Tuesday, December 4, 2012
ပျံကျဈေးသည် (၆၅)ဦး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းထံ အသနားခံစာတင်
အမြန်လမ်း(၁၁၅)မိုင်ယဉ်ရပ်နား
စခန်းရှိ ပျံကျဈေးသည်များကို
နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ဈေး ရောင်းချခွင့် ပိတ်ပင်လိုက်ပါသဖြင့်
မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင် ကြုံ တွေ့ နေရကြောင်း
သိရှိရသည်။
စိုက်ပျိုးလုပ်ကိုင်စားသောက်ကြသော တောင် သူလယ်သမားများဖြစ်ကြပါသည်။
အမြန်းလမ်စီမံကိန်းတည်ဆောက်စဉ်အချိန်က ၄င်းတို့၏ လယ်ယာ မြေ
များသိမ်းစည်းခံရသဖြင့် အလုပ်လက်မဲ့ဖြစ်ကာ
(၁၁၅)မိုင်ယာဉ်ရပ်နားစခန်းတွင်း ပျံကျဈေးသည်များအဖြစ်
မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်နေရသော ဈေးသည်များဖြစ်ပြီး
အများစုမှာ ဖြူမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စုမှ
လယ်ယာမြေသိမ်းဆည်းခံရသော တောင်သူလယ်သမားများဖြစ်ပါသည်။
        အဆိုပါယာဉ်ရပ်နားစခန်းအတွင်း ဈေးရောင်းချနေသည့်
ပျံကျဈေးသည်တစ်ဦးအားမေးမြန်ကြည့်ရာ  “ ကျွန်တော်တို့
ပျံကျဈေးသည်တွေကို အခုလို ဈေးရောင်းချခွင့်ပိတ်လိုက်တော့
မိသားစုစားဝတ်နေရေးအတွက် ကော သားသမီးတွေပညာရေးအတွက်ပါ
ဒုက္ခရောက်ကြရတာပေါ့။  ယခင်က ကျွန်တော်တို့တွေဟာ ဈေးသည်တွေမဟုတ်ပါဘူး
လယ်သမားတွေပါ။ ကျွန်တော်တို့  လယ်ယာမြေတွေ အမြန်းလမ်းတည်
ဆောက်ရေးစီမံကိန်းထဲပါသွားလို့ ဒီလိုဈေးသည်ဘ၀ကိုရောက်ရတာပါ။
ဒီယာဉ်ရပ်နားစခန်းမှာ အုပ်ချုပ် ရေး မှူးကို  မနက်(၁၀၀၀) ကျပ်၊
ည(၁၀၀၀)ကျပ် ပေးပြီး ရောင်းရတယ်။ ကြီးပွားတိုးတက်မှုတော့ မရှိပါဘူး။
မိသားစုစားရရုံလောက်ပါ။ အခုလို ဈေးရောင်းချခွင့်ကိုပိတ်လိုက်တော့
ကျွန်တော်တို့မိသားစုတွေ အလုပ်လက်မဲ့ ဖြစ်ပြီး ဒုက္ခရောက်နေရပါတယ်” ဟု
ပျံကျဈေးသည် ကိုဇော်လင်းမှ ပြောကြားပါသည်။
        ပျံကျဈေးသည် ဒေါ်ဌေးဌေးပြောကြားရာမှာတော့ “ ကျမတို့ကို
ဈေးရောင်းချခွင့်ပိတ်တာက အမြန်လမ်း (၁၁၅)မိုင် ယာဉ်ရပ်နားစခန်းက
အုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝင်း ဖြစ်ပါတယ်၊ ယာဉ်ရပ်နားစခန်းမှာ ရှိတဲ့
ဆိုင်ကြီးတွေက သူတို့ဆိုင်တွေရောင်းအားကျဆင်းတယ်ဆိုပြီးတိုင်လို့
ဝန်ကြီးချုပ်ရဲ့ ညွန်ကြားချက်အရ ပိတ်ရတာပါလို့ ဦးဗိုလ်ဝင်းက ပြောတယ်။
အဲဒီဆိုင်တွေ ရောင်းကျဆင်းရတယ်ဆိုတာက ကျမတို့ဈေးသည် တွေကြောင့်
မဟုတ်ပါဘူး။ ခရီးသွားပြည်သူတွေထဲမှာ ပိုက်ဆံရှိတဲ့သူတွေပါသလို
မဖြစ်မနေသွားရတဲ့ ပိုက်ဆံမရှိတဲ့သူတွေလည်းပါတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့
ဆိုင်ကြီးတွေမှာ စားကြတာပေါ့။ မရှိဆင်းရဲ သားတွေက ဆိုင်ကြီးတွေမှာ
မစားနိုင်ဘူးလေ။ ကျမတို့ပျံကျဈေးသည်တွေရောင်းတဲ့ ငုံဥပြုတ်၊ ကြက်ဥပြုတ်၊
အချဉ်ထုတ်နှင့် အခြားတန်ဖိုးနည်း မုန့်ပဲသွားရည်စားလေးတွေပဲစားပြီး
ခရီးဆက်ရတယ်။ အခုလိုမျိုး ဈေးရောင်း ခွင့်ပိတ်လိုက်တော့ ပိုက်ဆံမရှိတဲ့
ဆင်းရဲသား ခရီးသွားပြည်သူတွေအတွက် ဒုက္ခရောက်ကြရသလို ဒီမှာရောင်း နေတဲ့
ပျံကျဈေးသည် (၆၅)ဦးရဲ မိသားစုစားဝတ်နေရေးနှင့် သားသမီးတွေရဲ့
ပညာရေးတွေပါ ဒုက္ခရောက်ကြရ ပါတယ်။ အဲဒီအတွက်ကြောင့် ကျမတို့ကို
ဈေးပြန်ရောင်းချခွင့်ပြုပါလို့ သက်ဆိုင်ရာလူကြီးမင်းတွေ သိရှိအောင်
ပြောချင်ပါတယ်” ဟု ပြောကြားပါသည်။
        ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အမြန်လမ်း(၁၁၅)မိုင်၊
ယာဉ်ရပ်နားစခန်းတွင် ပျံကျဈေးသည်များ ဈေး
ပြန်လည်ရောင်းချခွင့်ပြုရေးအတွက် ပျံကျဈေးသည် (၆၅)ဦးမှ
ဒီဇင်ဘာလ(၁)ရက်နေ့တွင် ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းထံ
အသနားခံစာတင်ပြထားကြောင်း သတင်းရရှိသည်။
                                                                                        အဖေ့သား(ပဲခူး)
No comments:
Post a Comment