Sunday, September 22, 2013

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကော်မတီသို့ ပေးပို့သည့် ဆွေးနွေးချက်စာတမ်း

 
 
September 21, 2013 at 11:54pm
 
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကော်မတီသို့ ပေးပို့သည့် ဆွေးနွေးချက်စာတမ်း မင်္ဂလာပါခင်ဗျာ ... လေးစားအပ်တဲ့(အပစ်အခတ်ရပ်) ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ ခင်ဗျား။ နိုင်ငံရေးအရ ထူးခြားပြီး ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည် ကြိုးပမ်းကြမည့်ဆွေးနွေးပွဲမှာ ယခုလိုတွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းသာပီတိဖြစ်ရ ကြောင်း ဦးစွာတင်ပြ ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ကော်မတီ (ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်)ရဲ့ ဆွေးနွေးပွဲဖိတ်ကြား ချက်အရ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ က လေးစားစွာ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ တစ်မျိုးသားလုံး၊ နိုင်ငံသားအားလုံးအကျိုးစီးပွားကို ရှေ့ရှုပြီးပါတီစွဲ၊ လူမျိုးစွဲ ကင်းစွာ
တန်းတူညီမျှ ပြည်ထောင်စု ဘ၀အမြင်နဲ့ တင်ပြဆွေးနွေး မှာဖြစ်ကြောင်း ကြိုတင်အသိပေး အပ်ပါတယ်။ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကြွရောက်လာကြတဲ့ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ် လူကြီးမင်းများခင်ဗျား- ကျွန်တော်တို့တွေဟာ ငြိမ်းချမ်းရေးရရှိရေးကို အဓိကထားပြီး ၊ နိုင်ငံရေးပြဿနာများကို စုပေါင်းဆွေးနွေးအဖြေရှာကြဖို့ ဒီနေရာ မှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။ အမြင်ကွဲပြားမှုတွေကို မငြင်းပယ် ပဲ ပွေ့ပိုက်သယ်ဆောင်ပြီး တူညီတဲ့အမြင်တွေနဲ့ နိုင်ငံရေးခရီးကို ပုံဖော်လျှောက်လှမ်းကြ မယ်လို့လည်း မျှော်လင့်ယုံကြည်ပြီး ဖြစ်ပါတယ်။ လူကြီးမင်းများခင်ဗျား . . . ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ ရဲ့ ပေးထားချက်တွေကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်- (က) ပြည်ထောင်စုကြီးတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးရရှိရေး၊ (ခ) ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရေး၊ (ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးနဲ့ (ဃ) စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းနိုင်ရေး စသည်တို့ပဲဖြစ်ပါတယ်။ ဆွေးနွေးတဲ့ နေရာမှာ ရှေ့နောက်အဆက်အစပ်ရှိရှိ ဆွေးနွေးနိုင်အောင် ပေးထားချက်အမှတ်စဉ် အတိုင်းမဟုတ်ပဲ အမှတ်စဉ် (က) (ဂ) (ဃ) နဲ့ (ခ)အဖြစ် ဆွေးနွေးသွားပါမယ်။ ပထမဆုံးအနေနဲ့ အမှတ်စဉ် (က) ငြိမ်းချမ်းရေးရရှိရေးကို ဆွေးနွေးလိုပါတယ်။ ပြည်ထောင်စုကြီးတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးရရှိရေး ငြိမ်းချမ်းရေးဆိုတာ လူသားအားလုံးကို သဘာဝတရားကြီး က ပေးအပ်ထားတဲ့ ပိုင်ခွင့် ကြီး ဖြစ်ပါတယ်။ ဒီမြေပေါ်မှာ သဘာဝအတိုင်း ရှိနေတဲ့ လွတ်လပ်မှုအရှိတရားကို ခံစားရရှိနေခြင်းဟာ ငြိမ်းချမ်းရေး ရရှိနေခြင်းပါပဲ။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးကို လူမှုပယောဂတွေက ချိုးဖဲ့ဖျက်ဆီးခဲ့ကြပါ တယ်။ သေနတ်သံတွေနဲ့ ကျည်ဆံတွေအကြားမှာ ငြိမ်းချမ်းရေးမရှိပါဘူး။ ဒီလိုပါပဲ။ စားမှုနေမှု လူမှု ဒုက္ခတွေ ခံစားနေရတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာလည်း ငြိမ်းချမ်းခြင်းဆိုတာကို ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့် သေနတ်သံတွေဆိတ်သုဉ်းစေခြင်းနဲ့ နိုင်ငံသားတိုင်းရဲ့ လူမှုစီးပွားရေးဘ၀တွေ လောက်ငှ ဖူလုံစေခြင်းတွေရှိမှသာ ငြိမ်းချမ်းရေးရပြီ၊ ငြိမ်းချမ်းရေးရဲ့အရသာကို ခံစားကြပြီလို့ဆိုနိုင်ပါလိမ့်မယ်။ ဒီမြေပေါ်မှာ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ယနေ့အထိအတူတကွနေထိုင် ခဲ့ကြသူတွေဟာ လူမျိုးပေါင်းစုံ နိုင်ငံ သား ပြည်သူတွေပဲဖြစ်ပါတယ်။ သူတို့တွေအကြားမှာ ငြိမ်းချမ်းရေးဟာ ဘာကြောင့်ပျောက်ကွယ်နေရ တာလဲ။ ဒါကို လေးလေးနက်နက်စဉ်းစားသုံးသပ်ပြီး ၀ိုင်းဝန်းကြိုးပမ်း အဖြေရှာကြရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ NDF ပါတီဟာ နိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး ပြည်ထောင်စုစိတ်ဓါတ် အပြည့်နဲ့ သဘောထားအမြင်ကို အောက်ပါအတိုင်း တင်ပြအပ်ပါတယ်။ ပြည်ထောင်စုတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးရရှိစေဖို့ လိုအပ်တဲ့ အခြေခံချက်တွေအဖြစ် ယ္ခုလို ရှုမြင်ပါတယ်- နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် လူမျိုးရေးနဲ့ဘာသာရေးနယ် ပယ်တွေမှာပါ ခွဲခြားဆက် ဆံခံရမှု မရှိရေး၊ လူမျိုးစု အမျိုးသားရေးစိတ်ဓါတ်တွေရှိနေကြမှာဖြစ်ပေမယ့် စစ်မှန်တဲ့ တန်းတူညီမျှပြည်ထောင်စု ဘ၀မှာ လူ့အခွင့်အရေးနဲ့ “ပြည်ထောင် စုနိုင်ငံသားအမျိုးသားရေးစိတ်ဓါတ်”ကို မွေးမြူနိုင်ရေး၊ အသစ်တည်ထောင်မယ့် ပြည်ထောင်စုကြီးကို လူမျိုးတစ်မျိုးတည်းက ကြီးစိုးထားတယ်ဆိုတဲ့ အမြင်တွေ လက်တွေ့ဘ၀မှာ မရှိစေရေးနဲ့ လူမှုနိုင်ငံရေးနယ်ပယ်အတွင်း နာကျင်မှုတွေ နာကျည်းမှုတွေကို အဆုံးသတ်နိုင်စေရန် လူသစ်စိတ်သစ်နဲ့နိုင်ငံသစ်တည်ဆောက်နိုင်ရေး၊ နိုင်ငံသားအားလုံးရဲ့ အမျိုးသားအကျိုးစီးပွား၊ တစ်မျိုးသားလုံး လုံခြုံရေး နဲ့ နိုင်ငံသား အားလုံး အတွက် ကာကွယ်ရေးဆိုင်ရာကိစ္စတွေဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓါတ် တွေ ထား ရှိနိုင်ရေး၊ လူမှုစီးပွားရေးဘ၀နဲ့ တန်းတူညီမျှနိုင်ငံရေးအနှစ်သာရတွေကို ထူထောင်ပြီး တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေး ထာဝစဉ်ခိုင် မြဲအောင် ပြည်ထောင်စုနိုင်ငံသားအမျိုးသားရေးစိတ်ဓါတ်နဲ့ ထိန်းမတ်စေရေး စသည့်တို့ဟာ ငြိမ်းချမ်းရေး ထာဝစဉ်ခိုင်မြဲစေဖို့ လိုအပ်ချက်တွေ ဖြစ် တယ်ဆိုတာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က စွဲမြဲစွာယုံကြည် ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရုံနဲ့ ငြိမ်းချမ်းရေးဟာ မရနိုင်ပါဘူး။ ထို့အတူ လက်နက်ကိုင်အဖွဲ့အစည်းတွေကို စီးပွားရေးအခွင့်အလမ်းတွေ ထူထောင်ပေး ရုံနဲ့လည်း ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်၊ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တပ်မတော်နဲ့ ပညာရှင်အဖွဲ့တွေ စုံစုံညီညီနဲ့ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ ငြိမ်းချမ်းရေးညီလာခံကြီးတစ်ရပ် အမြန် ဆုံး ကျင်းပနိုင်မှသာ ပြည်ထောင်စုကြီးတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးရရှိရေးတံခါးပေါက်ကို အမှန်တကယ် ဖြတ်ကျော် ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ညီလာခံကြီး အမြန်ကျင်းပနိုင်ရေးကို NDF ပါတီက ဒီနေရာကနေ တောင်းဆို လိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး ဒီနေရာမှာ ရှင်းလင်းစွာဖော်ပြလိုပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ပြန် လည်ရေးဆွဲရေး ၂၀၀၈ အခြေခံဥပဒေ မှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်များ၊ ပြည်ထောင်စု ပုံသဏ္ဌာန်နဲ့ အနှစ်သာရမပြည့်စုံမှုများ၊ (ဥပမာxပီပြင်မှုမရှိသေးတဲ့ အာဏာခွဲဝေ ကျင့်သုံး မှုများ၊ ညီညွတ်မျှတစွာ သယံဇာတအရင်းအမြစ်များ၊ ထုတ်ယူသုံးစွဲမှုနှင့် အခွန်အတုပ် ခွဲဝေကောက်ခံမှု အချိုးအဆများ) စသည်များကို ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခြင်း အစားထိုးပြင်ဆင်ခြင်းစသည့် အခြေခံဥပဒေဆိုင်ရာ သဘောထားနှစ်ရပ်အဖြစ် အသစ်ရေးဆွဲရေး နဲ့ ပြင်ဆင်ဖြည့်စွက်ရေးဆွဲရေးဆိုပြီး ကွဲပြားတဲ့ အမြင်တွေရှိနေတာကို သိရပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ အဆိုပါ ၂၀၀၈ အခြေခံဥပဒေကိုမကြိုက်ပါ။ ဒါပေမယ့် လက်ငင်းနိုင်ငံရေးအရှိတရားကို လက်ခံပြီး ရွေးကောက်ပွဲဝင်ခြင်းဖြင့် စစ်ဘက်လွှမ်းမိုးမှုများ ရှိနေသေးပေမယ့်လည်း ဆင့်ကဲပြောင်းလဲရေးလမ်းကြောင်းနဲ့ အရပ်ဘက်အုပ်ချုပ်ရေးပုံစံတစ်ခုကို ဖြစ်ပေါ်စေခြင်းကို တွန်းအားပေးခဲ့ပါတယ်။ ထို့အတူ စစ်အုပ်ချုပ်ရေးဆုတ်ခွာတာ ကို ရေရှည်နိုင်ငံရေး အကျိုးစီးပွားကို မျှော်ပြီး ၂၀၁၀ ရွေးကောက် ပွဲနိုင်ငံရေးလမ်းကြောင်းကနေ လိုက်ခဲ့တယ်။ ဒါကြောင့် လည်း ပြည်သူ့ ကိုယ်စား လှယ်များပါဝင်တဲ့ လွှတ်တော်နိုင်ငံရေးစင်မြင့်ကို ၀ိုင်းဝန်း တည်ဆောက်နို င်ခဲ့ ပါတယ်။ အခု ၂၀၀၈ အခြေခံဥပဒေဟာ တည်ဆဲ၊အသက်ဝင်ဆဲပဲဖြစ် ပါတယ်။ ဥပဒေပြုရေး လုပ်ငန်းများကို ဆောင်ရွက်ဆဲပါ။ ဒါကြောင့် ဖျက်ခြင်း၊ ပြင်ခြင်း၊ အသစ်ရေးဆွဲခြင်းနဲ့ ဖြည့်စွက်ပြင် ဆင်ခြင်း လုပ်ငန်း များဟာ ဥပဒေပြုအာဏာဘောင်အတွင်းမှာ တရားဝင်အဖြစ်ရှိနေ ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထားပါတယ်။ ဒါကြောင့် ဖျက်ပြီးအသစ်ရေး မယ်ဆိုရင် တပ်မတော်ရဲ့ သဘောတူညီမှု လိုမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နှစ်ပေါင်း များစွာကိုဖြတ်ကျော်ပြီး အခြေခံဥပဒေပြင်ရေးကို ဆောင်ရွက်ခဲ့တယ်။ အမေရိကန်ရဲ့ အခြေခံဥပဒေဟာ ပြင်ဆင်ချက်တွေ ထပ်ဖန်တလဲလဲနဲ့ ဒီကနေ့ အသက်ဝင်နေဆဲပါပဲ။ ပြည်ထောင်စုပုံသဏ္ဌာန်ကိုလည်း ရယူနိုင်ခဲ့ပြီး အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာတွေကိုလည်း စဉ်ဆက်မပြတ် အခြေခံဥပဒေ ကို အမှီပြုပြီး နိုင်ငံရေး ခရီးနှင်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ လိုအပ်နေမှု၊ စစ်မှန်တဲ့ ပြည်ထောင်စုဘ၀ကို မရောက်နိုင်သေးမှုတွေကို ၂၀၀၈ အခြေခံဥပဒေမှာ ဖြည့်စွက်ပြင်ဆင်မယ်ဆိုရင် မဖြစ်နိုင်ဘူး လားဆိုတဲ့ မေးခွန်းကို ဖြေကြရပါမယ်။ ငြိမ်းချမ်းရေးရရှိရေးနဲ့ အခြေခံဥပဒေပြင်ရေးဟာ နိုင်ငံရေးဖြစ်စဉ် တစ်ခုထဲမှာ ဒွန်တွဲလျက် ရှိနေပါတယ်။ ထာဝရငြိမ်းချမ်းရေးကိုရောက်ဖို့ အဆင့်များစွာ လိုသေးသလို အခြေခံဥပဒေပြင်ရေးဟာလည်း အချိန်အတိုင်းအတာတစ်ခု ကိုတော့ စောင့်ရဦးမယ် ဆိုတာ လက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ ကျွန်တော်တို့ပါတီဟာ ဖျက်ပြီးအသစ်ပြန်ရေး ဆွဲရေးထက် နိုင်ငံရေးအပြောင်းအလဲတွေကို ညင်သာစွာဖန် တီးခေါ်ဆောင်နိုင်မယ့် လမ်းကြောင်းဖြစ်တဲ့ ၂၀၀၈အခြေခံဥပဒေ ကို ဖြည့်စွက်နုတ်ပယ်အစားထိုးပြင်ဆင်ရေးကိုပဲ လိုလားကြောင်း ပြောကြား လိုပါတယ်။ ဒီအခြေခံဥပဒေပြင်ရေးကိစ္စမှာ လုပ်ငန်းသဘောအရ တစ်ဦးနဲ့တစ်ဦး အမြင်ကွဲလွဲ ကောင်း ကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပါတီဟာ ဒီမိုကရေစီရေးအပေါ် ဘယ်တော့မှ သစ္စာ ဖောက်မှာ မဟုတ်သလို တစ်မျိုးသားလုံးအရေးဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ် ဖြစ်ရေးကိုလည်း အားသွန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ အခြေခံဥပဒေပြင်ရေး နဲ့ပတ်သက်ပြီး NDFပါတီက အတည်ပြုလက်ခံထားတဲ့ အချက်များမှ တိုင်းရင်းသားအရေးဆိုင်ရာ အချက်အချို့ကို ဥပမာအားဖြင့်တင်ပြပါမယ်။ တိုင်းဒေသကြီး/ပြည်နယ်များရဲ့ အချုပ်အခြာအာဏာကို ထိုဒေသနေ ပြည်သူများလွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့်ရှိခြင်းရဲ့ လက္ခဏာအဖြစ် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များကို ထိုဒေသ လွှတ်တော်များက ရွေးချယ်တင်မြှောက်ခွင့်ရှိရေး။ နိုင်ငံပိုင် သယံဇာတများကို ပြည်ထောင်စုအစိုး ရနှင့် ပြည်နယ် အစိုးရတို့အကြား အခြေခံဥပဒေ အရ သဘောတူခွဲဝေသတ်မှတ်တဲ့မူဖြင့် ထုတ်ယူသုံးစွဲရေး၊ ယင်းသယံဇာတထုတ်ယူမှုမှ ရရှိတဲ့ အခွန်အခများ ကို ပြည်ထောင်စုရံပုံငွေဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရရံပုံငွေများအဖြစ် ကောက် ယူခွင့် ရှိစေတဲ့ အာဏာခွဲဝေကျင့်သုံးမှုရှိရေး။ လူမျိုးများရဲ့ တန်းတူညီမျှခွင့်နဲ့ ပြည်ထောင်စု သဘာ ၀နှင့် လျော်ညီစေရန်၊ လူမျိုးကြီးတစ်မျိုး မျိုးက အခြားလူမျိုးတစ်မျိုးအပေါ် (သို့မဟုတ်) လူမျိုးများအပေါ် လူမျိုးကြီးဝါဒကိုင်စွဲကြိုး ပမ်းမှု ကို တားမြစ်စေရေး စသည့် ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ ပြည်ထောင်စုစနစ် ပီပြင်ရေးမူများကို NDFပါတီက ချမှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ပါတီဟာ ဒီမူတွေအရ နိုင်ငံရေးရှေ့ခရီးကို လျှောက် လှမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းနိုင်ရေး စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းနိုင်ရေးဟာ ဒီမိုကရေ စီအခြေခံများနဲ့ ပြည်ထောင်စု စနစ်အခြေခံများအပေါ် တည်ဆောက်ထားတဲ့ အခြေခံဥပဒေတစ်ရပ်ကို နောက်ခံပြုဖွဲ့စည်းရမှာ ဖြစ်ပါ တယ်။ အဲဒီလို အခြေခံများပါဝင်တဲ့ အခြေခံဥပဒေဖြစ်အောင် ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ဆင်ရပါ မယ်။ ပြင်ဆင်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲက အတည်ပြုပေါ်ထွက်လာမဲ့ နိုင်ငံရေး၊ စီးပွားရေး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဆိုင်ရာအချက်တွေလည်း ပါဝင်ရပါလိမ့်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်မှ သာ တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးကို ဆောင်ယူနိုင်မှာဖြစ်သလို၊ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အာမခံနိုင်မယ်လို့ ကျွန်တော်တို့ပါတီက ယုံကြည်ပါတယ်။ ပြည်ထောင်စုကို ဘာကြောင့် စစ်မှန်ရမယ်လို့ ဆိုရတာလဲ။ ဘာကြောင့်ဆိုတော့ ဒီမြန်မာနိုင်ငံ မှာ ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေသုံးရပ်စလုံးဟာ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ပြည်ထောင်စုပုံသဏ္ဍာန်ကို မရောက်ခဲ့ကြ ဘူး။ အနှစ်သာရတွေ အနေနဲ့လည်း ဖြည့်ဆည်းပေးနိုင်စွမ်းမရှိခဲ့ဘူးလို့ ပြောရပါမယ်။ ပြည်တွင်း ငြိမ်းချမ်းရေး မရတဲ့အတွက် လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ ပြည်သူတွေကြုံတွေ့နေရခြင်းရဲ့ တရားခံဟာ ဘယ်သူလဲလို့ မေးရင် အဖြေက အခြေခံဥပဒေတွေပါပဲ။ အဲဒီဥပဒေတွေမှာ ပြည်ထောင်စုစနစ်မပြည့်စုံ မှု၊ ပြည်ထောင်စု အနှစ်သာရ အားနည်းမှုနဲ့အမျိုးသားညီညွတ်ရေးအမြင်ကို အဓိကမထားခဲ့ မှုတွေ ကြောင့်လို့ ဆိုရမယ်။ ဒါကို အဓိပ္ပါယ်ပြန်လိုက်တဲ့အခါ လက်တစ်ဆုပ်စာအုပ်ချုပ်သူအလွှာတွေရဲ့ ရေရှည်နိုင်ငံရေးအတွေး လွဲမှားမှုတွေကြောင့် သာမန်ဗမာလူမျိုးများဟာ သူတို့ပယောဂမပါပဲ ဗမာ လူမျိုးကြီးဝါဒ တံဆိပ်ကပ်ခံ နေကြရတာဖြစ်ပါတယ်။ ဒီနိုင်ငံရေးအယူအမြင် လွဲမှားမှုကြီးကိုခု ကျွန်တော်တို့တတွေဟာ စစ်မှန်တဲ့ ပြည်ထောင်စု အနှစ်သာရနှုန်းစံတွေနဲ့ ပြင်ဆင်ကြရပါမယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အားလုံးအရေး ဟာ ပြည်ထောင်စုအရေးပါပဲ။ ဒါကြောင့် ပြည်ထောင်စုဖြစ် တည်ရေးဟာလည်း တိုင်းရင်းသားအားလုံးရဲ့ အရေးပဲလို့ ဆိုရပါမယ်။ လူမျိုးကြီးဝါဒကင်းစွာ၊ ကျဉ်းမြောင်းတဲ့လူမျိုးစွဲဝါဒမပါ၊ လူမျိုးတစ်မျိုး တည်းက လွှမ်းမိုးချယ်လှယ်တယ်ဆိုတဲ့အမြင် ကင်းရှင်းစွာနဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ပြည်ထောင်စု အဖြစ် ရောက်မှဖြစ်ပါမယ်။ ပြည်နယ်ပေါင်းစုပြည်ထောင်စုအသွင် ဖြစ်စေရမယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ အများညီဆန္ဒနဲ့ အာဏာခွဲဝေကျင့်သုံးရေး ပီပြင်စွာရ ရှိအောင် ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရပါမယ်။ ကျွန်တော်တို့ တစ်တွေ ဟာ သားစဉ်မြေးဆက် ခိုင်မြဲတည်တံ့တဲ့ ပြည်ထောင် စုနိုင်ငံတစ်ခုကို အပြန် အလှန် လေးစားယုံကြည်မှုနဲ့ တည်ဆောက်ရာမှာ “ ပြည်ထောင်စုနိုင်ငံသားအမျိုးသားရေးစိတ်ဓါတ် ” ထီးရိပ်အောက်မှာ တစ်စုတစ်စည်းတည်းရပ်တည်နိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်တည်ရေးဟာ မြန်မာနိုင်ငံရဲ့ လက်ငင်းနိုင်ငံရေး လိုအပ်ချက် ဖြစ်သလို၊ အမျိုးသားညီညွတ်ရေး ပန်းတိုင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တစ်ခုအဖြစ် ရောက်စေဖို့ဆိုရင် ... (က) အသွင်သဏ္ဍာန်အားဖြင့် ပြည်နယ်ပေါင်းစုပြည်ထောင်စုဖြစ်ရမယ်။ (ခ) နိုင်ငံသားတိုင်းဟာ အချုပ်အခြာအာဏာပိုင်သူတွေ ဖြစ်ရမယ်။ (ဂ) အနှစ်သာရအားဖြင့် အခြေခံဥပဒေအရ တိကျတဲ့ အာဏာ ခွဲဝေကျင့်သုံးမှုတွေရှိရမယ်။ (ဃ) ပြည်ထောင်စုဝင် ပြည်နယ်အားလုံး တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ လူမျိုးတိုင်းရဲ့ မွေးရာပါ အခွင့်အရေးများအပေါ် အာမခံချက် ရှိစေရမယ်။ (င) ပြည်နယ်များရဲ့ အချုပ်အခြာအာဏာကို ယင်းပြည်နယ်သားများက ပိုင်ပြီး ဒီမိုကရေစီနည်းအရ လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့်ရှိရမယ်။ စတဲ့အချက်တွေဟာ မြန်မာနိုင်ငံသားတွေအတွက် ယနေ့တိုင် ပင်လုံညီလာခံနိုင်ငံရေးအိပ်မက်မက်နေဆဲပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ယနေ့ ယခုအခါမှာဒီစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တည် ရေးဆီကိုမဖြစ်မနေရောက်အောင်သွားကြပါစို့လို့NDFပါတီကဆန္ဒပြုပါတယ်။ ကြွရောက်လာတဲ့လူကြီးမင်းများခင်ဗျား .. အခုလို ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေး သဘောထားအပေါ်မှာ မကွဲပြားကြပေမယ့် တန်းတူ ညီမျှမှု သဘောသဘာဝ နဲ့ ပြည်နယ်ပေါင်း စုအနေအထားကို ရှင်းပြဖို့လိုမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု တစ်ခုတည်ကြမယ်ဆိုရင် အဲဒီပြည်ထောင်စုသားတွေရဲ့ ညီညွတ်မှု ကို ဖော်ဆောင်နိုင်မယ့် အာဏာခွဲဝေ ကျင့်သုံးမှု၊ ဒေသခံပြည် သူတွေရဲ့ဆန္ဒနဲ့အညီ ပြည်နယ်အချိုးအစားသတ်မှတ်မှု၊ နယ်နိမိတ်နယ်ပယ် အကျယ်အ၀န်းပိုင်းခြားမှု၊ ဒေသတွင်းနေ လူမျိုးအစုအဝေးတွေရဲ့ ဆန္ဒသဘောထားထင်ဟတ်မှုတွေကို အဓိကထားရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ပြည်နယ်တစ်ခုစီရဲ့ လူဦးရေနဲ့ ထွက်ကုန်ပမာဏ၊ အတူ တကွ နေထိုင်ကြမဲ့ လူမျိုးစုအသီးသီးရဲ့ သဘောဆန္ဒ၊ အုပ်ချုပ်ရေးဆိုင်ရာ နယ်ပယ်အကျယ်အ၀န်းပမာဏနဲ့ လမ်းပမ်းဆက်သွယ်ရေး၊ အမျိုးသား လုံခြုံရေးနဲ့ သယံဇာတအချိုးအဆတွေကိုပါ ထည့်သွင်းစဉ်းစားပြီး မှ ပြည်နယ်တစ်ခု ထူထောင်မှုကို စဉ်းစားရပါမယ်။ နောက်တစ်ချက်ကတော့ တန်းတူညီမျှမှုပေါ် ရှုမြင်ပုံ သဘောထား ပါပဲ။တန်းတူညီမျှမှုဆိုတာ ဥပဒေအောက်မှာ လူမျိုးတိုင်းတန်းတူအခွင့် အရေးရှိစေရမှာကို ရည်ညွှန်းပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်လို့ ပြောတာဖြစ်ပါတယ်။ ပြည်နယ် အချုပ်အခြာ အာဏာဘောင်အတွင်းမှာ “လူမျိုးတိုင်း” အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်ရေးတွေ တန်းတူညီမျှရှိစေမှာဖြစ်တယ်။ ဒါကြောင့် အချုပ်အခြာ အာဏာသုံးရပ်က ခွင့်ပြုချက်မှန်သမျှကို လူမျိုး ဘာသာ အဆင့်အတန်းနဲ့ လိင်မခွဲခြားပဲ နိုင်ငံသားအခွင့်အရေးတွေ အညီအမျှရရှိစေရမယ်ဆိုတဲ့ ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးသဘာဝကျတဲ့အဆိုတစ်ခုကို တင်ပြလိုပါ တယ်။ အဲဒါက တိုင်းရင်း သား လူနည်းစုတွေဟာ လူများစုဗမာလူမျိုးတွေ ကို ဆန့်ကျင်ဖို့ဆိုတဲ့ အမုန်းတရားတွေနဲ့ မွေးဖွားလာ ကြတာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်တော့ ဒီနိုင်ငံထဲမှာ ခွဲခြားဆက်ဆံခံရမှုတွေအားလုံး အဆုံး သတ်သွားချိန်မှာ ပြည်သူ တစ်ရပ်လုံးဟာ တန်းတူညီမျှဖြစ်တယ် ဆိုတဲ့ အရသာကို ခံစားကြရမယ်လို့ ဆိုထားပါတယ်။ တန်းတူညီမျှမှုမရှိစေတဲ့ အကြောင်းတရားက ဘာလဲ။ ပြည်နယ်ပြည်မ ဆင်းရဲချမ်းသာ ကွာဟ စေပြီး စီးပွားရေးဘ၀တွေ နိမ့်ကျအောင်ဖြစ်စေခဲ့ ရတာက ဘာလဲ။ ဒါဟာ အာဏာနဲ့အုပ်ချုပ်ရေး တွေက ဖန်တီးလိုက်တဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါတွေ အဆုံးသတ်စေဖို့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုသစ်ကို ၀ိုင်းဝန်း ထူထောင်ကြရေးဟာ ပြည်သူအားလုံးရဲ့ ပြည်ထောင်စုနိုင်ငံသားတွေရဲ့ အမျိုးသားရေးကြီးပဲဖြစ် ပါတယ်။ ဖွဲ့စည်းပုံအသစ်ပြင်ဆင်ရေးမှာ တချို့က (၈)ပြည်နယ်၊ တစ်ချို့က (၁၄)ပြည်နယ်ပဲဖြစ် သင့်တယ်ဆိုပြီး ကွဲလွဲမှုတွေတွေ့ရပါတယ်။ လူမျိုးကြီး(၈)မျိုးဗဟိုပြုတဲ့ (၈)ပြည်နယ်ပဲဆိုရင် ကျန်လူမျိုး (၁၀၀)ကျော်ရဲ့ ပါဝင်ကိုယ်စားပြုမှုဟာ တန်းတူအခွင့်ရေးနဲ့ တိုင်းတာလို့ မရနိုင်တော့ပါ။ လူမျိုး(၁၀၀) ကျော်ကိုလည်း ပြည်နယ်သတ်မှတ်ပေးဖို့ဆိုတာ နိုင်ငံရေးသဘာဝ ယုတ္တိလည်းမကျနိုင်ပါ။ ဒါကြောင့် NDF ပါတီဟာ လူမျိုး ကြီး (၈)မျိုး ပဓာနပြုပါဝင်တဲ့ (၁၄)ပြည်နယ်အပြင် အနာဂါတ်ပြည်ထောင်စု ၀င် ပြည်နယ်တွေ ဒေသအလိုက် ဖြစ်တည်လာနိုင်ရေးအတွက် အခြေခံဥပဒေမှာ လမ်းဖွင့်ထားရေးကိုသာ သတ်မှတ်ပေးဖို့ စဉ်းစား ထားပါတယ်။ လူမျိုးပေါင်းစုံ နေရာဒေသစုံမှာနေထိုင်ကြတဲ့ ဒီနိုင်ငံမှာ တိုင်းဒေသကြီးတွေက ဗမာလူမျိုးတွေရဲ့နေရာ၊ ပြည်နယ်တွေကတော့ တိုင်းရင်းသားတွေရဲ့နေရာဆိုပြီး ခွဲခြားရှုမြင်လို့ မရပါဘူး။ တိုင်းဒေသကြီးတွေမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ တိုင်းရင်း သား ရေးရာဝန်ကြီးတွေ လွှတ်တော်တွေထဲမှာ ယနေ့မျက်မြင်ရှိနေတာ သက်သေပါပဲ။ အထက်မြန်မာပြည်- အောက်မြန်မာပြည်နဲ့ တနင်္သာရီတိုင်း တို့ ပေါင်းပြီး ဗမာပြည်နယ် လုပ်ရမယ်ဆိုရင် ဒီနယ်ပယ်အကျယ်အ၀န်းဟာ အုပ်ချုပ်ရေးဆိုင်ရာခက်ခဲမှု့၊ ကြန့်ကြာမှု့နဲ့ ၀န်ဆောင်မှု စရိတ်စကတွေနဲ့ တင် လုပ်ငန်းဆောင်တာမှာ စိန်ခေါ်မှုများစွာ ကြုံရမှာဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ထဲမှာ ပြည်နယ်လူမျိုးစုကိုယ်စားလှယ်တွေထက် တိုင်းဒေ သကြီး(၇)ခုပေါင်း ဗမာကိုယ်စား လှယ်တွေက အသာစီးရနေတယ် ဆိုတဲ့အမြင်ကြောင့် (၈)ပြည်နယ်ဖွဲ့စည်းပုံ့မျိုးနဲ့ မစဉ်းစားပဲ မဲဆန္ဒနယ် အရေအတွက်ပြင်ဆင်ရေး အဆိုပြုချက်နဲ့ ချိန်ဆပြီး (၁၄)ပြည်နယ်တင် ပုံသေကန့်သတ် မထားပဲ လူမျိုးစုတွေရဲ့ဆန္ဒ အလိုက် ပြည်နယ် သစ်တွေ ပေါ်ပေါက်လာရင် အမျိုးသားလွှတ်တော်တွင်း ကိုယ်စားလှယ် အချိုးအဆလည်း ပြောင်းလဲသွားမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ဘာကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ထူထောင်ချင်ရတာလဲ။ မိမိတို့အစဉ်အဆက် နေထိုင်လာခဲ့တဲ့ ဒီမြေဒီရေပေါ်မှာ လူမျိုးပေါင်းစုံလက်ရှိနေ ထိုင်တဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးတိုင်းတန်းတူညီမျှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင်ရဘ၀တွေနဲ့ ခွဲထွက်ခြင်းမရှိ အတူ နေထိုင်ကြတဲ့ ဖက်ဒရယ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေ ရှင်သန်နေကြလို့ပဲဖြစ်ပါတယ်။ လူကြီးမင်းများ ခင်ဗျား- အဲဒါကြောင့် လူမျိုးပေါင်းစုံ ချစ်ကြည်စွာနေကြရမဲ့ ဖယ်ဒရယ်ပြည်ထောင်စုသစ်ကြီးကို တိုင်းရင်းသားပြည်သူအားလုံး အဆင့်အတန်းအရလည်းကောင်း၊ အခွင့်အလမ်းအရလည်းကောင်း တူ မျှပြီး ခွဲခြားဆက်ဆံခြင်းမရှိ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးအပေါ် လွှမ်းမိုးချုပ်ချယ်ခြင်းမရှိ တစ်မျိုးသားလုံး သွေးစည်းချစ်ကြည်မှုတွေနဲ့ ထူထောင်ကြပါစို့လို့ ပြောကြားလိုပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရေး အထက်ပါတင်ပြခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်တဲ့အခါ မြန်မာပြည်သူတွေ ရှစ်လေးလုံးမှာ တောင်းဆိုခဲ့ တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထူထောင်ဖို့ရာ နိုင်ငံရေးလမ်းကြောင်းကြီးကို ပီပြင်စွာတွေ့ရ လိမ့်မယ် လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရေး ဟာ ရှေ့ကိုတော့ဆက်သွားနေပါတယ်။ ဒါပေမယ့် ရွေးလျားနေတဲ့ နှုန်းက ဘယ်လောက်လဲဆိုတာတော့ တိုင်းတာလို့မရသေးပါဘူး။ စနစ်သစ်ဆီသွားတဲ့နေရာမှာ စနစ် ဟောင်း အတွေးအခေါ်လုပ်ရပ်တွေနဲ့ ပုဂ္ဂလိကအကျိုးစီးပွားတွေရဲ့ လွန်ဆွဲမှုကိုတော့ ခံနေရဆဲပါ ပဲ။ နိုင်ငံရေး အကူးအပြောင်း တရွေ့ရွေ့သွားနေတာမှာ ခုအခါ ဖြေလျော့မှုအဆင့်မှာတင် ရှိနေပြီး ဒီမို ကရေစီနိုင်ငံရေးစနစ်ဘောင်ဆီ မရောက်သေးပါဘူး။ ဘာကြောင့်ပါလဲ ဒီနိုင်ငံရေးပြောင်းလဲမှုကို အထက်ကစပြောင်းတဲ့ အတွက် အောက်ခြေအထိ ကျယ်ပြန့်နက်ရှိုင်းစွာ ထိတွေ့နိုင်ခြင်း မရှိသေး တာကြောင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးတွေမှာ ရေရှည်အကျိုးစီးပွားတွေကို ရှေ့ရှုပြောင်းလဲနေတဲ့အတွက် အခြေခံလူတန်းစားတွေရဲ့ လူမှုစီးပွားရေး ဘ၀ အုပ်ချုပ် ခံနေရတဲ့ နေ့စဉ်နိုင်ငံရေး၊ အုပ်ချုပ်ရေးဘ၀တွေကိုတ မဟုတ်ခြင်း၊ မပြောင်းလဲနိုင်တာ တွေ့နေရပါတယ်။ ဒါကြောင့် ရေတိုပြောင်းလဲမှုတွေ မှာ ပြည်သူတွေစားဝတ်နေမှု အဆင်ပြေရေး နဲ့ လယ်ယာကုန်ထုတ်လုပ်ငန်း တိုးတက်မှုကို တစ်ပြိုင်တည်းလုပ်ဖို့လိုပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးရေးဟာ ဒီနိုင်ငံသားပြည်သူတွေရဲ့ နိုင်ငံရေးမျှော် လင့်ချက်ကြီး ဖြစ်ပါတယ်။။ ဒါကြောင့် အထက်ကတင်ပြခဲ့တဲ့ နိုင်ငံရေးအခြေခံအချက်ကြီး (၃)ချက် ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီးနောက် ဒီမိုကရေစီ အနှစ်သာရဖြစ်တဲ့ လွတ်လပ်ခြင်းကို ဆောင်ယူပြီး တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနှင့်အတူ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ထူထောင်ကြရပါမယ်။ ဒီလို နိုင်ငံရေးရာသီဥတု နဲ့ကိုက်ညီတဲ့ အများညီစိတ်ဓာတ် နဲ့ စုပေါင်းဆောင်ရွက်တတ်ခြင်း၊ စိန်ခေါ်ချက်တွေကို ခံနိုင်ရည်ရှိရှိ စိတ်ဓာတ်ကြံ့ခိုင်စွာ ချဉ်းကပ်အဖြေရှာ တတ်ခြင်းနဲ့ လူဘောင် အဖွဲ့အစည်း အတွင်း မျှဝေခံစားတတ်ခြင်း စတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုတွေကို ကျွန်တော်တို့ဝန်းကျင်မှာ လူမှုယဉ်ကျေးမှုဓလေ့တွေဖြစ် လာအောင် ဆောင်ရွက်ပါမှ ဒီမိုကရေစီနိုင်ငံရေး စနစ် ကျင့်သုံးရာ ရောက်ပါလိမ့်မယ်။ လေးစားအပ်တဲ့ လူကြီးမင်းများခင်ဗျား- ဒီမိုကရေစီခေတ်က ချက်ချင်းရောက်မလာနိုင်ပါဘူး။ ဆယ်စုနှစ် နှစ်စုလောက်ဖြတ် သန်းပြီးပါမှ ဒီမိုကရေစီကျင့်စဉ်ဟာ လူထုမြင်ကွင်းထဲကို ချဉ်းနင်းဝင်ရောက်လာနိုင်စရာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ NDF ပါတီဟာ ပြည်သူ့အရေး ဖက်ဒရယ်ပြည်ထောင်စု အရေးနဲ့ ဒီမိုကရေစီ အရေးကို ဘယ်သောအခါမှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် NDF ပါတီဟာ လူကြီးမင်းများ နဲ့အတူ ဒီမိုကရေစီခေတ်ဆီရောက်သည်အထိ အတူ လက်တွဲလျှောက်လှမ်း သွားမယ်ဆိုတဲ့အကြောင်း ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ မှတ်ချက် ။ (၁၇.၉.၂၀၁၃)နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၃) ဆုံးဖြတ်ချက်အရ ယုံကြည်လေးစားလျှက် .....

ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရန်ကုန်မြို့

No comments:

Post a Comment