

Post a Comment