Sunday, November 11, 2012

သာအေး ဘွာတေး နှင့် သာဂိ ညာညှိ ဆွေးနွေးခန်း


          သာအေး နှင့် ဘွာတေးတို့သည် တစ်လမ်းတည်းနေ အိမ်နီးနားခြင်းများ ဖြစ်၍ သာအေးမှာ စီးပွားရေး သာတောင့် သာယာနှင့် အမွေဆိုင်ပစ္စည်းများကို ရရှိပြီး သကာလ တိုက်ခံအိမ်လေးနှင့် ကိုယ့်ခြံကိုယ့်ဝင်း နှင့် အဆင်ပြေသယောင်ရှိ၏ ။ ဘွာတေးမှာ ဟိုးစပ်စပ် ဒီစပ်စပ် အဆက်မပျက် စာလည်းဖတ်၍ လူစုလူဝေး ရှိလျှင် လည်းရောက်တတ်ရာရာ သွားရောက်နားဆင်တတ်သည်ဖြစ်ရာ ၎င်းထံမှ သတင်းထူးလေးများ အကြောင်ထူး လေးများ ကြားနာရတတ်၏။ ၎င်းတို့ နှစ်ဦး နှင့် အလှမ်းမကွာလှသော အခြားသူငယ်ချင်း နှစ်ယောက်ရှိသေး၏ သောက်သောက်စားစား လူမင်းသားများ ဖြစ်ကြလေရာ စကားဝိုင်းဖွဲ့မိကြလျှင် ပေါက်ပန်းငါးဆယ် ပြောဆို တတ်ကြလေ၏။ ဤသည်ကား ခြေဆင်း . . . .
ဘွာတေး -
ဟေး သာအေး မင်းတစ်ယောက်ကတော့ ငြိမ့်နေတာပဲကွာ။ အမွေဆိုင်ပစ္စည်းလေးတွေ သိမ်းပိုက်ပြီး အငြိမ့်စားလုပ်မနေနဲ့လေကွာ။ စီးပွားရေးလေးဘာလေး  လုပ်မှပေါ့ကွ။


သာအေး -
ဟာ . . . ဘွာတေးရာ မင်းက အိမ်ရောက်မရောက်သေးဘူး အသံဗြဲကြီးနဲ့ ။ ငါ့ကလေး အိပ်နေတယ် တိုးတိုးသက်သာ လုပ်စမ်းပါ။
ဘွာတေး - ဟကောင် . . . ငါက မင်းကို စေတနာနဲ့ပြောတာ။ ငါအသံဗြဲတာ အခုမှ မဟုတ်ဘူး။ မင်းသောက် ပျင်းတက်ပြီး ရှိတာလေး ထိုင်စားလို့ ကုန်သွားမှာစိုးရိမ်လို့ အကြံလာပေးနေတာ။ အဲဒါဆိုလည်း ငါပြန်မယ်ကွာ။

သာအေး -
ဘွာတေးရယ် . . . မင်းတော့ကွာ စိတ်ကြီးလိုက်တာ။ ထိုင်စမ်းပါဦး။ မင်းက ငါအေးအေးဆေးဆေး နေတာ မကြည့်ရက်လို့ စီးပွားရေးလုပ်ဖို့ လာအကြံပေးတယ်ဆိုတော့ မင်းနဲ့တိုင်ပင်ရမှာပေါ့ကွာ။ ဘာတွေလုပ် လို့ ဘာတွေကိုင်ရမယ် အကြံပေးစမ်းကွာ။

ဘွာတေး -
အေး . . . အေး အဲဒါဆိုလည်း ထိုင်ပြီကွာ ။ ဒါနဲ့ ဟိုကောင် နှစ်ကောင်ပါ ခေါ်ပါ့လားကွ။ မင်းအ တွက်သူတို့လည်း အကြံပေးနိုင်ကောင်းပါရဲ့။

သားအေး -
ဘာလဲ ဖုန်းဆက်ရမှာလား ။ ဖုန်းနံပါတ်ပေးဦးဟ။ ဒီကောင်တွေဖုန်း ငါမသိဘူး။

ဘွာတေး - သာဂိဖုန်းက ၄၂၀၀ . . . . လေကွာ။ ညာညှိ ဖုန်းတော့ ငါလဲ မသိသေးဘူး။
တီ တီ တီ တီ တီ တီ တီ တီ တီ တီ တီ ( နှစ်သိန်းဖုန်းကား ၁၁ လုံးတိတိ ရှိ၏)
ဖုန်းနှိပ်နေရင်း သာအေးမှ - ၂သိန်းဖုန်းတွေ ပေါ်လာတော့ အတော်အဆင်ပြေတယ်ကွ။ ပိုက်ဆံကဒ် ဖြည့်ဖို့ မတတ်နိုင်တောင် ဖုန်းလေးကိုင်ထားရင် ခေါ်ချင်တဲ့အခါ အလွယ်တကူခေါ်လို့ရတယ် . . . နော် သားကြီး။

ဘွာတေး -
လျှာရှည်ပြန်ပြီကွာ ။ ပြောမပြောချင်ဘူး ၅၀၀၀ တန်ဆို ဒါ့ထက် အဆင်ပြေတာပေါ့ကွာ ။ မင်းနဲ့ . . .

သာအေး -
အေး ပါ ကွာ အေးပါ။ ဟုတ်ပါပြီ မင်းနဲ့ပြောရင် ဆုံးမှာ မဟုတ်ဘူး။
သာဂိ ဖုန်းကိုင်သောအခါ အိမ်ကိုလာခဲ့ရန် ဖိတ်မဏ္ဍကပြုလိုက်သဖြင့် ညာညှိကိုပါခေါ်၍ လာခဲ့မည် ဖြစ်ကြောင်း သိရပြီး

သာအေး -
ဟိုကောင်တွေ လာခဲ့မယ်တဲ့။ ငါ ကော်ဖီဖျော်လိုက်ဦးမယ်။
နာရီဝက်ခန့် ကြာသော် သာဂိ ညာညှိ အတွဲသည် စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေသည်။

သာဂိ -
ဟေး သာအေး ငါတို့ရောက်လာပြီကွ ။ နေညိုရင် လေပျိုတယ်ကွနော် ။ အချိန်က ကျနေပြီ။ မင်းခေါ်တာ မင်းတာဝန်ပဲ ဟား . . . ဟား . . . ဟား . . .ဟား။

ညာညှိ -
ကိုယ့်တာဝန် ကိုယ်မယူလို့ကတော့ ငါနဲ့တော့လား တွေ့ပြီသာမှတ်။

သာအေး -
ဘွာတေး ရေ မင်းအကြံပေးလို့ ငါခေါ်လိုက်တာနော် ။ မင်းပထွေးတွေက ရောက်မရောက်သေးဘူး ဇာတ်လမ်းက စပြီ။ ကြည့်ရှင်းလိုက်ဦး။

ဘွာတေး -
ဟေ့ကောင်တွေ မင်းတို့ကလည်း ငတ်မှန်းလူသိတယ်။ အခုမင်းတို့ကို ခေါ်တာက မတွေ့တာလည်း ကြာလို့ ။ ဒီကောင်ကြီးအတွက် အလုပ်အကိုင် အကြံဥာဏ်လေး ဘာလေး ပေးဖို့ အေးအေး ဆေးဆေး စကားပြောဖို့ ခေါ်လိုက်တာ ။ မင်းတို့အပေါက်တွေ ခဏလေး ပိတ်ထားလိုက်ဦး။

သားအေး -
ဟေ့ ကောင်တွေ မင်းတို့ မပူပါနဲ့ မင်းတို့ကို ငါတိုက်တော့ တိုက်မှာပါ . . . ကော်ဖီ။

သာဂိ+ညာညှိ -
အေး . . . အေး မင်းတို့က လူစိတ်ပေါက်နေတဲ့ အချိန်ဆိုတော့လည်း ငါတို့ကပဲ လျှော့ပေးရ မှာပေါ့ကွာ။ လာဟေ့ ပြောကြစမ်း ငါတို့ကတော့ မင်းတို့ ပြောတာ နားထောင်ရင်း ပေါ်တဲ့အကြံ တစ်သိန်းတန် ပေါ့ကွာ။

ဘွာတေး -
အေးကွာ . . . ဒီကောင်ကြီး မိဘအမွေတွေရထားပြီး ဘာမှ မလုပ်ဘဲနဲ့ တော်တော်ကြာ ရှိတာလေး ထိုင်စားရင် ပြောင်သွားမှာ စိုးလို့ အလုပ်တစ်ခုခုလုပ်ဖို့ ငါက အကြံလာပေးတာ။ အဲဒါ မင်းတို့လည်း တတ်နိုင် သလောက် အကြံဥာဏ်လေး ဘာလေး ဘာလုပ်ရင်ကောင်းမလဲ စသည်ဖြင့်ပေါ့ကွာ ။ နှုတ်၏ ဆောင်မခြင်းပေါ့။

သာအေး -
ဘွာတေးပြောတာ မှန်တော့မှန်တယ်ကွ။ မင်းတို့လည်း သိတဲ့အတိုင်း ငါက အိမ်ကပေးတာ သုံးဖြုန်း ပြီး နေလာတာ။ အခု ကိုယ့်အိုးကိုယ်အိမ်နဲ့ဆိုတော့ အရင်လို လက်ယား လက်ယား လုပ်လို့ မရတော့ဘူး လေကွာ။

သာဂိ -
အေးအေးဆေးဆေးသာ နေစမ်းပါကွာ ။ မင်းရတဲ့အမွေက နှစ်နှစ်လောက် အေးအေးဆေးဆေး ထိုင်စား လို့ ရပါသေးတယ်။

ညာညှိ -
ဟေးကောင် မင်းကို တကုတက လှမ်းခေါ်ပြီး တိုင်ပင်တာ ။ မင်းပေးတဲ့အကြံအစည် ကောင်းလှ ချည်လား။ ထရိုက်သတ်လိုက်ပြန်ရောမယ်။

သာဂိ -
ငါသိတာ ငါပြောရတာလေကွာ ။ မင်းကလည်း ဒေါကြီးပဲ . . . .

ဘွာတေး -
ဟေ့ကောင်တွေ မဟုတ်သေးဘူး။ ငါပြောပြမယ် ဒီကောင်ရထားတဲ့ အမွေက တော်တော်တန်တန် မဟုတ်ဘူး။ ကုမ္ပဏီ တစ်ခုတောင်ထောင်လို့ရတယ်။ မင်းတို့သိလား။ အဲဒါကြောင့် ငါကလည်း မနေနိုင် မထိုင် လာပြောတာ . . . ဟ

သာအေး -
အေးကွာ ဘွာတေး ပြောတာ ငါစိတ်ဝင်စားတယ်။ လုပ်စမ်းပါဦး ဘွာတေးရဲ့ ငါအနေနဲ့ ဘယ်လို ကုမ္ပဏီထောင်ရင် ကောင်းမလဲ။ ဘာလုပ်ငန်းဆို လွယ်လွယ်ကူကူ လုပ်လို့ အဆင်ပြေလဲ။

ဘွာတေး -
ငါအကြံပေးချင်တာတော့ကွာ ဆောက်လုပ်ရေး နဲ့ စိုက်ပျိုးရေးဆိုရင် အဆင်ပြေမယ်ထင်တယ်။ အဲဒီ အထဲကမှ စိုက်ပျိုးရေးကတော့ ငါတို့နိုင်ငံအနေအထားနဲ့ ပိုပြီးကိုက်ညီမယ် ကောင်ကြီး။ ငါကတော့ အဲဒီ အတွက် အကြံပေးချင်တာ။ စိုက်ပျိုးရေး ကုမ္ပဏီပေါ့ကွာ။

ညာညှိ -
အေး အေး . . . ဟုတ်တယ် သာအေးရေ အဲဒီကောင်ပြောတဲ့အကြံ တစ်သိန်းမက တန်တယ်ကွ။ မင်းနဲ့လေ . . . တကယ်လို့များ မင်းကုမ္ပဏီထောင်ဖြစ်ရင် မြေယာတွေ အစိုးရဆီက လျှောက်လို့ရတယ်ကွ။ အစိုးရက အဲဒီလိုကုမ္ပဏီတွေ အတွက်ဆို လယ်သမားတွေဆီကတောင် သိမ်းပေးတာ . . . ငါ အဲဒီလိုပဲ သတင်းတွေမှာ နားထောင်နေရတယ်ကွ . . . ချသာ ချကွာ . . . သိမ်းပေးရင်လည်း ယူသာ ယူလိုက် . . .

သာဂိ -
သောက်ရူးရဲ့ . . . စကားအကောင်းပြောနေရင် ပရမ်းပတာဝင်ပြောတယ်။ မင်းအဲဒီသတင်းတွေကို အစအဆုံးနားမထောင်ဘူးလား။ အခု မင်းအဖေ လယ်သမားတွေက သူတို့လယ်တွေကို အာဏာပိုင်နဲ့ ကုမ္ပဏီ တွေနဲ့ ပူးပေါင်းပြီး မဟားတရား လုပ်ပါတယ်ဆိုပြီး ဆန္ဒတွေတောင် ပြနေတာကြတော့ မင်းထည့်မပြောတော့ ဘူးလား။ ကိုယ့်လက်ထဲ ရောက်မရောက်သေးဘူး . . . သောက်ရှက် ဗြန်းဗြန်းကွဲလိမ့်မယ်။ တိတ်တိတ်နေဦး ကွာ။

ညာညှိ -
မင်းကလည်းကွာ . . . ငါသိတာ ငါပြောရတာ . . . အဲသလိုဆိုရင် အာဏာပိုင်နဲ့ အဆင်မပြေတဲ့သူ ဆိုရင် ရမှာမဟုတ်ဘူးလား . . . ပေးရင် ကမ်းရင်တော့ အဆင်ပြေမှာပါကွာ

ဘွာတေး -
အေး . . . အေး ခဏလေး နေကြဦး အဲဒီကိစ္စက ဒီလိုရှိတယ်ကွ ။ အခုမြေလွတ်မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဆိုတဲ့ ဥပဒေလည်း ရှိတယ်။ လယ်ယာမြေဥပဒေလည်း ပြုပြင် ရေးဆွဲပြီးပြီ။ မြေလွတ် မြေလပ် တွေ လျှောက်ထားတဲ့နေရာမှာ တစ်နိုင်တပိုင်ဆိုရင် ဧက(၅၀) လောက်အထိ ခွင့်ပြုတယ်။ ကုမ္ပဏီတွေ အနေနဲ့ ဆိုရင် ဧက ၅၀၀၀ ကနေ ၅၀၀၀၀ အထိ လျှောက်လို့ ရတယ်ကွ။ အဲဒီနေရာမှာမှ ကိုယ်လျှောက်တဲ့မြေနေရာမှာ ဘယ်သူမှ လုပ်ကိုင်သူ မရှိဘူးဆိုရင် လွယ်လင့်တကူရမယ်။ လုက်ငုတ်လုပ်ကိုင်သူတွေရှိနေရင်တော့ ညှိနှိုင်း ဆောင်ရွက်ကြရမှာပေါ့ကွာ။

သာအေး -
ဘွာတေး ရေ မင်းပြောတဲ့အကြံကိုတော့ လက်ခံပါတယ်။ ငါက စိုက်ပျိုးရေးလည်း လုပ်စားဖူးတာ မဟုတ်ဘူးနော် . . . ကောင်ကြီး။

သာဂိ -
ဘယ်သူမှ မွေးကတည်းက တတ်တာမှ မဟုတ်ဘဲကွာ ။ ကိုယ့်အနေနဲ့က သင့်လျှော်တဲ့နေရာမှာ တတ်ကျွမ်းတဲ့ ပညာရှင်ကို အသုံးပြုပြီး ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ဖို့က အဓိကပါပဲကွာ။

ညာညှိ -
ဟေ့ကောင် ဘွာတေး . . . မင်းပြောတဲ့ပုံစံဆို ဥပဒေက သူဌေးတွေကို ပိုပြီး မျက်နှာသာ ပေးတဲ့သဘော ရှိတယ်ကွ။ အဲဒါဆိုရင်တော့ ငါလက်မခံနိုင်ဘူးနော် . . .

ဘွာတေး -
မင်းနဲ့ကွာ . . . ဘယ်သူပဲ ဖြစ်ဖြစ် ဧကများများလျှောက်ချင်တယ်ဆိုရင် စုပေါင်းပြီး အများဆိုင် ကုမ္ပဏီထောင်ပေါ့ကွ။ ဥပဒေတစ်ခု အတည်ဖြစ်သွားရင် ပြင်ဖို့ပြုဖို့ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာ။ အတည်မဖြစ်ခင်က မင်းသွားပြောပါလား။

ညာညှိ -
ငါက လွှတ်တော်အမတ်မှ မဟုတ်ဘဲကွ . . .

သာအေး - ဘွာတေးရေ ငါတော့ မင်းပြောသလောက် လွယ်မယ်မထင်ဘူး။ ကိုယ်တွေလျှောက်လည်းလွယ်လင့် တကူ ရလိမ့်မယ်မထင်ဘူးနော်။ ပတ်သက်ရာ ပတ်သက်ကြောင်းဆိုတာ ရှိတယ်ကွ။ သူတို့တွေက ညစ်နေရင် ကိုယ်တွေမှာ လုပ်ရကိုင်ရ ခက်လိမ့်မယ်။

သာဂိ -
မင်းကလည်းကွာ . . . တကယ်လုပ်ဖြစ်တော့ အဆင်ပြေအောင် ညှိကြရမှာပေါ့ ။ တော်တော်တန်တန် ပေးသင့်ကမ်းသင့်တာလည်း ပေးရကမ်းရမှာပေါ့။ ဒီလိုမှ လုပ်မစားလည်း လုပ်စရာ အလုပ်မရှိတော့ဘူး ဟေ့ကောင် . . .

ဘွာတေး -
ငါလည်း အဲဒါပြောချင်တာ ။ အရင်လောက်တော့ မဆိုးလောက်တော့ဘူး ထင်ပါရဲ့ကွာ။ နိုင်ငံခြား သားတွေကိုတောင် ငှားဖို့ ရမ်းဖို့ စီစဉ်နေကြသေးတာပဲ။ ကိုယ်တွေက နိုင်ငံသားအနေနဲ့ နိုင်ငံတော်ရဲ့မြေကို လျှောက်တာ။ တို့တွေမှ ဦးစားမပေးရင် ဘယ်သူ့ဦးစားပေးမှာလည်း။

ညာညှိ -
မင်းတို့တော့နော် . . . လက်ငုတ်လုပ်ကိုင်သူတွေရှိတဲ့ နေရာ သွားပြီးလူပါးမ၀ကြနဲ့။ ငါတို့ပြည်သူက နဂိုကတည်းကမှ လူမွှေးလူတောင် ပြောင်တာ မဟုတ်ဘူး။ ဒုက္ခရောက်နေသူကို ဒုက္ခသွားထပ်ပေး မစားရရင် နေပါစေကွာ . . . အကုသိုလ်များလွန်းလို့။

သာဂိ -
ဒါတော့လည်း ဟုတ်တယ်ကွ . . . အခုဖြစ်နေတဲ့ ပြဿနာတွေကိုကြည့် ။ သိမ်းခဲ့တာတွေကတော့ အစိုးရဟောင်းလက်ထက်က ကိစ္စတွေချည်းပဲ။ ဒါပေသည့် အဲဒီအချိန်တုန်းက ပြောလို့ဆိုလို့မှ မရတာ။ နည်းနည်းလေး ဟတာနဲ့ ထောင်နန်းစံရမယ့်ကိန်းဆိုတော့ အခုလိုလည်း ပွင့်လင်းလာရော တောင်းကြရော။ ဘယ်မှာရှင်းပေးလို့လည်း . . . တောင်းတဲ့သူကလည်း တောင်းနေရဲ့ သိမ်းတဲ့အထဲမှာလည်း အစိုးရနဲ့ ကင်းလွတ် တာဆိုလို့ ရှိရဲ့လားတောင် မသိဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေချည်းပဲ ဆိုတော့ကာ စုပ်လည်းစူး စားလည်းရူးများ ဖြစ်နေလေရော့သလားပါပဲကွာ . . .

ဘွာတေး -
အဲဒါတွေ အသာထားစမ်းပါကွာ . . . ဒီကောင်ကြီး အလုပ်ဖြစ်ဖို့အရေး စဉ်းစားကြစမ်းပါ။ မင်းတို့ ကိုငါပြောပြမယ်။ အဲသလို အာဏာပိုင်နဲ့ ပူးပေါင်း။ နိုင်ငံတော်ပိုင်ကို လက်ညှိုးထိုးရောင်းစားပြီး သူဌေးဖြစ်တာ မျိုးတော့ ငါလည်း အထင်မကြီးဘူးကွ။ နိုင်ငံတော်မှာ ဥပဒေတွေ အသီးသီးရှိပြီးသားပဲ။ ကိုယ်လုပ်စရာ ရှိတာကို ဥပဒေဘောင်ထဲက လုပ်ရမှာပေါ့ကွ။ လက်တစ်လုံးကြား လိမ်ကောက်ပြီးတော့ စီးပွားရှာဖို့ ပြောနေတာ မဟုတ် ဘူးကွ။ ကိုယ့်ကိုယ်ကို ဘုရားဒကာ အမည်ခံပြီး တစ်ဖက်က မရှိဆင်းရဲသားကို နှိပ်ကွပ် အဲဒီက ရတဲ့ဟာနဲ့မှ ဘုရားတည်ကျောင်းဆောက် . . . မထူးတဲ့ကုသိုလ် ယူဖို့ပြောနေတာ မဟုတ်ဘူး။

သာအေး -
အေး . . . ကွာ ချမယ် ဘွာတေးရေ . . . အဲသလိုမှ မလုပ်လည်း အလုပ်လုပ်လို့ ရမှာမဟုတ်ဘူး။ မီးစင်ကြည့်ကတာပေါ့ကွာ . . . မင်းတို့အားတဲ့ရက် ထပ်ပြီး တိုင်ပင်ကြသေးတာပေါ့ကွာ . . . ကုမ္ပဏီ ထောင်ပြီး စိုက်ပျိုးရေးလုပ်ဖို့ ငါလည်း လေ့လာလိုက်ဦးမယ် . . . .

ဘွာတေး + သာဂိ + ညာညှိ - အေးကွာ . . . ငါတို့လည်း ပြန်ဦးမယ် . . . . မင်းကုမ္ပဏီထောင်ဖြစ်မှ ငါတို့လည်း တန်ရာ တန်ရာ ရာထူးလေးတွေ ပေးပေါ့ကွာ . . . ဒီအတိုင်းတော့ ပစ်မထားခဲ့နဲ့ပေါ့။
ဤသို့နှယ် သာအေး ကုမ္ပဏီထောင်ရန် ၀ိုင်းဝန်းဆွေးနွေးခြင်း ပထမပိုင်း ပြီးလေသတည်း . . . .

ဆက်လက် ရေးသားပါဦးမည်
တွေးသူ + ရေးသူ - နောင်တော်လေး

သူငယ်ချင်း  နောင်တော်လေးလက်ရာ

No comments:

Post a Comment