Wednesday, February 13, 2013

ထမင်းတစ်နပ် လျှော့စားရန်ပြောဆိုသော လယ်ဆည်ဝန်ကြီးကိုယ်တိုင် လယ်ထွန်ကြည့်ရန် လယ်သမားများက ဖိတ်ခေါ်


ကိုရဲ

မြန်မာနိုင်ငံအပေါ်တွင်  နိုင်ငံတစ်ကာမှ တင်ရှိနေသော ကြွေးမီများအား လျှော်ပေးနေချိန်တွင် နိုင်ငံ၏ အသက်သွေးကြောဖြစ်သော လယ်သမားများတွင် တင်ရှိနေသော အကြွေးများဆပ်ရန်အတွက် ထမင်းတနပ်လျှော့စားရန် ပြောဆိုသော လည်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ စကားကြောင့် လယ်သမားများအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်းနှင့် လယ်သမားများ လက်ရှိကြုံတွေ့နေရသော အခြေအနေကို ကိုယ်တိုင်သိရှိနိုင်စေရန် ၀န်ကြီးကိုယ်တိုင်လာရောက်ကာ လယ်ယာအလုပ်ကို လုပ်ကိုင်စေလိုကြောင်း ညောင်လေးပင်မြို့နယ် လယ်သမားများက ဖိတ်ခေါ်လိုက်သည်။


ဖေဖော်ဝါရီ ၉ရက်က ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရွာတွင် ပြုလုပ်သည့် တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော ပြသနာများနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် လယ်သမားများက ယင်းကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး ဒေသခံလယ်သမားများက ၄င်းတို့ရင်ဆိုင်နေရသည့် ငါးဖမ်းအင်းများကြောင့် နှစ်စဉ်လယ်မြေများရေနစ်မြုပ်မှုကိစ၊ ချေးငွေဆပ်ရန် ကြုံတွေ့နေရသည့်  အခက်အခဲများကို ရှင်လင်းပြော ကြားခဲ့သည်။

“လယ်သမားတွေ အကြွေးဆပ်ဖို့ ထမင်းတနပ်လျှော့စားဖို့ ၀န်ကြီးက အကြံပြုပြောကြားသွားတယ်လို့ ကျွန်တော် ကြားသိရပါတယ်။ သူရဲ့စိတ်ထဲမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာမသိပေမဲ့ လယိသမားတွေ စရိတ်ချွေတာဖို့ ပြောတယ်လို့တော့ ကျွန်တော်ယူဆပါတယ်။ မှားချင်လည်း မှားမှာပေါ့။ ကျွန်တော်ဖြစ်စေချင်တာကတော့ ၀န်ကြီးကိုယ်တိုင် တာဝန်က ခေတ္တရပ်နားပြီး ကျွန်တော်တို့ လယ်သမားတွေ စီးပွားရေး ပိုင်ဆိုင်သလောက်နဲ့ ၀န်ကြီးကိုယ်တိုင် လာပြီးတော့ ထွန်ယက်စိုက်ပျိုးဖို့ ကျွန်တော်က ဖိတ်ခေါ်ချင်ပါတယ် ”ဟု ညောင်လေးပင်မြို့နယ် တော်ပသီကျေးရွာမှ လယ်သမားဖြစ်သူ ကိုအေးလွင်က ပြောသည်။

ထို့အပြင် ၄င်းက ဆက်လက်ပြောဆိုရာတွင် လယ်သမားများအနေဖြင့် ချေးငွေများဆပ်နိုင်ရန် တတ်နိုင်သမျှ ချွေတာပြီးလုပ်ဆောင်နေရကြောင်းနှင့် ချွေတာသလောက်လည်း ဒုက္ခကြုံတွေ့နေရကြောင်း၊ နိုင်ငံတော်အနေဖြင့် လယ်သမားများကို ငွေထုတ်ချေးယုံဖြင့် တာဝန်ကျေပြီဟု မယူဆသင့်ကြောင်း၊ ပဲခူးတိုင်းဒေသအတွင်း စည်းကမ်းမဲ့ လုပ်ဆောင်နေသော ရေလုပ်ငန်း၊ အင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပဲ  ငွေပံ့ပိုးယုံဖြင့် လယ်သမားများဘ၀ တိုးတက်မှု မရှိနိုင်ကြောင်းတို့ကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် ရေဖြူကန်ကျေးရွာမှ လယ်သမား ဦးညွန့်လွင်ကတင်ပြ ပြောကြားရာတွင် မြန်မာနိုင်ငံသည် ရေနံ၊ ကျွန်းသစ်စသည့် သဘာဝသယံဇယတများ ပေါကြွယ်ဝသော နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း အခြားသောနိုင်ငံများမှ ချေးငေရယူခြင်းများရှိနေကြောင်း၊ ထို့အပြင် နိုင်ငံအချို့က အဆိုပါကြွေးမီများ လျှော်ပေးနေသည်ကိုလည်း ကြားသိရပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံတစ်ကာမှ ကြွေးမီများလျှော်ပေးနေချိန်တွင် နိုင်ငံ၏ အဓိက အသက်သွေးကြောဖြစ်သည့် လယ်သမားများ အမှန်တကယ် ဒုက္ခကြုံတွေ့နေရချိန်တွင် ပြသနာအရင်းအမြစ်ကို သေချာမလေ့လာပဲ ၀န်ကြီးတစ်ယောက်အနေဖြင့် ထိုကဲ့သို့ပြောဆိုခြင်းကြောင့် လယ်သမားတစ်ဦးအနေဖြင့် အလွန်ပင် ခံစားရကြောင်းကို ပြောဆိုတင်ပြသွားခဲ့သည်။

“ကျွန်တော်တို့ ငယ်ငယ်ကကြားဖူးတာလေး သွားသတိရတယ်။ ခြင်္သေ့အရေခြုံတဲ့ မြေခွေးဟာ ကြာတော့ လည်ချောင်းယားလာတော့ ဟိန်းချင်ဟောက်ချင်တော့ ခြင်္သေ့လို ဟိန်းဟောက်လိုက်တာ ခြင်္သေ့သံမထွက်လာပဲ ခွေးသံထွက်လာတယ် ဆိုတော့ အခု ကျွန်တော်တို့ဟာ ဒီအသံကို ဘာသံလို့ ပြောရမလဲ”ဟုရေဖြူကန်ကျေးရွာမှ လယ်သမား ဦးညွန့်လွင်ကပြောသည်။

ညောင်လေးပင်မြို့နယ်အနီးတ၀ိုက်မှ စည်းကမ်းမဲ့ လေလံအင်းများကြောင့် ချောင်းများ ရေစီးရေလာပိတ်ဆို့ကာ နှစ်စဉ် လယ်မြေများ ရေလွှမ်းနစ်မြုပ်မှု ကြုံတွေ့နေရသည်။ လယ်သမားများသည်  ချေးငွေကို အချိန်မှီ ပြန်ဆပ်ရန် ကြိုးစားရုန်းကန်နေကြရသော်လည်း နိုင်ငံတော်မှ လေလံငါးဖမ်းအင်းများကို စည်းကမ်းတကျ ဥပဒေနှင့်အညီ ထိန်းကြောင်းနိုင်မှုမရှိခြင်းကြောင့် ယခုလာမည့်နှစ် စပါးစိုက်ရာသီတွင်လည်း အလားတူပြသနာများဖြင့် ကြုံတွေ့လာနိုင်ကြောင်း ဒေသခံလယ်သမားများက ပြောသည်။

No comments:

Post a Comment