Tuesday, May 12, 2015

ကျွန်တော် သေဒဏ်ကျခဲ့သော ၁၇ လ၊ ၁၇ ရက် အမှတ်(၂၁) (အရိုးတွန်သံနှင့် ဦးမျိုးချစ် ဇာတ်လမ်းထဲက ဇာတ်ကောင် ၉ ယောက်)


ဇော်သက်ထွေး

အထူးတရားရုံးသို့ ၄ ကြိမ်မြောက်ရုံးထွက်အပြီးတွင် ဦးမျိုးချစ်၏ပြောင်မြောက်သော
ဇာတ်လမ်းက ရုပ်လုံးပေါ်လာသည်။ ကျွန်တော်တို့ အချင်းချင်း တရားရုံးတွင်
ဆွေးနွေးကြည့်ရင်း ဦးမျိုးချစ်၏ လှုပ်ရှားမှုများကို ဆက်စပ် ကြည့်မိသည်။ ဦးမျိုးချစ်
သည် ထိုင်း-မြန်မာနယ်စပ်ရှိ အဖွဲ့အစည်း ပေါင်းစုံသို့ သွားရောက်ခဲ့ပြီး၊ ရနိုင်သမျှ အချက်အလက်များကို စုဆောင်းကာ ပြည်တွင်းသို့ ပြန်လာခဲ့သည်။ ထို့နောက် တပ်မတော် ထောက်လှမ်းရေးနှင့် တိုင်ပင်ပြီး၊ ပြည်တွင်းတွင် စည်းရုံးရမည့်
သူများကို သေချာ အကွက်ချကာ ဖမ်းဆီးခဲ့သူဖြစ်သည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) နှင့် ဆက်သွယ်၍ ပြည်တွင်းတွင် အစိုးရ၏
Force Labour ကိစ္စများကို ဖော်ထုတ်လျက်ရှိသော ပဲခူးမြို့နေ ရှေ့နေဦးအေးမြင့်
၊ ရွှေမန်း (ခ) ဇေယျာဦးနှင့် ဦးနိုင်မင်းကြည်တို့ကို ထောင်ထဲမရောက် ရောက်
အောင် ပို့ခဲ့သည်။ ဦးအေးမြင့်တို့ အုပ်စုမှာ ၁၉၉၇ ခုနှစ်လောက်မှ စတင်၍ မြန်မာ
နိုင်ငံတွင် အဓမ္မစေခိုင်း နေမှုများကို စုံစမ်းဖော်ထုတ်၍ ILOသို့ တိုင်းကြားရာမှ
တဆင့် အဆက်အသွယ် ရရှိခဲ့ကာ နယ်စပ်ရှိ ပြည်သစ် ညွှန့်ဝေ (ခ)
ဦးမောင်မောင်နှင့် ချိတ်ဆက်ခဲ့သည်ကို သိရှိထားသည့်အတွက် ဦးမျိုးချစ်က
တမင်အကွက်ဆင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးအေးမြင့်တို့နည်းတူ မွန်ပြည်သစ် ပါတီ၌ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော
နိုင်ယက္ခအား ဦးမျိုးချစ်က နိုင်သန်းအောင်၏ မိတ်ဆက်ပေးမှုဖြင့် သိရှိခဲ့ရပြီး၊
ရန်ကုန်မြို့တွင် သူက လျှပ်စစ်ပစ္စည်းများ တင်သွင်းသူ လုပ်ငန်းရှင် ဖြစ်သည့်
အတွက် မော်လမြိုင်တွင် ဆိုင်ဖွင့်လိုပါက ကူညီပေးမည်ဖြစ်ကြောင်း စည်းရုံး
ခဲ့သည်။ ထို့ကြောင့် နိုင်ယက္ခနှင့် မွန်ပြည်သစ် တပ်မတော်တွင် ဗိုလ်ကြီးအဆင့်
အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မျိုးထွေး (ခ) ချင်းဂကောင်းအား တိုင်ပင်ပြီး၊
ဦးမျိုးချစ်နှင့် ဆက်သွယ်ကာ လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ရန် စဉ်းစားခဲ့ကြသည်။
ထို့နောက် ဦးမျိုးချစ်က နိုင်ယက္ခတို့အား ဖုန်းဖြင့်ဆက်သွယ်ပြီး၊ မော်လမြိုင်တွင် ဂျာနယ် ရောင်းလိုပါကလည်း နာမည် အကြီးဆုံး ဂျာနယ် အရောင်း ကိုယ်စား
လှယ်အဖြစ် ထပ်မံပေးမည်ဟု ကမ်းလှမ်းကာ ရန်ကုန်သို့ လာနိုင်ရန် အတွက်
ဆလွန်းကား တစ်စီးနှင့် ကားဒရိုင်ဘာကို မော်လမြိုင်သို့ စေလွှတ်လိုက်မည်
ဖြစ်ကြောင်း ပြောဆိုခဲ့သည့် အတွက် ပိုပြီးယုံကြည် အထင်ကြီးသွားခဲ့သည်။
ရန်ကုန်သို့ သွားခါနီးတွင် မော်လမြိုင်ရှိ ပါတီဆက်ဆံရေးရုံး ရှေ့၌ ဆိုင်ကယ်
တက္ကစီ ဆွဲသော ကိုအောင်လွန်းအား ထပ်မံခေါ်ယူပြီး၊ ဂျာနယ် ကိုယ်စားလှယ် လုပ်ချင်သလားဟု မေးရာမှ သဘောတူပြီး၊ ရန်ကုန်သို့ သွားရန် စောင့်နေခဲ့
သည်။ နိုင်ယက္ခတို့ သုံးယောက်သည် ဦးမျိုးချစ် လွှတ်လိုက်သောကား ရောက်
လာသဖြင့် မော်လမြိုင်မှ ရန်ကုန်သို့ လိုက်ပါလာခဲ့သည်။ ဦးမျိုးချစ်က သူတို့အား
စောင့်ကြိုကာ ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ခေါ်သွားပြီး၊ ရန်ကုန်ရှိ သူ၏
တပည့်များကို ဗုံးတပ်ဆင်နည်း၊ ဖောက်ခွဲနည်းများကို ပြသပေးခဲ့ရန် မေတ္တာ
ရပ်ခံခဲ့ရာ သူတို့အားလုံး အံ့သြသွားကြသည်။ မျိုးထွေး (ခ) ချင်းဂကောင်းက
စီးပွားရေး လုပ်ရမည်ဆို၍ ရန်ကုန် လိုက်ပါခဲ့ခြင်း ဖြစ်ပြီး၊ ယခုကဲ့သို့ အလုပ်မျိုး
ဆိုလျှင် မလုပ်နိုင်ကြောင်း ဗြောင်ပင်ငြင်းဆိုလိုက်သည်။ သို့သော် နိုင်ယက္ခက
အမှန်တကယ် ဗုံးမကွဲအောင် ဟန်ဆောင် သင်ကြားပေးပြီး၊ ဦးမျိုးချစ်နှင့် မိတ်
မပျက်ရန် အကြံပေးရာ နောက်ဆုံး လက်ခံခဲ့ရသည်။ ထို့နောက် သူတို့ သုံးဦး
အား တာမွေမြို့ရှိ အခန်းတစ်ခန်းတွင် ခေတ္တ တည်းခိုရန် ဦးမျိုးချစ်မှ ခေါ်သွား
ခဲ့သည်။ ထိုအခန်းထဲသို့ အရောက်တွင် လူတစ်စုမှ မျက်နှာကို မွန်းစေသည့်
အမှုန့်များဖြင့် ပက်ပြီးနောက် စားပွဲပေါ်တွင်ရှိသော လက်ပစ်ဗုံးများ၊ ယမ်းပြား
များဖြင့် ပူးတွဲ ဓာတ်ပုံရိုက်ကာ ထောက်လှမ်းရေးမှ ၀င်ဖမ်း၍ ဖောက်ခွဲရေး
သမားများကို မိသယောင် ဇာတ်လမ်း ဆင်နိုင်ခဲ့သည်။

ဦးမျိုးချစ်သည် နိုင်ယက္ခတို့ သုံးဦးအား ရန်ကုန်ခေါ်၍ ဖမ်းဆီးရုံနှင့် မတင်းတိမ်ဘဲ ပဲခူးမြို့တွင် နေထိုင်သော ရွှေမန်း (ခ) ဇေယျာဦးကို စည်းရုံးရန် နိုင်ယက္ခ မှ
တဆင့် မော်တော်ကား တစ်စီးအား ဈေးချိုချိုဖြင့် ရောင်းရန်ရှိသည်ဆိုပြီး၊
ရန်ကုန်သို့ ညာခေါ်ခဲ့သည်။ ထို့ကြောင့် ကားဝယ်လိုသူ ကိုသန်းထွန်းက ရွှေမန်း
၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ ရာမည အင်တာနေရှင်နယ် ကုမ္ပဏီသို့ စုံစမ်းရန်
ရောက်လာခဲ့သည်။ ထိုကုမ္ပဏီ၌ ရောင်းရန်ပြသမည့် ကားကို စောင့်ဆိုင်းနေစဉ်
နိုင်ယက္ခမှ စားသောက်ဆိုင်သို့ ဖုန်းဆက်ခေါ်သဖြင့် ကျိုင်းတုံ စားသောက်ဆိုင်
သို့ လိုက်သွားခဲ့ကြသည်။ ထိုဆိုင်တွင် နိုင်ယက္ခက ဦးမျိုးချစ်နှင့် မိတ်ဆက်ပေးပြီး၊
ဦးမျိုးချစ်၏ တိုက်ခန်းသို့ လိုက်ပါခဲ့ရန် ခေါ်ဆောင်ခဲ့ရာမှ ဖောက်ခွဲရေး ပစ္စည်း
များနှင့်အတူ အဖမ်း ခံခဲ့ရခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ILOသို့ သတင်း
များ ပို့ပေးလျက်ရှိသော ဦးအေးမြင့်နှင့် ဦးနိုင်မင်းကြည်တို့ကို ထောင်ထဲ ထည့်
ရန် ထောက်လှမ်းရေးက ဆန္ဒရှိနေသည့် အတွက် ယခုအမှုနှင့် မငြိငြိအောင်
ဦးမျိုးချစ်မှ ချိတ်ဆက်ပေးခဲ့သည်။ မီဒီယာတွင် ရှိနေပြီး၊ နယ်စပ်ဒေသရှိ
ကျောင်းသား အဖွဲ့အစည်းများနှင့် ရင်းနှီး ပတ်သက်လျက်ရှိသော ကျွန်တော့်
ကိုလည်း ယခုအမှုတွင် မငြိငြိအောင် အကွက်ဆင်၍ ထောင်ထဲ ထည့်ရန်
ကြိုးပမ်းခဲ့သည်။

ထို့ကြောင့် ထောက်လှမ်းရေးသည် တည်ကြက်ဖြစ်သော ဦးမျိုးချစ်ကို အသုံးပြု
ကာ ခဲတစ်လုံးနှင့် ငှက်၎ကောင်ကို ပစ်ခဲ့ခြင်း ဖြစ်သည်။ ဦးမျိုးချစ်ကို အသုံးပြု၍
ဖောက်ခွဲရေး အတွေ့အကြုံရှိသော နိုင်ယက္ခတို့ အစု၊ ပဲခူးမြို့တွင် အခြေပြုသည့်
ILOသို့ သတင်းများ ပေးပို့နေသော ဦးအေးမြင့်တို့ အစု၊ သာယာဝတီမှ ဖြူလေး
တို့ အစုနှင့် မီဒီယာမှ ကျွန်တော့်ကို တမင်ဆွဲချိတ်ကာ နိုင်ငံတော်နှင့်ချီသော
ကြီးကျယ်သည့် အမှုတစ်ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ်
အားဖြင့် ထိုအစု ၄ စုအား သီးခြားစီ ဖမ်းဆီး တရားစွဲလျှင် အားပျော့သွားရုံ
သာမက အစိုးရအတွက် သိက္ခာကျခဲ့သော ဒီပဲယင်း အရေးအခင်းကို အာရုံ
လွှဲနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အမှုကိုဆင်၍ တပ်မတော် ထောက်
လှမ်းရေး အရာရှိကြီးများက သတင်းစာ ရှင်းလင်းပွဲကို အကြီးအကျယ်လုပ်ကာ
အတိုက်အခံ အင်အားစုများကို သိက္ခာ ကျဆင်းအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်
သည်။

အထူးရုံးထွက်တွင် အဓိက တရားခံဖြစ်သော ဦးမျိုးချစ် ဘယ်ရောက်နေသလဲဟု တရားခံများမှ မေးမြန်းရာ ထောက်လှမ်းရေးမှ တာဝန်ရှိသူ တစ်ဦးက ဦးမျိုးချစ် ကွယ်လွန်သွားသည့် အတွက် ရေဝေးတွင် သင်္ဂြိုလ်ခဲ့ကြောင်း အလွယ်ပြောသွား
ခဲ့သည်။ ထို့ကြောင့် ရုံးထွက်သို့ လာရောက်ခဲ့သော ဇနီးဖြစ်သူ အကူအညီဖြင့် ထိုရက်ပိုင်းအတွင်း ရေဝေးတွင် အသက် ၇၂ နှစ် အရွယ် ဦးမျိုးချစ် ဆိုသူ၏
အသုဘ လုပ်မလုပ် စုံစမ်းစေခဲ့ရာ သင်္ဂြိုလ်စက် မှတ်တမ်းတွင် လုံးဝမရှိကြောင်း
ကျွန်တော်တို့ အားလုံး သိသွားခဲ့ကြသည်။ ထိုအခါကျမှ ကျွန်တော်တို့ အားလုံး
စနစ်တကျ အလိမ်ခံခဲ့ရကြောင်း သဘော ပေါက်သွားတော့သည်။

မတရား အမှုဆင် ဖမ်းဆီးခံရသော လူ ၉ ဦးထဲတွင် နိုင်ငံရေး အကြောင်းကိုလည်း နားမလည်သလို ယခုကဲ့သို့ တုန်လှုပ်စရာ ကောင်းသည့် အမှုမျိုးနှင့် စွဲဆို ခံရမှန်း
မသိသူ ၂ ဦး ပါရှိခဲ့သည်။ ထို ၂ ဦးမှာ ဖြူလေး၏ သူငယ်ချင်းဖြစ်သူ ဇော်မျိုးထက် (ခ) ဇော်ဇော်နှင့် နိုင်ယက္ခတို့ မော်လမြိုင်မှ ခေါ်လာသူ ဆိုင်ကယ် တက္ကစီ မောင်း
သမား ကိုအောင်လွန်းတို့ ဖြစ်သည်။ သူတို့သည် ဘုမသိ ဘမသိဖြင့် ယခု အမှု
ထဲတွင် ပါဝင်ခဲ့ရသော်လည်း ထောက်လှမ်းရေးနှင့် တရားစွဲဆိုခဲ့သော အဖွဲ့မှ
ငဲ့ညာခြင်း အလျင်း မရှိခဲ့ပေ။ ထို့ကြောင့် သူတို့ ၂ ဦးမှာလည်း ကျွန်တော်တို့
နည်းတူ နိုင်ငံတော် ပုန်ကန်မှု ၁၂၂ (၁) ဖြင့် သေဒဏ် ကျခံခဲ့ရခြင်း ဖြစ်သည်။ ပို၍နစ်နာခဲ့သည်မှာ သူတို့ ၂ဦးသည် နိုင်ငံတော်အား ပုန်ကန်လိုစိတ် မရှိပါဘဲ
လျက် မတရားသဖြင့် သေဒဏ်ကျ ခံခဲ့ရသလို မဆီလျော်သော အမှု အဖြစ်
နိုင်ငံတော်က သတ်မှတ်ပြီး၊ ပြန်လည် လွှတ်ပေးရာတွင်လည်း ပြန်ပါမလာဘဲ
ထောင်ထဲ၌ပင် ကွယ်လွန် သွားခဲ့ရခြင်း ဖြစ်သည်။

ကိုအောင်လွန်းသည် မွန်လူမျိုး ဖြစ်သလို ဘုရား၊ တရားကိုလည်း အလွန်
ကိုင်းရှိုင်းသူ ဖြစ်သည်။ ဗမာစကားကို ရေလည်အောင် ပြောဆိုတတ်ခြင်း မရှိဘဲ၊
ရိုးသားစွာ ဆိုင်ကယ် တက္ကစီ ဆွဲခြင်းဖြင့် ဘ၀ ၀မ်းကျောင်းနေခြင်း ဖြစ်သည်။
သူ၏ သားသမီး ၂ဦးနှင့် ဇနီးဖြစ်သူမှာ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး၊ 3D အလုပ်
များကို သွားရောက် လုပ်ကိုင်နေကြရသည်။ ကိုအောင်လွန်းအား ထောက်လှမ်း
ရေးမှ စစ်မေးရာတွင် သူ၏ ဘ၀ အခြေအနေ၊ နိုင်ငံရေး ခံယူချက်ဖြင့် စိတ်သဘော
ထားများကို သိရှိသော်လည်း လျစ်လျူရှုကာ အမှုထဲမှ မဖယ်ထုတ်ဘဲ သေတွင်း
ထဲသို့ အညှာအတာမရှိ တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ ကိုအောင်လွန်းမှာ ထောင်ထဲတွင် တစ်လျှောက်လုံး ဘုရား၊ တရားသာ လုပ်ခဲ့သလို ကျွန်တော်နှင့် တွေ့တိုင်းလည်း “ဆရာကြီးဆီမှာ ဂျာနယ် ကိုယ်စားလှယ် တောင်းဖို့ လာတာ၊ သေဒဏ်ပဲရတယ်”ဟု တဖွဖွ ပြောဆိုလေ့ရှိသည်။ ကိုအောင်လွန်း နည်းတူ ဖြူလေး၏ သူငယ်ချင်း
ဇော်ဇော်သည်လည်း နိုင်ငံရေး အဖြစ်အပျက်များနှင့် ဝေးကွာသူဖြစ်သည်။ လူငယ်
ပီပီ အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင် နေတတ်သလို ဖြူလေးနှင့် ပြည်
တက္ကသိုလ်၌ အဝေးသင် ဖြေရင်း ခင်မင်ရင်းနှီးသွားခဲ့ခြင်း ဖြစ်သည်။ ဇော်ဇော်
အား နိုင်ငံရေး ကိစ္စနှင့် ပတ်သက်၍ မေးတိုင်း မသိဆိုသည့် အဖြေကိုသာ ရလေ့ရှိသည်။ ထောင်ထဲသို့ သူ၏အိမ်မှလည်း မလာနိုင်သည့် အတွက် စိတ်ဓာတ်
ကျဆင်းခဲ့ ရသလို ထောက်လှမ်းရေး၏ ရက်စက်မှုများ အလယ်တွင် သားကောင်
ပမာ လည်စင်းခံခဲ့ရသူ တစ်ဦးလည်း ဖြစ်သည်။

ထိုကဲ့သို့ အပြစ်မရှိဘဲ သေဒဏ်ကျခဲ့ရသလို ထောင်ထဲတွင် ကွယ်လွန်သွားခဲ့
ရသည့် အတွက် ပြုလုပ်သူများဘက်မှ ကျန်ရစ်သူ မိသားစုကို တောင်းပန်ခြင်း
အားပေးခြင်း၊ ကူညီခြင်းများ တစ်စုံတစ်ခုမျှ မလုပ်ခဲ့သည်မှာလည်း ယနေ့
ထက်တိုင်ပင် ဖြစ်သည်။ တရားဥပဒေ စိုးမိုးသော နိုင်ငံများ၊ နိုင်ငံသားများ၏ အခွင့်အရေးကို လေးစားသော တိုင်းပြည်များတွင် အပြစ်မရှိဘဲ ထောင်အတွင်းသို့
ရောက်ရှိသွား သူများ၏ နစ်နာမှုများ အတွက် ဥပေဒကြောင်းအရ ပြန်လှန် တရားစွဲ
ခွင့်များ၊ နစ်နာကြေး ပေးလျော်မှုများ ရှိခဲ့ကြောင်း သိရှိတွေ့မြင် နေရသော်လည်း
မြန်မာနိုင်ငံသားများ အတွက်တော့ တရားမျှတမှု အခွင့်အရေးများကို ယခုထက်တိုင် လက်ဆုပ်လက်ကိုင် ရရှိခြင်း မရှိသေးပေ။ ထို့ကြောင့် ထောက်လှမ်းရေး အလိုအရ
ဦးမျိုးချစ်၏ မတရား အကွက်ဆင် ဖမ်းဆီးမှုများထဲတွင် ကျွန်တော်တို့ ၇ဦးမှာ စစ်အာဏာရှင်များကို မနှစ်မြို့သဖြင့် ဆန့်ကျင်ခဲ့သူများ ဖြစ်သည်ကို မငြင်းလိုသော်
လည်း နိုင်ငံရေးအရ လုံးလုံးအပြစ်မရှိသည့် ဇော်ဇော်နှင့် ကိုအောင်လွန်းတို့၏ ဘ၀ လျော်ကြေးမျာကို မည်သူက ပြန်လည် ပေးဆပ်မည်နည်းဟု မေးခွန်း ထုတ်
လိုပါသည်။ ယင်းပြဿနာများ မဖြေရှင်းနိုင်သေးသ၍ ကာလပတ်လုံး ကိုအောင်လွန်းနှင့်
ဇော်ဇော်တို့၏ “အရိုး တွန်သံ”ကို မလွှဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်ပါအခန်းဆက်ဆောင်းပါး )

No comments:

Post a Comment