Monday, September 22, 2014

တပ်သိမ်းမြေပြန်လည်ရရှိရေး အသနားခံစာတင်ပြသည့် လယ်သမားများ တပ်တွင်းခေါ်ယူမေးမြန်းခြင်းခံရ

 ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးနှင့်ရွာသစ်ကိုင်တာကျေးရွာအုပ်စုအနောက်ဘက်ရှိ ကွင်းအမှတ် ၄၈၅/က ကိုင်းတာကြီးကွင်းနှင့် ၄၈၅/ခဘုရားကွင်းရှိ လယ်ယာမြေ(၁၁၃)ဧကအားအ.ပ.တ(၁)တပ်မြေအဖြစ် လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်ကတည်းကသိမ်းဆည်းထားသည့်အတွက်မူလလက်ငုတ်တောင်သူလယ်
သမား(၁၁)ဦးမှမိမိတို့လယ်ယာမြေအား ပြန်လည်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရန်ကာကွယ်ဆိုင်ရာဆပ်ကော်မတီ ဥက္ကဌ နှင့်ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့သြဂုတ်လ(၂၈)ရက်နေ့တွင်အသနား
ခံစာတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

        ယင်းကိစ္စနှင့်ဆက်လျဉ်း၍ လယ်ယာမြေသိမ်းဆည်းခံခဲ့ရသောလယ်သမားတစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာ '' ကျွန်မတို့ လယ်ယာမြေတွေကို ၁၉၉၃ခုနှစ် ကတည်းကတပ်မြေအဖြစ်သိမ်းလိုက်တာ။ ဘယ်တပ်ကသိမ်းလို့သိမ်းမှန်းမသိဘူး။ ရဲအင်အား။စစ်တပ်အင်အားနဲ့လာပြီ အတင်းအဓမ္မဖယ်ခိုင်းခဲ့တာ။
ကိုယ့်အ၀တ်အစားထုပ်ကိုယူပြီး ထွက်ပေးခဲ့ရတယ်။ ဘာမှကိုမယူခဲ့ရဘူး။နောက်ပိုင်းကျမှ အ.ပ.တ(၁)တပ် အခြေလာဆိုက်တယ်။ သိမ်းခံရတဲ့လယ်ယာမြေတွေကအ.ပ.တ(၁)တပ်လယ်ယာမြေတွေဖြစ်သွားခဲ့တာပေါ့။ အဲဒီလယ်ယာမြေတွေမှာမူလလက်ငုတ်ပိုင်ရှင်အနည်းစုကတစ်ဧကကို စပါး(၅)တင်းနှုန်းနဲ့ သီးစားပြန်လုပ်တဲ့သူတွေရှိသလို့။အနီးအနားကျေးရွာကသူတွေလည်း သီးစားနဲ့သွားလုပ်ကြတာရှိတယ်။
မူလလယ်ပိုင်ရှင်တွေဖြစ်တဲ့ ကျွန်မတို့ကတော့ လယ်မဲ့ယာမဲ့ဘ၀ဖြစ် အနီးအနားကျေးရွာတွေမှာ ပြောင်းရွေ့နေထိုင်ခဲ့ကြရတယ်။ အမှန်တကယ်မြေမဲ့ယာမဲ့ဖြစ်နေသည့် ပြည်သူများကို နိုင်ငံတော်မှပြန်လည်လျှောက်ထားနိုင်တယ်လို့ သတင်းတွေကြားသိရလို့သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲတွေဆီကို အသနားခံစာတင်ခဲ့တာပါ။ ကျွန်မတို့မူလလက်ငုတ်လယ်သမား(၁၁)ဦး စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့လယ်ယာမြေ(၁၁၃)ဧကရှိပါတယ် " ဟု ပြောကြားသည်။
        အသနားခံစာနှင့်ပတ်သက်၍ စက်တင်ဘာလ(၁၅)ရက်နေ့တွင်  ပဲခူးမြို့နယ်ရှိအ.ပ.တ(၁)တပ်မှ ဗိုလ်ကြီး တင်မောင်အေး ဆိုသူသည် မူလလက်ငုတ်ပိုင်ရှင်လယ်သမား(၁၁)ဦးအား တပ်တွင်းခေါ်ယူတွေ့ဆုံခဲ့ပြီး အသနားခံစာတင်ထားသည့် စာမိတ္တူအားတောင်းယူခြင်း၊ပြေစာအထောက်အထာများပြခိုင်းခြင်းနှင့် မြေနေရာများအားလိုက်ပြခိုင်းခြင်း
များပြုလုပ်ခဲ့တယ်လို့ သွားရောက်တွေ့ဆုံခဲ့သည့်လယ်သမားများ၏ ပြောကြားချက်အရ သိရှိရသည်။

အဖေ့သား(ပဲခူး)

No comments:

Post a Comment