Friday, March 7, 2014

“၈နှစ်ကြာ အိမ်ဖေါ်အဖြစ် ရောင်းစားခံခဲ့ရသူတစ်ဦးလွတ်ပြီ”


မောင်ပေါ်ထွန်း
၂၀၁၄ မတ်လ ၅ ရက်

ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်  ၈နှစ်အိမ်ဖေါ်အဖြစ် ရောင်းစားခံခဲ့ရသည့် ကရင်အမျိုးသမီးတစ်ဦး ယနေ့ တွင် မြ၀တီသို့ရောက်ရှိသွားပြီးဖြစ်သည်။ 

ဘန်ကောက်မြို့လတ်ဖလောက် ၈၈လမ်းအိမ်အမှတ် ၅၄၅/၈၄၉တွင် လုပ်အားခအနည်းငယ်ဖြင့် အိမ် ဖေါ် အဖြစ် လုပ်ကိုင်ခဲ့ရသည့် စူးစူးအား ချက်ခြင်းဖမ်းဆီးပြန်ပို့သဖြင့် MAT အဖွဲ့က အံ့သြနေသည်။မစူးစူး   က “ သမီးနေတဲ့အခန်းကို နေ့လည် ၁ နာရီလောက်မှာ ပုလိပ်၅ယောက်ရောက်လာတယ်၊ နင့်ကို တိုင်ထား တယ်။ နင့်မှာ ပတ်စပို့ရှိလားလို့မေးတယ်။ သမီးကို လုတု(ပေါင်မုန့်ကား)တစ်စီးနဲ့ တစ်ယောက်ထဲ  မဲဆောက် ကိုပို့တယ်။ ဘန်ကောက်မှာတော့ လက်ဗွေနှိပ်ခဲ့ရတယ်။ မဲဆောက်တောမောရုံးရှေ့မှာချထား ခဲ့တယ် ဘာလက်ဗွေ ဘာလက်မှတ်မှ ဘယ်ရုံးကိုမှ ၀င်မထိုးခဲ့ရပါ။  သမီးခဲအို လှေနဲ့ မြ၀တီ ဘက်ကိုလိုက် ပို့ တယ်။ သမီး ၈နှစ်နဲ့ ၂လလုပ်နေခဲ့တာ ပေါင်း ကြည့်ရင်  ဘတ်ငွေ တစ်သိန်းနဲ့ငါးထောင်ပေးတယ်၊ ခုအမေနဲ့တွေ့ရပြီ” ဟုထိုင်းဘာသာဖြင့်ပြောဆိုသည်။



         စူးစူး ပျောက်ဆုံးနေမှုအား ခဲအိုတော်စပ်သူက ၁၁ နှစ်ကြာရောင်းစားခံနေရကြောင်း ဘန်ကောက် မြန်မာသံရုံး အလုပ်သမားသံအရာရှိက အကူညီတောင်း ခံခဲ့သဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့က ၂၀၁၃ ခု သြဂုတ်လ က တည်းက စတင်စုံစမ်းခဲ့သည်။ စုံစမ်းရရှိသော သတင်းအချက်အလက်များအား ထိုင်းအစိုးရလူကုန်ကူးမှု အထူးထောက်လှမ်းရေးတပ်ဖွဲ့ DSI နှင့်ထိုင်းအစိုး ရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD တို့ သို့ ကြိမ်ဖန်များစွာအကူညီ တောင်းခဲ့ကြသည်။

           ယမန်နေ့ညဥ့်  ၁၀ နာရီတွင် မဟာချိုင်မှ ဒေါ်မာလီဆိုသည့် ကရင်အမျိုးသမီးတစ်ဦးက စူးစူးအား ဘန်ကောက် IDC(လ၀ကဌာနချုပ်) မှနေ့လည် ၁နာရီလောက်က  ဖမ်းမိ၍ညတွင်းချင် တစ်ဦးတည်း ပို့ ဆောင်နေကြောင်း MAT သို့ အကြောင်းကြားလာခဲ့သည်။ IDC လုပ်ထုံးလုပ်နည်းအရ အချုပ်ခန်းထဲတွင် အနည်းဆုံး တစ်ပတ်ခန့်ထားသော်လည်း စူးစူးအား တစ်ဦးတည်းချက်ခြင်း ပို့ဆောင်ခြင်းမှာ ထူးခြားနေ သည်။

            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “စူးစူး ၈နှစ်ကျော်ကြာအလုပ်လုပ်နေရတဲ့ အိမ်ဟာ ထိုင်းအာဏာပိုင် နဲ့ပတ်သက်တဲ့အိမ်ဖြစ်နေလိမ့်မယ်။ ကျနော်တို့ကလည်းအချက်အလက်အပြည့်အစုံနဲ့ ထိုင်းဘာသာနဲ့ရေးပြီးတင်ပြထားတာ၊ မကြာမကြာလည်းပြောနေတော့ မလုပ်ရင်လည်းမျက်နှာပျက်မယ်။ အမှုဖွင့်မယ်ဆိုရင်လည်း သူတို့ ထိုင်းလူမျိုး နစ်နာမယ်၊ အဲဒါကြောင့်  လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့နည်းနဲ့လုပ် လိုက်တာပဲ။ တစ်ဘက်စောင်းနင်းဖြေရှင်းလိုက်တာပဲ၊ ဒီလိုရှင်းနေမှတော့ ထိုင်းလူမျိုးတွေ မြန်မာအလုပ် သမားတွေအပေါ်မှာ လုပ်ချင်တာလုပ် ငါတို့ကာကွယ်ပေးမယ်  ဆိုတဲ့ပုံစံဖြစ်နေတော့ ထိုင်းနိုင်ငံ မှာ   ပြော နေတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးတို့၊ လူ့အခွင့်အရေးတို့၊ အလုပ်သမားအခွင့်အရေးတို့ဆိုတာ အလကား လူကြားကောင်းအောင်ပြောနေကြတာပါ” ဟုပြောသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခရင်းအုပ်စု၊ တံတားကြီးကျေးရွာမှ အဖ ဦးမောင်သန်းငြိမ်း+ ဒေါ်နန်း မ၀က် တို့၏ သမီး မစူးစူး သည် လွန်ခဲ့သည့်  ၁၁နှစ်ကတည်းက  ရောင်းစားခံခဲ့ရသူဖြစ်သည်။ သူမ ၏ ဖခင်သည် ၂၀၁၃ ခုနှစ်ဧပြီလ ၁၁ ရက်နေ့က သူမ၏ ယခုဖေါ်ပြပါဓါတ်ပုံဟောင်းအား ကြည့်လျှက် ရင်ကွဲ နာကျကာ သေဆုံးခဲ့သည်ဟု ဒေါ်နန်းမ၀က် ကပြောခဲ့သည်။ ဖခင်အတွက် ဆွတ်သွတ်အလှူအား စူးစူး ပြန် ရောက်မှ ပြုလုပ်မည်ဟုလည်း ပြောဆိုခဲ့သည်။

             ထိုင်းနိုင်ငံအတွင်း  လူကုန်ကူးခံရသော  မြန်မာအလုပ်သမားများကြောင့် ထိုင်းနိုင်ငံအကျိုးဖြစ် ထွန်းသဖြင့် ထိုင်းလုပ်ငန်းရှင်နှင့် ထိုင်းလူမျိုးတို့အား ထိုင်းအာဏာပိုင်များ က ကာကွယ်သည်မှာ သဘာဝ ကျသည်။  မြန်မာအစိုးရအနေဖြင့် လူကုန်ကူးခံနေရသူများနှင့်လူကုန်ကူးခံ ခဲ့ရသူများအတွက် ရသင့်ရ ထိုက် သည့်အခွင့်အရေးများ၊ အကာအကွယ်များ အပြည့်အ၀ရရှိရန်အတွက် လက်ရှိအနေအထားဖြင့် မလုံ လောက်ကြောင်း ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက် ထူးခြားသည့် အစီအမံများချမှတ် လုပ် ဆောင်သင့်ကြောင်း  ဦးကျော်သောင်းက ထောက်ပြသည်။ အဘယ်ကြောင့် ဆိုသော် လူကုန်ကူးမှုဖြစ် ရပ်များတွင် ထိုင်းလုပ်ငန်းရှင်နှင့် ထိုင်းအာဏာပိုင်များမှာ အဆင်ပြေအောင်ညှိနှိုင်းကြသဖြင့် မည်သည့် လုပ်ငန်းရှင်မှ အရေးယူခံရခြင်းမရှိသလို၊ အလုပ်သမားများရှာဖွေတင်ပို့နေသည့် မြန်မာလူပွဲစားများ အတွက်ပါ ထိုင်းလုပ်ငန်းရှင်များက အပြည့်အ၀အကာအကွယ်ပေးထားကြသည်။

               MAT အဖွဲ့မှာ သာမန်ထက်သေးငယ်သော အဖွဲ့အစည်းသေးသေးမျှသာဖြစ်သည်။ လူကုန်ကူးခံ မြန်မာအလုပ်သမားများ လွတ်မြောက်ရန် အတွက်သာအခက်အခဲအမြောက်အမြားထဲမှ ဆောင်ရွက် ပေးနေ ရသူများဖြစ်သည်။ MATအဖွဲ့သည်  အစိုးရအဖွဲ့အစည်းမဟုတ်သဖြင့် လူကုန်ကူးခံရသူတို့ ကိစ္စရပ် အားဆုံးဖြတ်ကြသည့်အခါ သိရှိခွင့်မရရှိတော့ပါ။ ထို့ကြောင့် လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမား များ မှာ ထိုင်းအာဏာ ပိုင်များနှင့် ထိုင်းလုပ်ငန်းရှင်များ၏ ဆုံးဖြတ်အချက်အတိုင်း အဆုံးသတ်ရသဖြင့် မိအေး
နှစ်ခါနာ အဖြစ်ထက် ဆိုးကြောင်း ဦးကျော်သောင်းက ရင်ဖွင့်သည်။

          ထိုင်းနှင့်မြန်မာအစိုးရအဆင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များသည် ၄လတစ်ကြိမ်ပုံမှန် ထိုင်းနှင့်မြန်မာ ဘက်တို့တွင် အလှည့်ကျ အစည်းဝေးကျင်းပလေ့ရှိသည်။

Copy from http://www.goldenworkers.asia/

No comments:

Post a Comment