Wednesday, September 24, 2014

နိုင်ငံတော် သမ္မတကြီး နာမည် အသုံးပြု၍ ငွေလိမ်လည်ခဲ့


သမ္မတကြီး၏ လမ်းညွှန်ချက်ကို အလွဲသုံးစာလုပ်ကာ လိမ်လည်သူ အချို့ကြောင့် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲ ကျေးရွာမှ အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦး ရိုးမဘဏ်မှ ငွေလွှဲမိရာ ၂၂သိန်း အလိမ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ အလိမ်ခံရသူ ဒေါ်မိုးမိုးက ပြောပြခဲ့ရာတွင် “၂၀၁၄ စက်တင်ဘာ(၉) ရက်နေ့က ကျွန်မဆီကို ဖုန်းဝင်လာပါတယ်။ ၀င်လာတဲ့ ဖုန်းနံပါတ်က ၀၉-၄၂၀ ၁၀၈၉၈၃ ဖြစ်ပါတယ်။ အဲ့ဒီဖုန်းဆက်သူက ပြောကြားရာမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ PA (ကိုယ်ရေးအရာရှိ) ဖြစ်သူ ဗိုလ်ကြီး အောင်မျိုးထွန်းပါ၊
သမ္မတကြီး ဦးသိန်းစိန်၏ လမ်းညွှန်ချက်အရ ကံစမ်းမဲများ ဖောက်ပေးရာ ကျွန်မ၏ ဖုန်းနံပါတ် ၀၉၄၀၁၆၆၁၄၂၀ နံပါတ်မှာ ကံကောင်း၍ သိန်းနှစ်ထောင် ပေါက်နေကြောင်း၊ ၄င်းကိစ္စများအတွက် ဌာနဆိုင်ရာတွင် အသုံးပြုရန် ၄၂သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး လောလောဆယ် ၂၂ သိန်းကို စရန်ငွေအဖြစ် ဦးသူရအောင် ၃/ပ၀တ(နိုင်)၀၅၃၂၈၁ထံ လွှဲပေးရန်၊ ငွေလက်ခံမည့် ဖုန်းနံပါတ်မှာ ၀၉၄၂၀ ၁၀၈၉၈၃ ဖြစ်ပါတယ်။ မင်္ဂလာဈေး ရိုးမဘဏ်ကို လွှဲရမှာ ဖြစ်ပါတယ်လို့ ဖုန်းဝင်လာပါတယ်။

ကျွန်မလည်း စစ်တပ်က ပြန်တမ်းဝင် အရာရှိတစ်ဦး၊ ၀န်ကြီးရဲ့ P.A တစ်ဦးက နိုင်ငံတော် သမ္မတကြီး လမ်းညွှန်ချက်အရ ကံစမ်းမဲ ဖောက်တယ်ဆိုတာ ယုံကြည်တာကြောင့် ၁၂-၉-၂၀၁၄ရက်နေ့က ရိုးမဘဏ် တောင်တွင်းကြီးမှ ငွေလွှဲနံပါတ် ၁၃၃ဖြင့် ငွေကျပ် ၂၂သိန်းကို လွှဲပေးမိခဲ့ပါတယ်။ လွှဲပြီးတဲ့နောက်မှ မယုံသင်္ကာဖြစ်လို့ လိုက်လံစုံစမ်းကြည့်ရာ ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဦးဝင်းဇော်ဦးတို့ ထံလည်း ကျွန်မထံ ငွေလိမ်တောင်းခံသော ဖုန်းနံပါတ်ဖြင့် ငွေများတောင်းခံကြောင်း သိရပါတယ်။ အဲဒီတော့မှ ကျွန်မလည်း အလိမ်ခံရမှန်း သိပါတော့တယ်”ဟု ပြောကြားခဲ့သည်။

ယင်းသို့လိမ်လည်ရန် အတွက် ပြောကြားချက်များတွင် ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေး နှင့် ပြည်တွင်း အခွန် ဦးစီးဌာန၊ နိုင်ငံတော် သမ္မတကြီးမှ ထောက်ပံ့ဆု သုံးဆုပေးကြောင်း၊ အဆိုပါ သုံးဆုအတွက် သိန်းပေါင်း (၆၃၀၀) ဖြစ်ပြီး ပထမဆုမှာ ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်မှ အငြိမ်းစား ရဲမှူးကြီးမြင့်ဆွေ၊ ဒုတိယဆုမှာ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံ ရပ်ကွက်မှ ဒေါ်လေးလေးမြင့်နှင့်
တတိယဆုမှ မကွေးတိုင်း ဒေသကြီးမှ ဒေါ်မိုးမိုးဖြစ်ပြီး အထက်ပါ သုံးဦး၏ ဖုန်းနံပါတ်များဖြင့် ဆုသုံးဆုအနက်မှ တရားလို ဒေါ်မိုးမိုး၏ ဖုန်းနံပါတ်ဖြင့် သိန်း(၂၁၀၀) ရရှိကြောင်း၊ ၀၉-၄၂၀၁၀၈၉၈၃ ဖြင့် ဆက်သွယ် အကြောင်းကြားလာသဖြင့် အဆိုပါ ငွေများအား အမြန်ထုတ်ယူ ရရှိနိုင်ရေး အတွက် ၀န်ကြီး ဦးစောဝင်းထွန်းဆိုသူမှ အခွန်အခမှာ ၁၀၀ကျပ်လျှင် ၂ကျပ်နှုန်းဖြင့် ငွေ၂၂ သိန်းကျပ်အား
တောင်တွင်းကြီးမြို့၊ ရုံးမဘဏ်မှ လွဲပြောင်းပေးရန် စသည်ဖြင့် ပြောကြားခဲ့ကြောင်း
သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အဆိုပါ လိမ်ညာသူများသည် နိုင်ငံတော်ကို အကြည်ညို ပျက်စေရန် အတွက် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ နာမည်ကို အလွဲသုံးစားပြု၍ ယုံကြည်အောင် စည်းရုံးပြောဆို၍ ငွေလိမ်လည်ယူသောကြောင့် ကိုသူရအောင်နှင့် ဗိုလ်ကြီး အောင်မျိုးထွန်း၊ ဦးစောဝင်းထွန်းတို့အား တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် အတွက် စက်တင်ဘာ ၁၈ ရက်နေ့တွင် မမိုးမိုးမှ တရားလိုပြု တိုင်တန်းခဲ့သဖြင့် တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲ စခန်း(ပ) ၂၃၀/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ဖြင့် အရေး ယူထားကြောင်း သိရသည်။

သတင်းဓါတ်ပုံ - ဘိုကာ၊စော်ဘွားကြီး(တောင်တွင်း)
Tomorrow သတင်းဂျာနယ်

No comments:

Post a Comment