Wednesday, May 20, 2015

ပဲခူးတိုင်းဒေသကြီးဆည်မြောင်းဝန်ကြီးဌာနနှင့်အပြိုင် လွန်ဆွဲနေရသော က၀မြို့နယ်ရှိ လယ်သမား(၅)ဦး

ဘိုးဘွားမိဘများလက်ထက်မှစတင်၍ တရားဝင်အခွန်စည်းကြပ်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိခဲ့သော လယ်ယာမြေဧရိယာ (၄၀)ဧကကျော်ခန့်အား ပဲခူးတိုင်းဒေသကြီးဆည်းမြောင်းဝန်ကြီးဌာနပိုင် လယ်ယာမြေအဖြစ်
သက်မှတ်ခြင်းအပေါ် မူလလက်ငုတ်ပိုင်ရှင်များဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု၊ သမဲ့ချောင်းကျေးရွာ၊ ကွင်းအမှတ်(၁၀၆၈-င) အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဒေါ်တင်တင်ဦး ပါ
လယ်သမား(၅)ဦးမှ ၂၀၁၅ ခုနှစ်၊ မေလ(၁၃)ရက်နေ့တွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ထပ်မံတင်ပြတိုင်တန်းထားကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်တွင် အထက်ဖော်ပြပါ လယ်ယာမြေဧရိယာ(၄၀)ဧကကျော်ခန့်အား တရားဝင်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိရန် လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာပုံစံ(၁)ဖြင့်
ညောင်ပင်းကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ဒေါ်တင်တင်ဦး ပါ လယ်သမား(၅)ဦးမှ တရားဝင်လျှောက်ထားခဲ့ပါတယ်။ (၁၀၊ ၁၂၊ ၂၀၁၃)ရက်နေ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က
ကန့်ကွက်နိုင်ပါကြောင်း ပုံစံ(၂)နောက်ဆက်တွဲဖြင့် ညောင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ကြော်ငြာခဲ့ပြီး ယနေ့အချိန်အထိ ကန့်ကွက်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့သော်လည်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အား
ဒေါ်တင်တင်ဦး ပါ လယ်သမား(၅)ဦးမှ ရရှိခြင်းမရှိပဲ ကြန့်ကြာနေသည့်အတွက် ဧပြီလ(၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့ တင်ပြတိုင်ကြားခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့တွင်
က၀မြို့နယ်အုပ်ချုပ်ရေးမှူးမှ က၀မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ဒေါ်တင်တင်ဦး ပါ လယ်သမား(၅)ဦးအား ခေါ်ယူတွေဆုံခဲ့ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားသည့် လယ်ယာမြေများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊
က၀မြို့နယ်၊ ရွှေလှေရေထိန်းတံခါး ဆည်းမြောင်းဧရိယာဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ ထပ်မံတိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

'' ကျွန်တော်တို့ ဒီလယ်ယာမြေကို လုပ်ကိုင်လာခဲ့တာ မိဘတွေလက်ထက်ကနေစပြီး ကျွန်တော်တို့ လက်ထက်အထိ စိုက်ပျိုးလုပ်ကိုင်လာခဲ့တာပါ။ လယ်ပြေစာ၊ စိုက်ဘဏ်စာအုပ်တွေလည်းရှိတယ်။ ခေတ်အဆက်ဆက် ကျေးရွာအုပ်ချုပ်ရေး
မှူးတွေကလည်းထောက်ခံတယ်။ နှစ်စဉ်လည်း စိုက်ပျိုးစရိတ်ချေးငွေရရှိနေတဲ့ လယ်သမားတွေပါ။ မိဘတွေလက်ထက်ကဆို ကျွန်တော်တို့လယ်ယာမြေတွေက လယ်သမားတစ်ဦးကို (၁၅)ဧက/(၁၆)ဧက လောက်ရှိတယ်။ တချို့လယ်သမားတွေဆို
ဧက(၂၀/၃၀)ကျော်လောက်ရှိတယ်။ ၂၀၀၁/၂၀၀၂ ခုနှစ်က ရွှေလှေရေးထိန်းတံခါးတည်ဆောက်တော့ ကျွန်တော်တို့ပိုင် လယ်ယာမြေတော်တော်များများ တူးမြောင်းထဲပါသွားတယ်။ ဆည်းမြောင်းကသိမ်းတယ်လည်းမပြောဘူး။ လျှော်ကြေး
နစ်နာကြေးတစ်စုံတစ်ရာမှ မပေးပဲ တိုင်ငုတ်တွေစိုက်ပြီးတူးဖော်သွားတာ။ အဲဒီအချိန်က ကျွန်တော်တို့လည်း မပြောရဲဘူး။ အဖမ်းခံရမှာကြောက်လို့။ သူတို့စီမံကိန်းပြီးတော့ ကျန်ရှိတဲ့ ကျွန်တော်တို့လယ်ယာမြေ အချို့ကို ပြန်လည်ပြုပြင်ပြီး
မိသားစု စားဝတ်နေရေးအတွက် ပြန်စိုက်တယ်။ ယနေ့အချိန်အထိပေါ့။ ၂၀၁၃ ခုနှစ်မှာ တရားဝင်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိရန် ကျန်ရှိခဲ့တဲ့ ကျွန်တော်တို့လယ်ယာမြေဧရိယာ (၄၀)ဧကကျော်ကို ဒေါ်တင်တင်ဦး ပါ လယ်သမား(၅)ဦးဖြင့်
လျှောက်ထားခဲ့တာပါ။ ယနေ့အထိတော့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မရသေးဘူး။ ကြန့်ကြာနေတဲ့အတွက် ဧပြီလ(၃)ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြထားတယ်။ ကျွန်တော်တို့လိုဘ၀တူ လယ်သမားတွေဖြစ်တဲ့ ရွှေလှေရေထိန်းတံခါး
မြောက်ဘက်ခြမ်းက လယ်သမားတွေကတော့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိသွားပြီ။ ဧပြီလ(၂၈)ရက်နေ့က ကျွန်တော်တို့လယ်သမား(၅)ကို က၀မြို့နယ်အုပ်ချုပ်ရေးမှူးက ရုံးမှာခေါ်ပြောတယ်။ ကျွန်တော်တို့လယ်ယာမြေတွေဟာ ဆည်မြောင်းဝန်ကြီး
ဌာနပိုင်ဧရိယာထဲပါတယ်လို့ ပြောလို့ ပြီးခဲ့တဲ့ မေလ(၁၃)ရက်နေ့မှာ ဒေါ်တင်တင်ဦးပါ လယ်သမား(၅)ဦး အနေဖြင့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ တင်ပြတိုင်ကြားရခြင်းဖြစ်တယ် " ဟု
သိမ်းဆည်းခံလယ်သမား ဦးမြင့်ကိုမှ ပြောသည်။

ဒေါ်တင်တင်ဦးပါ လယ်သမား(၅)ဦး၏ လယ်ယာမြေဧရိယာ (၄၀)ဧကကျော်သည် ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ရွှေလှေရေထိန်းတံခါး ဆည်းမြောင်းပိုင်ဧရိယာဖြစ်သည်ဟု ဆိုသော်လည်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၏
စာအမှတ်၊ ၆/၃-၁၆/ဦး ၆ အကြောင်းကြားစာအရ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနပိုင်မြေအဖြစ် တရားဝင်အမည်ပေါက် မရရှိသေးကြောင်း တွေ့ရှိရသည့်အတွတ် သိမ်းဆည်းခံမူလလက်ငုတ် လယ်သမားများဘတ်မှလည်း တရားဝင်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရန်
နိုင်ငံတော် သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲများထံသို့ ဆက်လက်တင်ပြသွားဖြစ်ကြောင်း သတင်းရရှိသည်။

သန်းထိုက်(ဥဿာမြေ)

No comments:

Post a Comment