Friday, October 10, 2014

ထိုင်းဝန်ကြီးချုပ် သမ္မတနဲ့တွေ့၊ ဒီနေ့ ရွှေတိဂုံဖူးမယ်

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha (Credit: AFP) 
မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​Prayuth ​Chan-ocha ​က ​မနေ့တုန်းက ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​နေပြည်တော်မှာ ​တွေ့ဆုံခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်အဖြစ် ​သြဂုတ်လကတည်းက ​စတင် ​တာဝန်ထမ်းဆောင်ပြီးနောက် ​ပထမဆုံး ​နိုင်ငံခြား ​ခရီးစဉ်အဖြစ် ​မြန်မာနိုင်ငံကို ​လာရောက်ခြင်း ​ဖြစ်ပါတယ်။

ချစ်ကြည် ​ရင်းနှီးမှု ​ရှိပြီးသား ​မြန်မာနဲ့ ​ထိုင်းနိုင်ငံအကြား ​ပိုပြီး ​ရင်းနှီးမှု ​ရယူလိုတဲ့အတွက် ​ဖြစ်သလို ​ပိုပြီး ​ပူးပေါင်းမှုတွေ ​လုပ်ဖို့အတွက် ​ရည်ရွယ်ပြီး ​ထိုင်းဝန်ကြီးချုပ်က ​မြန်မာနိုင်ငံကို ​လာရောက်တာလို့ ​ဆိုပါတယ်။

တရားမဝင် ​မူးယစ်ဆေးဝါး ​တိုက်ဖျက်ရေးမှာ ​ပူးပေါင်းဖို့၊ ​နယ်စပ်ကုန်သွယ်ရေး ​တိုးမြှင့်ဖို့၊ ​အလုပ်သမားရေးရာ ​ကိစ္စဆွေးနွေးဖို့နဲ့ ​ထားဝယ်စီးပွားရေးဇုန် ​စီမံကိန်း ​ပြန်လည်လုပ်ဆောင်နိုင်ဖို့ ​ကိစ္စတွေကိုလည်း ​ဆွေးနွေးကြဖို့ ​ရှိပါတယ်။

Prayuth ​Chan-ocha ​ဟာ ​ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​ယင်လတ်ရှင်နာဝပ် ​အစိုးရရဲ့ ​အာဏာကို ​မေလတုန်းက ​သိမ်းပိုက်ပြီးနောက် ​ဝန်ကြီးချုပ် ​ဖြစ်လာတာပါ။

ထိုင်းစစ်တပ်ရဲ့ ​အာဏာသိမ်းမှုကို ​မြန်မာနိုင်ငံက ​အစောဆုံး ​ထောက်ခံမှု ​လုပ်လိုက်ပြီး ​ထိုင်းစစ်တပ်ကြောင့် ​ထိုင်းနိုင်ငံမှာ ​တည်ငြိမ်မှုတွေ ​ရှိလာတာလို့ ​ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်က ​ဒီကနေ့မှာတော့ ​ရွှေတိဂုံ ​စေတီတော်ကို ​ဖူးမျှော်မှာ ​ဖြစ်သလို ​ရန်ကုန်မှာရှိတဲ့ ​ထိုင်းစီးပွားရေးအသိုင်းအဝိုင်းနဲ့လည်း ​တွေ့ဆုံဖို့ ​ရှိပါတယ်။

ထိုင်းနိုင်ငံဟာ ​တရုတ်ပြီးရင် ​မြန်မာနိုင်ငံရဲ့ ​ဒုတိယ ​အကြီးမားဆုံး ​ကုန်သွယ်ဘက် ​နိုင်ငံဖြစ်ပြီး ​အဓိကအားဖြင့် ​မြန်မာနိုင်ငံက ​သဘာဝ ​ဓာတ်ငွေ့ကို ​ဝယ်ယူတင်သွင်းနေတာလည်း ​ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်က ​ဒီကနေ့မှာပဲ ​ထိုင်းနိုင်ငံကို ​ပြန်သွားမယ်လို့ ​သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment