Tuesday, January 6, 2015

ကျောက်ခဲကို ဆီင်္ကြိတ်ခြင်း

ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့ဖြစ်ပါတယ်။ သတင်း အတော်များများ တို့မှာ ရွှေ့ပြောင်းအလုပ်သမားသတင်းဆိုင်ရာတွေ ခပ်စိပ်စိပ် တက်လာခဲ့တာကိုသတိပြုမိတယ်။ ဗီဇာအတုနဲ့ မလေးရှားကိုအပို့ခံခဲ့ရ လို့ ထောင်၎လကျပြီး ပြန်လာခဲ့တဲ့မြန်မာအလုပ်သမား ၄၅ဦး (ကျား၃၀ + မ၁၅) သတင်း၊ တရားဝင်ပြန်ခွင့်ပြုတာကို မလေးရှားအစိုးရက ပိတ်ပင်လိုက်တာတွေ ကို တွေ့ရှိရပါ တယ်။ လူပို့ပွဲစားတွေ ပေါင်း ပြီး ဖွဲထားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင် များအဖွဲ့ MOEAF က တစ်ခါ အလုပ် သမားတွေ ကိုစာရင်းကောက်ဖို့ ဘန်ကောက် မြန်မာသံရုံးအနီးမှာ ဆက်သွယ်ရေးစင်တာတစ်ခု ဖွင့်လှစ်တဲ့ဆိုတဲ့ သတင်း တွေတက်လာတယ်။အလုပ်သမားလေးသိန်း
လောက် ရှိတဲ့ မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ အလုပ်သမား ပေါင်း လေးသိန်းလောက်ရှိတဲ့ အထဲ နေထိုင် ခွင့်ဘတ်ကဒ်လုပ်တာ သောင်းကဏန်းသာရှိတယ် လို့သတင်း ဖတ်ရပြန်တယ်။“ လုပ်သမားလူတန်းစားဟာ ခေါင်းပုံဖြတ်စရာအကောင်းဆုံးလော?”

ပွဲစားတစ်သုတ် လက်ကိုင်တုတ် လုပ်ပြီး အကျိုးစီးပွားရှာနေတဲ့ အလုပ်သမား အာဏာပိုင်တွေဟာ မြန်မာ သံရုံးကိုဗဟိုပြုပြီး ကြီးပွားချမ်းသာနေကြတဲ့ MOUလူပွဲစား အချို့ကို ပြည်ပကိုထွက်ခွာမယ့် အလုပ်သမား
 တွေ အား ဖုန်းဆင်းမ်ကဒ်တွေ အလားကားပေးခွင့်ပြုခဲ့ပါတယ်။ အလုပ်သမားတွေဆီက ငွေတွေကို မသိမသာ (ကင်ဆာရောဂါ)လို လှိုက်စားသွားမှာကို အလုပ်သမားတွေ မသိချာကြဘူး။ လစဉ် သုံးသမျှ ဖုန်းကဒ်ကနေ ၎င်းတို့ ဖြတ်သွားတဲ့အကြောင်း ကျနော် ဆောင်းပါးရေး ဖူးပါတယ်။

အခုတစ်ခါ အဲဒီ ထိုင်းအခြေစိုက်MOU ပွဲစားလုပ်ပြီးချမ်းသာနေကြတဲ့ သူဌေးတွေက အလုပ်သမားဝန်ကြီး ဌာန ကိုလာပြီးတော့ ပြည်ပကိုထွက်ခွာမယ့် အလုပ်သမားတွေ အသက်အာမံခံကြေး ကောက်ခံဖို့ လာရောက် ညှိနှိုင်းတယ် ။ ခေတ်မီလာဘ်စားမှုစနစ်တွေကြောင့် တိုက်ဖျက်ရေးကော်မရှင်
တွေ ခေါင်းလည်နေ တဲ့အချိန်မှာ ရွှေ့လိုက် တဲ့ အကွက်ကလေးက လက်ကိုင်တုတ် ပွဲစားဂိုဏ်းပေါင်းစုံ MOEAF က မဖြစ်မနေ လက်မှတ်ထိုးရ တယ် ဆိုတာကိုလည်း အတွင်းသတင်း သိရပြန် တယ်။ ဗိုလ်ဝတ်လဲပေမယ့် ၀ိနည်းကကျွမ်းသားပဲ။ လူတွေကို ခေါင်းပုံဖြတ်ခွင့် အနိုင်ကျင့်ခွင့်လိုင်စင်ရထားကြသလိုပါလား။ အလုပ်သမားလူတန်းစားကို အမြတ်ထုတ်ဖို့ အစီအစဉ်ကိုချမှတ်ဖို့ ပွဲစားတွေက အလုပ်သမားအာဏာပိုင်တွေဆီကို တခါးမရှိ၊ ဓါးမရှိ ၀င်နိုင်တယ်။ ငွေမျက် နှာများကြီးလိုက်တာ။
.
ထိုင်းနိုင်ငံက ပကာစာခွန်း(အာမခံ) ရာဇ၀င်”

ထိုင်းနိုင်ငံမှာ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ စတဲ့ နိုင်ငံတွေက လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ငါးသန်းလောက်ရှိပါတယ်။ ဒီအထဲမှာ ၈၅ရာခိုင်နုန်းက မြန်မာတွေဖြစ်တယ်ဆို တာ ထိုင်းအလုပ်သမားသမဂ္ဂတို့ ရဲ့ စါရင်းဇယားအရ သိရတယ်။ ထိုင်းနိုင်ငံဟာ ပြည်ပက လာရောက်အလုပ် လုပ်ကိုင်ကြ တဲ့ ရွှေ့ပြောင်းအလုပ်သမာတွေရဲ့ လုပ်အားအပေါ်မှာ မှီတည်နေ တာ နှစ်ပေါင်း ၂၀ကျော်လောက် ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလောက်ပမာဏများပြား တဲ့ နိုင်ငံခြားသားအလုပ်သမားတွေ ဆီကနေ ဘယ်လို ခေါင်း ပုံဖြတ်မလဲ ဆိုတဲ့ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်လာခဲ့ပါတယ်။ ထိုင်းအင်ဂျီအိုတွေဟာ ထိုင်းစကား တတ်တဲ့ မြန်မာအင်ဂျီအိုဝန်ထမ်းတွေကို လစာကောင်းကောင်းပေးပြီး နည်းမျိုးစုံနဲ့ စည်းရုံးပြီးတော့ ပကာစာခွန်း (အသက်အာမခံ) ကို သေသေချာချာ အကောင်အထည်ဖေါ်ပါတယ်။ ၀င်ငွေရဲ့ ငါးရာခိုင်နုန်းကိုဖြတ်တောက် ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ ဘယ်လောက်အထိ လက်ရဲဇက်ရဲလုပ်ခဲ့သ လဲဆိုရင် အလုပ်သမား တွေကို ပြန်ပို့မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၃ ခုနှစ်မှာ အလုပ်သမားတစ်ယောက်ကို ဘတ်ငွေ တစ်ထောင်စီ ဖြတ် တောက်ခဲ့တယ်။ သန်းချီရှိတဲ့ အလုပ်သမားတွေဆီက ဘီလီယံနဲ့ ချီတဲ့ငွေကို အလကားဖြတ်ထားတယ်။ ဒီငွေ တွေကို မြန်မာသံရုံးကဖြစ်စေ မြန်မာအလုပ်သမား ၀န်ကြီးဌာနကဖြစ်စေ ပြန် လည်တောင်းခံသင့်ပါတယ်။ မြန်မာအလုပ်သမားတွေဆီက ဘီလီယံနဲ့ချီတဲ့ ထိုင်းဘတ်ငွေတွေကို ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနက အမြတ်ထုတ်ထား တာကို မြန်မာ အစိုးရက ပြန်လည်တောင်းခံသင့်ပါတယ်။ ဒီလောက်များပြားတဲ့ငွေ အရင်းက ဘဏ်တိုးနဲ့ကို ထိုင်းရောက် အလုပ်သမားတွေ အတွက် ကူညီစောင့် ရှောက်မှု လုပ်ငန်းကိုလုပ်ကိုင်နိုင်ပါတယ်။
.

“တာ့ခ်ခရိုင်က အလုပ်သမားတွေ ဘာကြောင့်ဘတ်ကဒ်မလုပ်ကြတာလဲ
တာ့ခ်ခရိုင် ဆိုတာ မဲဆောက်အပါအ၀င်ဖြစ်ပါတယ်။ မဲဆောက်မြို့ဟာ မြ၀တီ ရဲ့တဖက်ကမ်းမှာရှိတဲ့ နယ် စပ်မြို့ပါ။ ၂၀၁၁ ခုက ထိုင်းဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ယင်လတ်အစိုးရဟာ ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား တွေ မနက်၈နာရီမှ ည၅နာ ရီအထိ လုပ်အားခ ဘတ်ငွေ ၃၀၀ စီပေးရမယ်။ အချိန်ပို တစ်နာရီလုပ်အားခ ၅၉ ဘတ်ပေးရမယ်။ တနင်းဂနွေ ရုံးပိတ်ရက်တွေမှာ အလုပ်ခိုင်းရင် ၂ဆ ပေးရမယ် လို့ အတိအကျ ပြဌာန်းခဲ့ပါ တယ်။ ဒါပေမယ့် အလုပ်ရုံအနည်းငယ်ကလွဲရင် အလုပ်သမား တစ်ယောက်ကို တစ်နေ့လုပ်အားခ ဘတ်၁၅၀ ထက် ပိုမရကြသေးဘူး။ ထိုင်းနိုင်ငံမှာ ချင်းမိုင်မြို့မြို့ထက် မဲဆောက်မြို့က အဖွဲ့အစည်းပေါင်းစုံအခြေစိုက်တဲ့ မြို့လည်းဖြစ်ပါတယ်။ ဒါပေမယ့် မဲဆောက်ကအဖွဲ့တွေဟာ အာ,သူသာများပြီး အလုပ်သမားတွေကတော့ နဂို အတိုင်းဖိနှိပ်ခံရဆဲဖြစ်ပါတယ်။

လုပ်အားခကနည်း၊ ဘတ်ရှိရှိမရှိရှိ၊ ပတ်စပို့ရှိရှိ မရှိရှိ ထိုင်းပုလိပ်ဖမ်းတာ ခံရတာပဲ။ ထိုင်းလုပ်ငန်းရှင် ကလည်း အစိုးရသတ်မှတ်ထားတဲ့ လုပ်အားခ ဘတ်၃၀၀ ရာကိုမပေး။ ဆိုတော့ အလုပ်သမားတွေမှာ ဘတ်နဲ့ ပတ်စပို့ လုပ်တာ ငွေကုန်ရုံကလွဲ ရင် ဘာမှ မထူးတာကြောင့် အကုန်အကျခံပြီး မလုပ်ကြတာလည်းဖြစ်ပါတယ်။
.
.
.
“ကျောက်ခဲကို ဆီကြိတ်ခြင်း”

ထိုင်းနိုင်ငံအနှံ့ ယခုအခါ ပန်ရောင်ဘတ်ကဒ် လုပ်ထားတဲ့အလုပ်သမားပေါင်းခြောက်သိန်းလေးသောင်း
ကျော်ရှိတယ်။ ဒီအလုပ်သမားတွေအားလုံးကို ၂၀၁၅ ခု မတ်လအကုန်မှာ နိုင်ငံကူးလက်မှတ်ပြီးစီးအောင် လုပ် ပေးမယ်လို့ မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနညွန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

လက်ရှိ မြန်မာသံရုံးမှာ ပတ်စပို့ရုံးဖွင့်ပြီး လုပ်ပေးနေတဲ့ရုံးမှာ တစ်နှစ်ပတ်လည်နီနီး လုပ်ပေးနေတာ အလုပ်သမား သုံးထောင်မပြည့်သေးပါဘူး။ ၃လအတွင်းမှာ ပတ်စပို့ ခြောက်သိန်းကျော်ကိုထုတ်ပေးမယ်ဆိုရင် တစ်ပတ်မှာ ပတ်စပို့အုပ်ရေ ငါးသောင်းကျော် ထုတ်ပေးရမှာဖြစ်ပါတယ်။ ခန်းဘယ်ခုမှာ ကျွမ်းကျင်တဲ့ ၀န်ထမ်း ဘယ်လောက်နဲ စကေးချပြီး တွက်ချက်ထားတာလဲ ဆိုတာ အပြီးလုပ်ရမယ်ဆိုတဲ့ ညွန်ချုပ်ကြီးသာသိပါ လိမ့်မယ်။

ဘာကြောင့် မြန်မာအလုပ်သမားတွေ ပတ်စပို့ အသစ် ပြန်မလုပ်ကြ တာလဲ။ မလုပ်ချင်လို့လား။ လုပ်ချင်လျှက်နဲ့ ဘာတွေကြောင့် လုပ်မရဖြစ်နေတာပါလဲ?....

ထိုင်းနိုင်ငံအတွင်းကိုရောက်ရှိ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတိုင်း ဟာ တရားဝင်နေထိုင် ခွင့်အပြည့်အစုံနဲ့ လုပ်ချင်ကြသူတွေချည်းပဲဖြစ်ပါတယ်။ ပတ်စပို့ အသစ်လဲခြင်းမှာရော ပန်ရောင်ဘတ်ကဒ်က ပတ်စပို့ဖြစ် အသစ်လျှောက်ထားရာမှာပါ သတ်မှတ်ထားတဲ့ အချက်တွေဟာ အလုပ်သမားတွေ အနေနဲ့ မဖြစ် နိုင်တဲ့ အချက်အလက်တွေ ပါဝင်နေလို့ဖြစ်ပါတယ်။ အဲဒါတွေကတော့ အိမ်ထောင်စု သန်းခေါင် စါရင်း နဲ့ နိုင်ငံ သားစိစစ်ရေး မှတ်ပုံတင် ပါမှ ဆိုတဲ့စည်းကမ်းများဖြစ် ပါတယ်။ ဒီဟာ၂ခု ပါမှ ပတ်စပို့အသစ်ထုတ်ပေးမယ်။ သက်တမ်းတိုးပေးမယ် ဆိုတဲ့ မူကို ဆုတ်ကိုင်ထားသမျှ မြန်မာ အလုပ်သမားများ မလုပ်ရေးချ မလုပ်နိုင်ပါ။ ဒါပါမှ လုပ်ပေး မယ်ဆိုတာ ကျောက်ခဲကို ဆီဖြစ်အောင်ကြိတ် တာ နဲ့ သာတူပါမယ်။

ကျောက်ခဲကိုဘယ်စက်မျိုးနဲ့ ဘယ်လောက်ကြိတ်ကြိတ် ဆီဖြစ်လာစရာမရှိ ပဲ ကျောက်မှုန့်တွေသာဖြစ် သွားမှာဖြစ်သလို ဒီစည်းကမ်းကိုထည့်သွင်းထားသမျှ တရားဝင် မြန်မာ အလုပ်သမားတွေဟာ တရားမ၀င် မြန်မာအလုပ် သမားဘ၀ကို ကျရောက်သွားမှာ မုချဖြစ်ပါတယ်။ ယခုလည်း နေ့စဉ် အလုပ်သမား ငါးထောင် ထက်မနည်း ပတ်စပို့ သက်တမ်းတွေ ကုန်ဆုံးနေတယ်။ မြန်မာအလုပ်သမား ၀န်ကြီးဌာနဟာ အလုပ်သမား တွေနဲ့ တကယ်အလုပ်သမားအရေးဆောင်ရွက်သူတွေ အကြံပြုချက်နဲ့ အလုပ်သမားတွေ ရဲ့အခက်အခဲတွေကို သိလျှက်နဲ့ ဆီထပ် ကြိတ်နေဆဲဖြစ်ပါတယ်။ တစ်နှစ်ကြာ အကောင်အထည်ဖေါ်ခဲ့ပေမယ့် အကောင်အထည် မပေါ်ခဲ့တဲ့ အချက် ၂၇ ချက်ပါ အချက်အလက်ဖြည့်စွက်ပြီးမှ ပတ်စပို့ အသစ်ထုတ်ပေးမယ် ဆိုတဲ့ စီမံချက်ကို ပွဲစားကုမ္ပဏီ ၄၀ ကို ထိုင်းမှာ လုပ်ခွင့်ပြုလိုက်ပြန်တယ်။ ပြည်သူတွေကို နားရှုပ်အောင်ပြော နေတာတွေလုပ် နေ တာတွေ ဟာအလုပ်သမားတွေအတွက် အကျိုးမဲ့ပါတယ်။
.
 “အကြိမ်ကြိမ်ပြောပြီး အထပ်ထပ်ပြောမယ်”

ထိုင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့မြန်မာအလုပ်သမားတွေထဲမှာ (စစ်ဘေးဒုက္ခသည်၊ နိုင်ငံရေး ဒုက္ခသည်၊ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေနဲ့ ထိုင်းမှာမွေးဖွားတဲ့ မြန်မာနိုင်ငံသားတွေဆိုပြီး အမျိုး အစားအသီးသီးရှိကြပါတယ်။ ဒီလူတွေထဲမှာ (၁) စစ်ဘေးဒုက္ခသည် (၂) နိုင်ငံရေး ဒုက္ခသည်နဲ့ (၃) မြန်မာနိုင်ငံ သား မိဘနှစ်ပါးက မွေးဖွားပြီး အရွယ်ရောက် အိမ်ထောင်ပြု ကလေးမွေးပြီးသည့် တိုင်အောင် မိဘ ဇာတိ မြန်မာ နိုင်ငံကို မရောက်ဖူးသူက အများသား။ ဒီအလုပ် သမား၃မျိုးမှာ အိမ်ထောင်စုသန်းခေါင်စာရင်းနဲ့မှတ်ပုံတင် ဘယ် လို လုပ်ပြီးရှိနေ မှာလဲ။

အလုပ်လာလုပ်ကြတဲ့ အလုပ်သမားအချို့မှာမှတ်ပုံတင်တွေ ပါလာခဲ့ကြပေမယ့် ထိုင်းနိုင်ငံအတွင်းမှာမလို အပ်တာကြောင့် ပျောက်ဆုံးသွားကြသူတွေရှိကြပါတယ်။ အချို့အလုပ်ရှင်တွေက သိမ်းထားလို့ ထားခဲ့ကြရသူ တွေလည်းရှိပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာမှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းဆိုတာ ရှိဖို့မလိုအပ် တာကြောင့် မြန်မာအလုပ်သမားတွေ ဂရုလည်းမစိုက်ခဲ့ကြဘူး။ အမှန်လည်းထိုင်းမှာ လိုအပ်တာမှမဟုတ် တာပဲလေ။

ပန်းရောင်ဘတ်ကဒ်လုပ်ပြီး ဘတ်ငွေ၃၀နဲ့ ကလေးမွေးလို့ရတဲ့ စနစ်နဲ့ နေထိုင်ခဲ့ကြတဲ့ ထိုင်းရောက် အလုပ်သမားတွေကို မြန်မာအစိုးရ ဘာကြောင့် ပတ်စပို့ထုတ်ပေးခဲ့တာလဲ။ ဘာရည်ရွယ်ချက်ရှိလဲဆိုတာ ကျနော်တို့ ဉာဏ်မမီနိုင်ပေ မယ့် သူတို့ကတော့ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်အလုပ်သမားတွေအဖြစ်လုပ်ကိုင် ပြီး အခွင့်အရေးတွေတန်းတူရရှိစေချင်လို့ပါလို့ ဖြေကြမယ်ထင်ပါတယ်။ အလုပ်သမားပတ်စပို့ ထုတ်မပေးမီကာ လက မြန်မာအလုပ်သမားတွေဟာ ပန်းရောင်ဘတ်ကဒ်နဲ့ မြန်မာပြည်ကို ပြန်လို့မရ၊ နေရာအစုံကို သွားလာခွင့် မရရှိတာမှန်ပါတယ်။

ဒါပေမယ့် တစ်နှစ်တာ ဆေးဝါးကုသခွင့်အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်အတွက် စုစုပေါင်း ဘတ်ငွေ ၄,၀၀၀ ခန့်သာကုန်ကျပါတယ်။ မြန်မာအစိုးရက ပွဲစားကြားခံ ပတ်စပို့ ထုတ်ပေးတဲ့အခါ အလုပ်လုပ် ခွင့် ပါမစ်ဆိုတာပါ ပူးတွဲပါလာခဲ့တာမို့ မြန်မာ အလုပ်သမားတွေဟာ ဘတ်ငွေ တစ်သောင်းကျော် ကုန်ကျပါ တယ်။ အဆိုးဆုံး အစီအမံတစ်မခုကတော့ ရက်ပေါင်း ၉၀ ပြည့်တိုင်း နီးစပ်ရာ ထိုင်းလ၀က ရုံးမှာ ဧည့်စါရင်း တိုင်ကြားရပါတယ်။ ဒီအစီစဉ်တွေဟာ မြန်မာအလုပ်သမားတွေဆီက ပွဲစားတွေ ခေါင်းပုံဖြတ် ခွင့်တရားဝင် ရရှိသွားစေခဲ့ပါတယ်။ ဧည့်စါရင်းမတိုင်ကြားရင် ထိုင်းပုလိပ်ဖမ်းဆီးငွေညှစ်တာကိုခံရပြန် ပါတယ်။

ပတ်စပို့ရှိလို့ မြန်မာနိုင်ငံကို ပြန်လာခွင့်ရရှိပေမယ့် ဘန်ကောက်ကနေ မဲဆောက်ကို လာတဲ့ လမ်းတလျှောက် မြ၀တီ တရောက်ထိ ထိုင်းပုလိပ်တွေ ငွေညှစ်တာကိုခံရ ဆဲဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနဲ့ မြန်မာအစိုးရတို့ရဲ့ မလုပ်မနေရ စနစ်ကြောင့်သာ ပတ်စပို့လုပ်နေ ကြရပေမယ့် လုပ်ပေးတဲ့ အစိုးရ၂ရပ်လုံး တရားဝင်မြန်မာအလုပ်သမားတွေအပေါ်မှာ ကာကွယ်ပေးမှုမရှိပါဘူး။
 
“အလုပ်သမားတွေအတွက်ဘာလုပ်ပေးရင်အဆင်ပြေမလဲ”

တစ်နှစ်တာအတွင်းဘတ်ငွေ ၃၀နဲ့ ကျမ္မာရေးစောင့်ရှောက်ခအပါအ၀င် အလုပ်လုပ်ကိုင်နေထိုင်ခွင့် အပြည့်အစုံပါဝင်တဲ့ ပန်းရောင် ဘတ်ကဒ် စနစ်ဟာ အလုပ်သမားလူတန်းစားအတွက် အသက်သာဆုံးပါ။ ဒီပန်းရောင်ကဒ် ကလေးကို သံရုံးထောက်ခံချက်တစ်ခုခုတွဲပြီး နေရပ်ပြန်ခွင့်၊ ပြန်လာခွင့် ပြုလိုက်ရင် အကောင်း တကာ့အကောင်းဆုံးဖြစ်ပါတယ်။ ဒီလောက် မြန်ဆန် သက်သာ လွယ်ကူတဲ့ စနစ်ကို ဘာကြောင့် မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာန အကောင်အထည်မဖေါ်ချင်ရ တာလဲ ။ မြန်မာ
ရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းလူ မျိုးတွေ မလုပ်ချင်ကြတဲ့ ပင်ပန်းခက်ခဲ ညစ်ပတ်ပြီး အန္တရာယ် များတဲ့အလုပ်တွေကို နေ့စဉ်လုပ်နေကြရတာပါ။ ဒီအလုပ်သမားတွေ သက်သာမယ့် နည်းလမ်းရှိနေပါလျှက် ဘာကြောင့် ပတ်စပို့ကြီး ဆိုပြီး ထပ်လုပ်ပေးချင် နေကြတာလဲ ကျနော်တို့ နားမလည်နိုင်။

ထိုင်းမှာ လုပ်နေတဲ့ အလုပ်သမားတွေကို ပန်းရောင်ဘတ် မလုပ်ပေးရင်ထား အုံး။ မြန်မာနဲ့ နိုင်ငံခြား သား ကုလား တရုတ် ခွဲခြားသိနိုင်တဲ့ မြန်မာလ၀က တွေက မှတ်ပုံတင်နဲ့ အိမ်ထောင်စုစါရင်း မလိုပဲ ထိုင်းနိုင်ငံ အတွင်း သွားလာနေထိုင်လို့ရရုံ အယင်ကထုတ်ပေးထားခဲ့တဲ့ Only Thailand စာအုပ်လောက်ဆို လုံလောက် ပြီးပေါ့။ ငွေကြေးတတ်နိုင်ငံလို့ တကမ္ဘာလုံးကို သွားချင်ကြသူတွေ မြန်မာနိုင်ငံ ကို ပြန်ပြီး ပတ်စပို့စာအုပ်ကြီး လုပ်ကြပါစေလေ။

မဖြစ်နိုင်တာကို ဖြစ်ရမယ်ဆိုပြီး မသိတဲ့သူက မတတ်တဲ့သူကိုညွန်ကြားပြီး နားမလည်တဲ့ လူတွေ အကောင်အထည်ဖေါ်ခိုင်လို့ကတော့ စာရွက်ပေါ်မှာ ရေကာ တာတွေကြောင့် လျှပ်စစ်မီပိုလျှံ
 အောင်ထွက်လို့ တရုတ်ကိုထုတ်ရောင်းနေကြောင်း၊ သတင်းစာက လျှပ်စစ်မီရရှိမှုတွေက ဓါတ်လိုက် မတတ်၊ မြန်မာယဉ်ကျေးမှု အစီရင်ခံစာ ထွက်လာရုံမှတစ်ပါး အခြားမရှိနိုင်ပါ။

 
မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်မရှိပဲ အလုပ်သမားတွေတင်ပို့တဲ့ အေဂျင်စီတွေ၊ အလုပ်သမားခေါ်စာ အတုနဲ့ အလုပ်သမား တင်ပို့တဲ့ အေဂျင်စီတွေကို အချက်အလက်အပြည့်အစုံနဲ့အလုပ် သမားအရေးဆောင် ရွက် တဲ့အဖွဲ့တွေက တင်ပြခဲ့တာအကြိမ်ကြိမ်ဖြစ်ပေမယ့် အရေးယူခြင်းမရှိတဲ့အပြင် အကာအကွယ်ပါပေးထားတာကြောင့်ပိုမိုအတင်းရဲနေတာကိုတွေ့ရှိရပါတယ်။

ယခုလက်ရှိ အေဂျင်စီ သုံးခုဟာ သူတို့ တင်သွင်းထားတဲ့ အလုပ်သမားတွေကို ထွက်လာတဲ့ပတ်စပို့ကို ပစ်ခိုင်းလိုက်တယ်။ ပြီးတော့ ပန်းရောင် ဘတ်ကဒ် လုပ်ပေးထား တယ်။ နောက်ထပ် ပတ်စပို့အသစ်
လျှောက် ထား ခိုင်းတယ်။ ဒီအလုပ်သမားတွေဟာ ထိုင်းကိုလာရောက် အလုပ်လုပ်ကိုင်ဖို့အတွက် လည်းငွေကုန်၊ ပန်း ရောင်ဘတ်ကဒ်လုပ်လို့လည်းထပ်ကုန်ပြန်တယ်။ နောက်ထပ် ပတ်စပို့ အသစ်ပါ လုပ်ရမယ်လို့ အေဂျင်စီတွေ အနိုင်ကျင့်ထားတာကတော့ အဲဒီအလုပ်သမားတွေဟာ ထိုင်းကျွန်ဘ၀က ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ပါ တော့မလဲ ဆိုတာ တွေးကြည့်လို့ ဆို့နင်းမိတယ်။ 

ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်ပါ ....” ကျောက်ခဲကို ဆီင်္ကြိတ်ခြင်း””

ကျော်သောင်း (ဘန်ကောက်)

No comments:

Post a Comment