Thursday, February 7, 2013

မိမိလိုလားသူ အနိုင်မရ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်ရွှေးရန် ဖိအားပေးသူ မြို့နယ် အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ

ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွှင်သည် ကူးတို့ဆိပ် ကျေးရွာ အုပ်စုတွင် သူလိုလားသူ ကျေးရွာ အုပ်ချုပ်ရေးမှူး မဖြစ်လာသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွှေးချယ်ရန် ကျေးရွာသားများကို ဖိအားပေးရာ ကျေးရွာသားများက စုပေါင်း လက်မှတ်ထိုးပြီး ဦးတင့်လွှင်အား အရေးယူရန် စာရေး တိုင်ကြားလိုက်သည်ဟု သိရသည်။

အဆိုပါ တိုင်ကြားစာအား ဖေဖေါ်ဝါရီလ ၆ ရက်နေ့က သံတွဲခရိုင် အုပ်ချုပ်ရေးမှူးသို့ လိပ်မူတတ်ကာ ကျေးရွာသားများက ပေးပို့လိုက်ကြသည်ဟု ဆိုသည်။

တောင်ကုတ်မြို့နယ် ကူးတို့ဆိပ် ကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲကို လွန်ခဲ့သော နှစ် နိုဝင်္ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါ ကျေးရွာ အုပ်စုတွင် ဆယ်အိမ်ခေါင်း ကိုယ်စားလှယ် (၃၆) ဦးအား ရွှေးချယ်ပြီး မဲပေးကြရာ ကျေးရွာအတွင်းမှ အများပြည်သူ ကြည်ညိုသူ ဦးကျော်ဆန်းအား ထောက်ခံမဲ (၂၂)မဲ၊ ကန့်ကွက်မဲ (၂)မဲ၊ ဗလာမဲ ၁၂ မဲဖြင့် ဆန္ဒပေး ရွှေးချယ်ခဲ့ကြသည်ဟု ဆိုသည်။

သို့သော် မြို့နယ် အုပ်ချုပ်ရေးမှူးမှ လိုလားသူ ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းအောင်မှာ အရည်အချင်း မမှီ၍ ရွှေးချယ်မခံရဟု သိရသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် အပေါင်းအပါ တစ်စုတို့မှ ရွှေးချယ်တင်မြှောက်ပွဲ မတရားဟု ဆိုကာ ပြန်လည် ရွှေးချယ်ပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွှင်အား စာရေးတိုင်ကြားရာ ဦးတင့်လွှင်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲကို ပြန်ကျင်းပရန် ကျေးရွာကြီးကြပ်ရေး အဖွဲ့ကို ဖိအား တောင်းဆိုနေသည်ဟု သိရသည်။

ယင်းသို့တိုင်ကြားခြင်း အပေါ် ခရိုင် ဒုဦးစီး (ယာယီမြို့နယ်ဦးစီး) မှ တစ်ကြိမ်၊ မြို့နယ်စုံစမ်း စစ်ဆေးရေး အဖွဲ့ မှ တစ်ကြိမ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ နှစ်ကြိမ် ကြီးကြပ်ရေးအဖွဲ့အား ခေါ်ယူ စစ်ဆေး မေးမြန်းခဲ့ဟု သိရသည်။

မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ယခင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင် ပါဝင်လာစေရန် အကြိမ်ကြိမ်ပြောဆိုပြီး ဦးထွန်းအောင် ပါဝင်ပါက သူကိုယ်တိုင် ကူးတို့ဆိပ် ကျေးရွာသို့ ဆင်လာပြီး ရွေးချယ်ပေးမည့် အကြောင်းနှင့် အကယ်၍ ဦးထွန်းအောင် သာ မပါဝင်ပါက “၎င်းအား အကြောင်းမကြားနှင့်” ဟုဆိုကာ ကျေးရွာ  ကြီးကြပ်ရေး အဖွဲ့အား ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထိုသို့ ဖိအား ပေးသော်လည်း ကူးတို့ ဆိပ် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ကျေးရွာ ကြီးကြပ်ရေး အဖွဲ့မှ ဒုတိယအကြိမ် ပြန်လည်၍ထပ်မံမပြုလုပ်လိုဘဲ ဖြစ်နေသဖြင့် အုပ်ချုပ်ရေးမှူးရွေးပွဲ ထပ်မံပြုလုပ်ရန် မတရား ဖိအားပေးနေသည်ဟု ဆိုကာ ကျေးရွာသား ၂၂ ဦး လက်မှတ်ဖြင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင် အား အရေးယူဆောင်ရွက်ရန် တိုင်ကြားလိုက်သည်ဟု သိရသည်။

၎င်းပြင် တိုင်ကြားစာထဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွှင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော အုပ်ချုပ်ရေးမှူးတွင် ပြည့်စုံရမည် အရည်အချင်း (၁၁) ချက်အား တည့်သွင်းစဉ်းစားရမလိုဟု ပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုခြင်းသည် ပြည်ထောင်စု  လွှတ်တော်မှ ချမှတ်ထားသော ဥပဒေအား မထီမဲ့မြင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု သိရသည်။

Credit to : Narinjara
https://www.facebook.com/excellencemedia

အေးချမ်းမွန်

copy from   Aye Chan Mon facebook

No comments:

Post a Comment