Tuesday, November 26, 2013

ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့အနေဖြင့် အဂတိလိုက်စားသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူရာတွင် ထိရောက်မှုအားနည်း


ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်မှ ကျေးရွာ ပြည်သူလူထုအပေါ် ငွေကြေးများမတရားကောက်ခံခြင်း၊ တရားမ၀င် ကျွဲနွား
မှောင်ခိုလုပ်ငန်းများမှ လိုင်ကြေးများကောက်ခံနေမှုနှင့်ပတ်သက်၍ ထိရောက်စွာအရေးယူပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးသို့ ၂၀၁၃ ခုနှစ်၊ စတင်ဘာလ(၃၀)
ရက်နေ့တွင် ဒေသခံရွာသူ/ရွာသားများမှ တင်ပြတိုင်ကြားခဲ့သော်လည်း အရေးယူပေးခြင်းမရှိသည့်အတွက် စိတ်ပျက်မိကြောင်း တိုင်ကြားသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ ကပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်သည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ရာတွင် တောင်သူလယ်သမားတစ်ဦးလျှင် ၃၀၀၀ကျပ်၊ နောက်တိုးလယ်သမားတစ်ဦးလျှင်
၁၀၀၀၀ကျပ်နှုန်း မပေးမနေရ တောင်းခံခဲ့သည့် ကိစ္စနှင့် ကပင်ကျေးရွာသည် စစ်တောင်းမြစ်အနီးတည်ရှိသောရွာလည်းဖြစ် ကျွဲနွားမှောင်ခိုလုပ်ငန်း လုပ်ကိုင်သူများ ပေါ်များရာဒေသလည်းဖြစ်သည့်
အတွက် လစဉ် တရားမ၀င်ကျွဲနွားအကောင် အရေအတွက်(၂၀၀)ကျော်ခန့်ဖြတ်သန်းသွားလေ့ရှိပြီး ကျွဲနွားမှောင်ခိုလုပ်ကိုင်သူများထံမှ ကျွဲ(သို့)နွားတစ်ကောင်လျှင် ၁၂၅၀၀ကျပ်နှုန်းဖြင့် ငွေကြေးများကောက်ခံ
နေကြောင်း စာရင်းဇယားအချက်အလက်အပြည့်အစုံဖြင့် ဒေသခံရွာသူ/သားများမှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းတိုင်ကြားစာနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုတွင်လည်း တိုင်ကြားသူ ရွာသူ/သား
များမှ အချက်အလက်ခိုင်ခိုင်မာမာဖြင့် တင်ပြထွက်ဆိုနိုင်ခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့တွင် သနပ်ပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းမှ တိုင်ကြားသူ ရွာသူ/သားများကို
၎င်း၏ရုံးသို့ခေါ်ပြီး ကပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်မှာ အပြစ်မရှိသည့်အတွက် အရေးမယူကြောင်း၊ ရပ်မိရပ်ဖ(၅)ဦးကို ပြန်လည်ရွေးချယ်ပေးမည်ဖြစ်ကြောင်းနှင့် အခြားလူမှုရေးကိစ္စ
များကိုသာ ပြောဆိုပြီးနှစ်သိပ့်ခဲ့ကြောင်း တိုင်ကြားသူ ရွာသူ/ရွာသားများ၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့အနေဖြစ် အဂတိလိုက်စားသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူရာတွင် ထိရောက်မှုအားနည်းနေသည့်အတွက် ကပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၏
ကျေးရွာနေပြည်သူလူထုအပေါ် ငွေကြေးများမတရားကောက်ခံနေခြင်းကိစ္စနှင့် တရားမ၀င်ကျွဲနွားမှောင်ခိုလုပ်ကိုင်သူများထံမှ လိုင်းကြေးများကောက်ခံနေခြင်းကိစ္စအား
အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် ကပင်ကျေးရွာသူ/သားများမှ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ထပ်မံတင်ပြတိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အမှန်တရားဖော်ထုတ်ရေးအဖွဲ့

No comments:

Post a Comment