Saturday, September 6, 2014

ပဲခူးမြို့၊ မြို့ရှောင်လမ်းဘေးအနီးရှိ လူနေဆိုင်ခန်းပိုင်ရှင်များအား ဖယ်ရှားထွက်ခွာရန်အကြောင်းကြား

    ပဲခူးမြို့၊ မြေတိုင်းအမှတ်(၁၉)၊ ဥဿာမြို့သစ်၊အမှတ်(၅)ရပ်ကွက်၊မြို့ရှောင်လမ်းဘေးအနီးရှိ လူနေဆိုင်ခန်း(၅၀)ခန့်အားစက်တင်ဘာလ(၁၅)ရက်နေ့နောက်ဆုံး
ထားပြီး ဖယ်ရှားထွက်ခွာပေးရန်ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သြဂုတ်လ (၂၉)ရက်နေ့တွင်ဆိုင်ပိုင်ရှင်များထံသို့ အသိပေးအကြောင်းခဲ့ကြားကြောင်း သတင်းရရှိသည်။        အဆိုပါကိစ္စနှင့်ပတ်သက်၍ လူနေဆိုင်ခန်းပိုင်ရှင်တစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာ '' အခုဒီမှာ လက်ရှိနေနေတဲ့သူတွေကအနယ်နယ်အရပ်ရပ်ကနေပြီး
တော့ ဒုက္ခရောက်လို့ ပြောင်းရွေ့လာကြတဲ့သူတွေပါ။ သက်ဆိုင်ရာရပ်ကွက်အာဏာပိုင်အဖွဲ့ကို (၁၀)ပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင်ငွေကျပ်(၃၀၀၀)ကျပ်
လစဉ်ကြေး တစ်လလျှင် (၁၀၀၀)ကျပ် ၂၀၀၈ခုနှစ်မှစတင်၍  ၂၀၁၃ ဇွန်လကုန်အထိပုံမှန်ပေးသွင်းပြီးနေထိုင်ခဲ့တာပါ။ နေရာလိုချင်လို့ကျူးကျော်နေထိုင်ခဲ့ကြတဲ့သူတွေ
မဟုတ်ပါဘူး။ တကယ်ကိုနေစရာထိုင်စရာမရှိကြတာ။ ကျွန်မတို့က သူပေးထားတဲ့ရက်အတွင်း မဖယ်ပေးနိုင်ဘူးဆိုလျှင်တော့ သူတို့သက်ဆိုင်ရာကနေ ဥပဒေအရ
အရေးယူမယ်။ ဖမ်းမယ်ဆိုလျှင် ကျွန်မတို့လိုက်သွားဖို့ အကုန်အဆင်သင့်ပဲ။ဘာဖြစ်လို့လည်းဆိုတော့ ပြောင်းမယ်ဆိုလျှင် ဘယ်မှာသွားပြောင်းနေမလဲ။
ရွေ့မယ်ဆိုလျှင်ဘယ်မှာပိုက်ဆံရှိမှာလဲ။ မနက်စားပြီး ညနေစားစရာမရှိတဲ့ လူတတန်းလုံးချည်းပဲ။ အကုန်ဖြစ်နေတာ။ လက်ရှိဒီမှာ လူနေဆိုင်ခန်းပေါင်း(၄၈)ဆိုင်ရှိတယ်။
မိသားစုဝင်ပေါင်း(၂၀၀)ကျော်ရှိတယ်။ ဒီဈေးဆိုင်ခန်းလေးတွေကိုအားကိုးပြီးမိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာပါ။ လက်ရှိဒီနေရာမှဖယ်ရှားထွက်ခွာပေးရပါက
လူနေဆိုင်ခန်းပိုင်ရှင် မိသားစုဝင်များ အခြေမဲ့အနေမဲ့ဘ၀ဖြင့်အတိဒုက္ခရောက်ကြရမှာပါ " ဟု ပြောသည်။

        ယင်းကိစ္စနှင့်ဆက်လျဉ်း၍ အိမ်ခြေယာခြေမဲ့၊ အလုပ်လက်မဲ့ဘ၀ဖြင့်မိသားစုများနှင့် ကျောင်းနေအရွယ်လူငယ်များ ပို၍ဆင်ရဲတွင်းထဲနစ်သထက်နစ်မည့်
အရေးကို ထောက်ထား၍ လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ဆင်းရဲနွမ်းပါးမှုလျှော့နည်းရေးမှုကို လက်ကိုင်ပြု၍ စဉ်းစားသုံးသပ်ပြီးစီစစ်ဆောင်ရွက်ပေးပါရန်
သက်ဆိုင်ရာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ဖယ်ရှားထွက်ခွာရမည့် လူနေဆိုင်ခန်းပိုင်ရှင်များမှအသနားခံတင်ပြသွားမည်ဖြစ်ကြောင်း
သိရှိရသည်။

အောင်ရဲရင့်(ပဲခူး)

လူထုမော်ကွန်းသတင်းစာ

No comments:

Post a Comment