Tuesday, December 11, 2012

ခဲမိုးရွာခဲ့သည့် ညောင်လေးပင်မြို့နယ် တော်ပသီကျေးရွာ ကြီးကြပ်ရေးမှူးရွေးချယ်ပွဲ



ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ပသီကျေးရွာ အရှေ့ပိုင်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူး(၅)ဦးအား ရွေးချယ်တင်မြောက်သည့် အခမ်းအနားကို ဒီဇင်ဘာ လ(၁၀)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ရာ ရွာသူ/ရွာသား အချင်းချင်းခိုက် ရန်ဒေါသဖြစ်ပြီး အခမ်းအနားကို ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျေးရွာကြီးကြပ်ရေးမှူး ရပ်မိရပ်ဖ(၅)ဦးရွေးချယ်ပွဲတွင် လက်ရှိကျေးရွာအုပ်ရေးမှူး ဦးမြင့်လှိုင်၏ တပည့်နှင့် အပေါင်းအပါလူတစ်စုက ၄င်းတို့လိုလားသော ပုဂ္ဂိုလ်(၅)ဦးကို ဦးစွာပထမအဆိုတင်သွင်းပြီး အပြန်အလှန်ရွေး ချယ်တင်မြောက်ကြပါသည်။ မြို့နယ်မှတာဝန်ရှိသူ ဥပဒေအရာရှိမှ နောက်ထပ်အဆိုတင် သွင်းရန်ရှိမရှိ အခမ်းအနားသို့ တက်ရောက်လာကြသည့် ရွာသူရွာသားများအား မေးမြန်းပါသည်။ ရွာသူ ရွာသား များမှလည်း ၄င်းတို့ကြိုက်နှစ်သက်သော ပုဂ္ဂိုလ်များအား ရွေးချယ်တင်မြှောက်ရန် ရွာသားတစ်ဦးမှ အဆို တင်သွင်းရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်၏ တပည့်ဖြစ်သူ ဦးသောင်းရွှေမှ အဆိုမတင်သွင်းရန် ပြောဆိုပြီး ဆဲဆိုကြိမ်းမောင်းကာ ကိုယ်ထိလက်ရောက် လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါသည်။ ထိုသို့ အချင်းဖြစ်ပွား မှုအား အနီးအနားရှိရွာသားများက ၀ိုင်းဝန်းဖြေရှင်းပေးနေစဉ် ဦးသောင်းရွှေ၏ သားဖြစ်သူ ကိုဘိုနိုင်ဆိုသူက ခမ်းမအပြင်ဘက်ရှိ အုတ်ခဲကိုယူလာပြီး အဆိုတင်သွင်းသူရွာသားအား ပြေးထုခဲ့ပါသည်။ ကျေးရွာအုပ်ချုပ်ရေး မှူး၏ တပည့်နှင့်အပေါင်းအပါလူတစ်စုက မင်းမဲ့စရိုက်ဆန်ဆန်ပြုမှုဆောင်ရွက်နေသည့်အတွက် ရွာသူရွာသား များမှလည်း မခံမရပ်နိုင်ဖြစ်ပြီး အပြန်အလှန် အုတ်ခဲနှင့်ပစ်ကြ၊ ထုကြ၊ ရိုက်ကြ၊ နှက်ကြဖြစ်ခဲ့ရပါသည်။ မြို့နယ်တာဝန်ရှိသူများလည်း နီးစပ်ရာ အုတ်နံရံကို ကျော်ခွပြီး ဘုန်းကြီးကျောင်းအပေါ်ထပ်သို့ ရှောင်ပုန်းခဲ့ရ ပါသည်။ ကျေးရွာကြီးကြပ်ရေးမှူး ရပ်မိရပ်ဖရွေးချယ်ပွဲကိုလည်း ဆက်လက်မဆောင်ရွက်နိုင်တော့ပဲ ပွဲပျက်ခဲ့ ရကြောင်းသိရှိရသည်။
ထိုသို့အချင်းများရန်ဖြစ်မှုအား ရွာသားဖြစ်သူ ဦးချစ်ကို(ဘ) ဦးဝင်းကြည် အသက်(၃၅)နှစ်မှ ညောင်လေးပင်မြို့ ရဲစခန်းတွင် ဥိးသောင်းရွှေ(ပါ) ၄ ဦးအား အရေးယူပေးရန်  သွားရောက်အမှုဖွင့်ခဲ့ရာ ရဲအရေးမပိုင်းသည့်အတွက် အမှုမဖွင့်ပေးခဲ့ပါ။ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက် တရားစွဲဆို ခဲ့ရပါသည်။ တော်ပသီကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်တင်မြှောက် ပွဲကို ဘယ်နေ့ဘယ်ရက် ပြန်လည်ကျင်းပမည်ဆိုတာကိုတော့ ကြေငြာခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

                                                                                                          အဖေ့သား(ပဲခူး)



No comments:

Post a Comment