Saturday, January 17, 2015

လိပ်ကျွန်း အမှုကို စနစ်တကျဆောင်ရွက်နိုင်ရန် ဘန်ကောက်တွင် ရုံးဖွင့်မည် ဟုဆို

Rakhine News Agency (ရန်ကုန်၊ ဒီဇင်ဘာ ၃၁)

လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံနေရသည့် ရခိုင်လူမျိုး မြန်မာနိုင်ငံသား ရွေှ့ပြောင်းလုပ်သား နှစ်ဦး ၏ အမှုအတွက်ဆောင်ရွက်ပေးမည့် ရုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဖွင့်လှစ်သွားရန် ရှိကြောင်း ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဋ္ဌဦးတင်ထူးအောင် က Rakhine News Agency သို့ပြောသည်။“ရုံးက ဘန်ကောက်မှာ ဖွင့်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ အမှုကိစ္စ ညှိနှိုင်းဆောင်ရွက်ဖို့ လာတဲ့လူတွေ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာတည်းရတဲ့အတွက် စရိတ်စက အများကြီးကုန်ကျတာကို ကာမိဖို့၊ နောက်ပြီးတော့လုပ်ငန်းစဉ်တွေကို ရုံးတစ်ခု ဖွင့်ပြီးတော့ သတ်သတ်မှတ်မှတ်ဆောင်ရွက်ဖို့
လိုအပ်လာလို့ပါ” ဟု ဦးတင်ထူးအောင် ကပြောသည်။

မြန်မာလုပ်သား နှစ်ဦးအတွက် အာမခံရရှိရန် လျှောက်ထားခဲ့သော်လည်းပယ်ချခံခဲ့ရပြီး၊
 နောက်တစ်ကြိမ်ရုံးချိန်းကိုလဲ ၂၀၁၅ခုနှစ် ဇူလိုင်လတွင်ချိန်းဆိုခဲ့သောကြောင့် မြန်မာလုပ်သား နှစ်ဦးမှာ အကျဉ်းထောင်ထဲတွင်ခြောက်လကျော်ကြာအောင် ဆက်လက်နေထိုင်ရဦးမည် ဖြစ်သည်။


“စိတ်ပျက်သွားအောင်၊ စိတ်ဓာတ်ကျသွားအောင်တော့ သူတို့ဘက်က လုပ်နေမှာဘဲ။ထိုင်းဘက်ကဆိုရင် အစိုးရပါဝင်ပတ်သက်နေတယ်။ အနည်းဆုံးအာဏာပိုင်တွေလောက်တော့ ပါဝင်ပတ်သက်နေတယ်။ ကျွန်တော်တို့ ဘက်မှာကထိုင်းနိုင်ငံမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့လူတွေ၊ ပြီးတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားကွန်ရက်နဲ့ ရခိုင်လူမှုအဖွဲ့အစည်းရယ်၊ပြီးတော့ အစိုးရပိုင်း က နှုတ်နဲ့ စောင်မတယ်၊ ငွေကြေးအားဖြင့်အတိုင်းအတာတစ်ခုအထိ ပံ့ပိုးတယ်။ အဲ့ဒီအနေအထားလောက်ပဲ ရှိတဲ့အတွက်ကြောင့်အဲ့ဒီအနေအထားလောက်နဲ့ ရှေ့ဆက်သွားဖို့မလွယ်ဘူး။ အဲ့ဒါကြောင့် စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် ရုံးခန်းဖွင့်ဖို့ ဆုံးဖြတ်တာပါ” ဟုဦးတင်ထူးအောင် ကပြောသည်။

တရားရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို အချုပ်ကားပေါ်တွင် တွေ့ ရစဉ်။ (ဓာတ်ပုံ - EPA)

No comments:

Post a Comment