Monday, December 8, 2014

မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦး ပျောက်ဆုံး


မောင်တော မယကရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမ တစ်ဦး ပျောက်ဆုံး နေကြောင်း သူမ၏ ခင်ပွန်း ဖြစ်သူနှင့် မြို့ခံများ၏ ပြောပြ ချက်အရ သိရသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အငယ်တန်း စာရေး အဖြစ် တာဝန်ထမ်းဆောင် နေသည့် အဆိုပါ အမျိုး သမီးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ သူမ၏ ၇ နှစ်အရွယ်သားငယ်နှင့် အတူ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု ခင်ပွန်းဖြစ်သူ ကပြောသည်။

“ပြီးခဲ့တဲ့လ ၁၅ ရက်နေ့ကနေ ကျွန်တော့်သားနဲ့အတူ ပျောက်နေတာပါ။ ဒီနေ့အထိ ဘယ်လိုမှ အဆက် အသွယ် မရသေးပါဘူး။ ရဲစခန်းမှာလူပျောက်တိုင်ထားပါတယ်။သတင်းစာမှာလည်း လူပျောက် ကြော်ငြာ ထည့်ဖို့ လုပ်တာ ရဲက ထောက်ခံချက် လိုတယ်ဆိုလို့ ရဲဆီက ထောက်ခံချက်တောင်းပေမယ့် ရဲက ထောက်ခံချက်မပေးပါဘူး”ဟု သူမ၏ခင်ပွန်း ဖြစ်သူက ပြောသည်။

အဆိုပါအမျိုးသမီးမှာ မောင်တော အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်အရှိဆုံးပုဂ္ဂိုလ်နှင့် လိုက်ပါသွားသည်ဟု မြို့ပေါ်တွင် သတင်းများထွက်ပေါ်နေသည်ဟု မြို့ခံများက ပြောဆိုသော်လည်း နိရဉ္စရာ အနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပါ။

“မြို့နယ်က တာဝန်ရှိဆုံးနဲ့ လိုက်ပါသွားတယ်လို့ ကြားပါတယ်။ ဒီသတင်းကို တစ်မြို့လုံးလည်း စိတ်ဝင်စားနေကြပါတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူက မယကရုံးသို့သွားရောက်စုံစမ်းသော်လည်း ရုံးမှတာဝန်ရှိသူများက အတွေ့မခံခဲ့ကြောင်း ခင်ပွန်းဖြစ်သူနှင့်မြို့ခံများက ဆိုသည်။

“ဒီကိစ္စကို မယကရုံးဆီသွားစုံစမ်းပေမယ့် လူကြီးတွေက တစ်ယောက်မှ ကျွန်တော့်ကိုအတွေ့မခံဘူး။ အသေး စိတ်လည်း မသိရဘူး။ မယကဥက္ကဋ္ဌကတော့ စစ်တွေမှာ လေးလပတ်အစည်းအ ဝေးရှိတယ်ဆိုပြီး ထွက်သွားတယ်။ ဒါပေမယ့် သူ စစ်တွေကိုမသွားဘဲ ရန်ကုန်ကိုလေးငါးရက်သွားတယ်လို့ ကြားရတယ်”ဟု ပျောက်ဆုံး သွားသည့်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောအထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ယခုကိစ္စအမှုမှန်ပေါ်ပေါက်စေရန်အတွက် ခင်ပွန်းဖြစ်သူက မြို့ခံများ၏လက်မှတ်များကို ကောက်ခံကာ ပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြားရန်စီစဉ်နေကြောင်း ခင်ပွန်းဖြစ်သူနှင့် မြို့ခံတစ်ဦးဖြစ်သူ ဦးမောင်ဝင်းသိန်းက နိရဉ္စရာသို့ ပြောသည်။

မောင်တောတွင် ယခင်ကလည်း မယကရုံးမှ ဝန်ထမ်းအမျိုးသမီးငယ် အချို့သည် ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အဖေလောက်ရှိသည့် မယက ဥက္ကဋ္ဌများနှင့် မယားငယ် အဖြစ် လိုက်ပါသွားသည့် ဖြစ်ရပ်များရှိခဲ့ကြောင်းလည်း မြို့ခံများက တစ်ညီတညွတ်တည်းပြောကြားကြသည်။

သို့သော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

(နိရဉ္စရာ၊ ၈ ဒီဇင်ဘာ ၂ဝ၁၄)/ မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=13010

No comments:

Post a Comment