Monday, March 18, 2013

ကိုဟန်ဝင်းအောင်နှင့် The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းချက်

(ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ)

အဓိက က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။ အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။ နောက်စီမံ ကိန်း ဆက်လုပ်ရေးဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစုံတရာ လက်ခံနိုင် စရာရှိပါတယ်။

(အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ)

အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာ မယ့်အပိုင်းတွေ စောင့်ကြည့်လေ့လာမှုနဲ့ ကောင်တာချက် ပြန်လုပ်ရမယ့် အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ လက်တွေ့ကိစ္စကိုပဲ ဦးစွာ ဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ စိတ် ဒဏ်ရာတွေ ရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့ အကြမ်းဖက် ခံရတဲ့ကိစ္စတွေ၊ မြေယာသိမ်းထားတဲ့ကိစ္စတွေ ဖြစ်တဲ့ အတွက် စိတ်ဒဏ်ရာရထားတယ်။ ပြင်းထန်ပြီး ဆန္ဒတွေ ပြင်းပြနေတဲ့ဟာမျိုးတွေရှိတယ်။ ဒါမျိုးကို လက်တွေ့ ကျကျ ဖြေရှင်းသင့်တယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ပြသနာမှာ အရေးကြီးဆုံး ပဋိပက္ခဖြစ်နေတဲ့ဟာက ပုဒ်မ ၁၄၄ ထပ်ထုတ်ထားရမယ့်ဟာပေါ့။ အဲ့ဒါက ဒေသခံတွေ ရဲ့ စိတ်ဒဏ်ရာကို ကြီးထွားစေတယ်။ နောက်တခုက မီးခိုးဗုံးလား၊ မီးလောင်ဗုံးလားဆိုတဲ့ ပြဿနာမှာ သုံးစွဲတဲ့ ပစ္စည်းထက် အကြမ်းဖက်မှုဖြစ်ပွားတယ်။ ဒါကို တစုံတရာ ဖော်ထုတ်မထားဘူး။ အဲ့ဒီ တချက်ကလည်း တော်တော်လေး၊ မခံမရပ်နိုင်ဖြစ်သွားတယ်။ နောက်တခုက စီမံကိန်းဆက်လုပ်ရမယ့်ကိစ္စပေါ့။ လောလောဆယ်ပြဿနာတွေကို ပြေပြေလည်လည် မရှင်းသေးပဲနဲ့ နေ့စဉ်မြေယာသိမ်းတာကို ကန့်ကွက်မယ်။ ကုမ္ပဏီက ရွာအနီးမှာ စွန့်ပစ်မြေတွေလာပုံရင် ကန့်ကွပ်မယ်။ နေ့စဉ်ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ဖြစ်နေမှာ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အခြားအချက်တွေထက် လက်တွေ့ကျတဲ့ အချက်တွေ ပါသင့်တယ်။ လူထုကို ပိုမိုကြီးထွားစေတဲ့အချက်က သုံးချက်ပါ။

ပုဒ်မ ၁၄၄ ဆက်ထုတ်ရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိတာ၊ စီမံကိန်း ဆက်လုပ်ထားမယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ပိုမို ကြီးထွားစေတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ကြီးကျယ်ခန်းနားလွန်းနေပြီ။ ကျနော်တို့ နံပါတ်တစ် ဖြေရှင်းရမှာက ဒေသခံသူတွေရဲ့အရှိန်ကို လျော့ချပေးရမယ်။ ယုံကြည်မှုတည်ဆောက်ရမယ်။ ပြီးမှ အခြား အဆင့်တွေနဲ့ ဆောင်ရွက်ရမယ်။ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာလျော့မချပဲ ဘာကိုမှအကောင်အထည်ဖော်လို့ မရဘူး။ ပိုပြီးတော့ ဆိုးသွားစေတယ်။ သူတို့ ပညာ မဲ့ရင်မဲ့မယ်။ ရိုးသားပြီး မဟုတ်မခံစိတ်ရှိတယ်။ ရိုးသားမှုနဲ့ မဟုတ်မခံစိတ်က ဒါကိုစဉ်းစားမှာပဲ။

(၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ မုံရွာ သပိတ်စခန်းမှာ ဆန္ဒပြခဲ့တာကို ကိုဟန်ဝင်းအောင် နောက်ကွယ်ကနေ လှုံ့ဆော်နေတယ်ဆိုပြီး သတင်း တွေပြန့်နေတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာပြော ချင်ပါသလဲ)

ကျနော်တို့ ၁၄ ရက်နေ့ကအစီရင်ခံစာမှာ စီမံ ကိန်းဆက်လုပ်မယ့်ဟာကို ဆားလင်းကြီးမှာ ဆန္ဒပြကြတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးရေး၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး မီးလောင်ဗုံး အကြမ်းဖက်သမားတွေ ဖော်ထုတ်ပေးရေးနှင့် ဆန္ဒပြကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လာခြင်း မလာခြင်းနဲ့ မသက်ဆိုင်ဘူး။ ဆန္ဒပြမှုတွေက ရာနဲ့ချီပြီးဖြစ်နေတာ။ ဒေသခံက သူ့နည်းသူ့ဟန်နဲ့ ဆန္ဒပြတယ်။ ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်နဲ့ကြုံကြိုက်ခဲ့တယ်။ ဒါကို ထိပ်တိုက်မတွေ့ကြနဲ့ ဒေသခံပြည်သူလူထုက နားလည်ရင် နားလည်တဲ့အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ကျနော် သတင်းရတယ်။ ထိပ်တိုက်မတွေ့စေနဲ့၊ ကျော်ရွာကျော် ကျော်လောက်မှာ ထိပ်တိုက်တွေ့မယ်လို့ သတင်းရတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ကြ၊ တားဆီးတာတွေမလုပ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လုပ်နေတာက လူတယောက် ပုဂ္ဂိုလ်တယောက်ကို ဆန္ဒပြနေတာ မဟုတ်ဘူး။ စီမံကိန်းဖျက်သိမ်းရေးကို ဆန္ဒပြနေတာ၊ ဆန္ဒပြပြီးညနေမှာ ဒေသခံတွေနဲ့ ကျနော်တို့ တွေ့ကြတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်နေ့မှာ ဒေသခံ တွေကို လိုက်လံတွေ့ဆုံတဲ့အချိန်ကြရင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့က တယောက်တည်းလုပ်တာ မဟုတ်ဘူး။ အားလုံးလုပ်ကြတယ်။ လက်ခံနိုင်ရင် စကားပြော၊ လက်မခံနိုင်ရင်စကားမပြောနဲ့၊ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးမဟုတ်ဘူး။ သူရဲ့ အမြင်တွေက လုပ်သင့်တာကို လုပ်သင့်တယ်လို့ မြင်ကောင်းမြင်လိမ့်မယ်။ အမျိုးမျိုးကြောင့် မလုပ်သင့်ဘူးဆိုတဲ့ ပြည်သူတွေကလည်း စိတ်ခံစားချက်ရှိလိမ့်မယ်။ ဒါသဘောထားကွဲလွဲခွင့်ရှိတယ်။ ဒါ မွေးရာပါအခွင့် အရေးပဲ။ အဲဒါဘာမှပြသနာမရှိဘူး။ ဒါဟာ ကျနော်ရဲ့ ဆုံးဖြတ်ချက်ပဲ။

၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မုံရွာသပိတ်စခန်းကိုလာတာဆိုတော့ ကျနော်က ရန်ကုန်ကရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအဖွဲ့ချုပ်က လူတွေရယ်၊ လူဘောင်သစ်ဒီမိုကရက်တစ် ပါတီဟောင်း တွေရယ်၊ ABSDF ရဲဘော်ဟောင်း ကိုရဲလင်းတို့နဲ့ တနေရာမှာ အစည်းအဝေးလုပ်နေတယ်။ ကျနော်ဘာမှ လုပ်လို့မရဘူး။ တုံရွာကို ရောက်ပြီလားဆိုတော့ ပိုကောင်းတာပေါ့။ တွေ့ချင်တဲ့လူလည်းတွေ့။ မတွေ့ချင်တဲ့ လူလည်းမတွေ့နဲ့။ အဲဒီအချိန် တုံရွာ ထဲက ကျောင်းတကျောင်းမှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားတယ်။ ဒေါ်စုကရောက်လာပြီး ရွာထိပ်က သပိတ်စခန်းထဲကို ဝင်လာတယ်။ ဝင်တဲ့အချိန်မှာ လုံထိန်းတွေပါလာတယ်။ ဒါကို ကိုဗထူးက ဒါသပိတ်စခန်းဖြစ်တယ်။ မမြင်သင့်တာတွေလည်းရှိတယ်။ ဘုန်းကြီးတွေလည်းရှိတယ်။ တားမြစ်တယ်လို့ ကြားတယ်။ ကျနော် အဲဒီမှာ လုံးဝ မရှိဘူး။ နောက်ဆုံးလုံထိန်းတွေက အားသိပ်ကောင်းတဲ့အခါမှာ သပိတ်စခန်းပေါ်တက်သွားတယ်။ ကိုဗထူးက သပိတ်စခန်းမှာရှိနေတာ။ ဒေါ်အောင်ဆန်းစုကြည်လာမှ သပိတ်စခန်းထဲဝင်လာတာမဟုတ်ဘူး။ အသေးစိတ်တော့ ကျနော် မသိဘူး။ အဲဒီမှာ ကိုဗထူးက မီးလောင်ဗုံး အခြေအနေ ဘယ်လိုရှိလည်းမေးတော့ ဒေါ်အောင်ဆန်းစုကြည် က သားက ဘယ်ကလဲလို့ မေးတော့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်ကပါလို့ ပြန်ဖြေတယ်။ အန်တီ ဒေသခံတွေနဲ့ တွေ့ဖို့လာတာ။ ရန်ကုန်က လူတွေကို တွေ့ဖို့အစီအစဉ်မရှိဘူးလို့ ပြောလိုက်တယ်။ ဒါ သပိတ်စခန်းထဲမှာ ဖြစ်နေတာ။

သပိတ်စခန်း အပြင်ထွက်ပြီး ဒေသခံတွေက မီးခိုးဗုံးလား မီးလောင်ဗုံးလား မေးတော့ မီးခိုးဗုံးလို့ ပြန်ဖြေတော့ ဒေသခံ တွေက မကျေမနပ် ဖြစ်သွားတယ်။ ကျနော်ပြောတဲ့ သုံးချက်ပဲ ပုဒ်မ ၁၄၄၊ မီးခိုးဗုံး၊ စီမံကိန်းဆက်လုပ်မယ့် ပြဿနာတွေကို လျော့ချဖို့လိုတာ။ အဲဒီမှာ ပေါက်ကွဲပြီးရွာထဲကို အဝင်မခံတော့ဘူးဆိုပြီး သူတို့ဘာသာ ဆုံးဖြတ်တာ။ ဆုံးဖြတ်ချင်တဲ့သူလည်း ဆုံးဖြတ်တယ်။ ပါချင်တဲ့သူ လည်းပါမယ်။ မပါချင်တဲ့သူလည်း မပါဘူး။ ကျနော်က အားလုံးကို ကိုင်ထားလို့မရဘူး။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအလိုမရှိ၊ စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖြေအလိုမရှိ ဆိုပြီး ဆန္ဒပြပွဲ ဖြစ်သွားတယ်။ ကျနော်နဲ့လည်းမဆိုင်ဘူး။ ကျနော် တာဝန်ယူသလားဆိုရင် ဒီဒေသမှာ ကူညီနေတဲ့သူတွေအတွက်ရှိရင် ရှိသလောက် သတ်မှတ်ပါ။ ကျနော် တာဝန်ယူတယ်။ ဒါပေမဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရေးမလုပ်ဘူး။ ဖြစ်သွားတာ ဒါပဲ။

(ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတဲ့သူတွေနဲ့တွေ့ဆုံ ညှိနှိုင်းဖို့ ကြိုးစားတယ်လို့ကြားတယ်။ တဖက်ကလည်း အတွေ့မခံဘူးလို့ ကြားတယ်။ ဘာလို့မတွေ့တာလဲ)

ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက်နေ့ ရောက်ပြီး မနေ့က ၁၄ ရက်နေ့ ပြန်သွားရတဲ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည် ဘေးမှာပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းသမားတွေ၊ လုံခြုံရေးတွေ၊ အကြံပေးတွေ၊ ဆက်သွယ်ခြင်း၊ အကြောင်း ကြားခြင်း မရှိဘူး၊ ကျနော် ဖုန်းကို Call Log ကို ပြန်ဖွင့်လို့ရတယ်။ ကြားခံတစုံတဦးနဲ့ ဖြေရှင်းပေးတယ်။ ကျနော်တို့ ဒေသခံတွေ အနေနဲ့ မတွေ့ရဲတာ ဘာများရှိလို့လဲဗျာ။ ဝမ်းပန်းတသာနဲ့ ခုန်ပျံကျော်ပေါက်ပြီး တွေ့ရမယ့်ဟာ။ ဒါဖြင့် မင်းကကော တွေ့ဖို့မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင်ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာဆိုတဲ့ စကားရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထုအတွက် ဒေသခံတွေရှင်းပြဖို့က အဓိက ဖြစ်တယ်။ ကျိန်းသေတာတခုက လုံးဝ အဲ့ဒီဘက်ကနေ ဆက်သွယ်မှု၊ ကမ်းလှမ်းမှု မရှိခဲ့ဘူး။ ဒါဟာ ကျိန်းသေဘဲ။

(လက်ပံတောင်းကိစ္စမှာ ကိုဟန်ဝင်းအောင်တို့ကို နိုင်ငံခြား တိုင်းပြည်တခုကနေ အဖွဲ့အစည်းတခုက ပိုက်ဆံထောက်ပံ့ တယ်လို့ သတင်းတွေထွက်တယ်။ ဒီငွေတွေနဲ့ လက်ပံတောင်းတောင် ရပ်စဲရေးဖြစ်အောက် လုပ်ခိုင်းတယ်။ နဂိုအစိုးရ လက်ထက်က ထိုင်း-မြန်မာ နယ်စပ် ဟိုဘက်ကမ်းကနေ မြန်မာအစိုးရကို ဝေဖန်ပြီး ဆဲရင် ပရိုပို့ဆယ်တင်ပြီး ပိုက်ဆံရ တယ်။ အခု ဒီလိုပုံစံ လုပ်နေတယ်လို့ သတင်းတွေပျံ့နေတယ်နော်)

ကျနော်သိသလောက် ကျနော်တို့ကို ထိုင်းနိုင်ငံအခြေစိုက် ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာ၊ ထောက်ပံ့တယ်ဆိုတဲ့ စကားသံတွေရှိတယ်။ နောက် တခါ AAPP က ကိုဘိုကြည်တို့ ထောက်ပံ့တယ်။ ကိုမိုးသီးဇွန်၊ တခြားအဖွဲ့အစည်း ပြည် တွင်းကဆိုရင် ဒေါက်တာကျော်သူ ထောက်ပံ့တယ်လို့ ပြောတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေ ထောက်ပံ့မှု ပေးတယ်လို့ ထွက်နေတာ မဟုတ်ပါဘူး။ ခင်ဗျားက ကျနော်ကို ညီအစ်ကိုလိုခင်လို့ ပိုက်ဆံပေးတာကိုတော့ လာမပြော နဲ့လေဗျာ။ ကျနော့်အမေ ပိုက်ဆံပေးတာ။ ထောက်ပံ့တာမဟုတ်ဘူး။ ဒါကမဆိုင်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတခုက နိုင်ငံရေးရည်ရွယ်ချက်တခုနဲ့ ထောက်ပံ့တယ်လို့ပြောကြတာပေါ့။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ဟန်ဝင်းအောင် ရှင်းလို့ရတယ်။ စိန်ခေါ်တယ်။

ကိုဘိုကြည် မြန်မာပြည်ကို AAPP ကိစ္စနဲ့ လာတယ်။ ကျနော်က နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်ဖြစ်လို့ ရောဂါဖြစ်နေရင် အကျဉ်းသားတယောက်ကို အကူအညီပေးလို့ရတဲ့ ဆေးဖိုး ငါးသိန်းပေးလို့ရတယ်လို့ ပြောတယ်။ ကျနော် လက်မခံဘူး။ ကျနော်နဲ့တွဲပြီးလုပ်တဲ့ ရဲဘော်တွေရှိတယ်။ ကြိုက်တဲ့ အချိန်မေးကြည့်။ ကျနော်ပြောတာကို တရားဝင် ကြေညာပေးပါ။ ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာတို့နဲ့ ငါးပြားမှ မပတ်သက်ဘူး။ မယူဖူးဘူး။ ဒေါက်တာနိုင် အောင် ကျနော်ကို တခါတလေ Online မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုးဆောင်ရွက်နေတယ်။ ကိုယ်တို့လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီလိုပါသလဲ မေးတယ်။ ကျနော် မလိုပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျနော့် ကို ပြောတယ်။ လုံးဝ လက်မခံဘူး။ AAPP အဖွဲ့နဲ့လည်း လုံးဝမရှိပါဘူး။ ယူထားတာလည်း မရှိပါဘူး။ ပေါင်းကူး ဒေါက်တာကျော်သူ ငါးပြားမှ မယူဖူးဘူး။ အမေရိကန် သံရုံးဆို ပိုတောင်ဆိုးပါတယ်။

ကျနော်မှာ မွေးချင်းနှစ် ယောက်ရှိတယ်။ ကျနော့်အမေက ရွှေဆိုင်ဖွင့်တယ်။ ကျနော့်ညီမလည်း ရွှေဆိုင်ဖွင့်ထားတယ်။ ကျနော် ထောင်နှစ်ကြိမ်ကျတာ အိမ်က သိန်း ၄ဝဝ ကျော် ကုန်သွားတယ်။ အိမ်ကိုသွားတယ်၊ မုန့်ဖိုးယူတယ်။ တခါ တလေကျရင် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေက ခင်မင်လို့ ပေးတာမျိုးတွေရှိတယ်။ အရက်တိုက်ရင် တိုက်တယ်။ ဘီယာတိုက်ရင် တိုက်သွားတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေက မယူဘူး။ NLD ဆီကလည်း မယူဘူး။ ဒေါက်တာနိုင်အောင်ကို အဆက်အသွယ်ရှိရင် မေးကြပါ။

ကျနော့်ကို ကိုမိုးသီးဇွန် ထောက်ပံ့ပါတယ် ပြောတယ်။ မိုးသီးဇွန်နဲ့ တခါမှ မဆုံဖူးဘူး။ Online ပေါ်မှာ တွေ့ဖူးတယ်။ ပြည်သူ့လှုပ်ရှားမှု သပိတ်စခန်းကနေ တသောင်းတောင်းလို့ ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန် လုံးရှိတယ်။ ရွာသားတွေကို မေးကြည့်ပါ။ ကျနော် တရားဝင် အကူအညီတောင်းပြီး သပိတ်စခန်းဖြစ်နေတာ။ အလှူရှင် တွေရှိတယ်။ ကိုဇော်ထွန်း ပြည်တွင်းခရီးစဉ်လာတုန်းက လာလှူသွားတာရှိတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြည်တွင်းကိုလာတုန်းက လာလှူသွား တာရှိတယ်။ တရားဝင်စာရင်းဇယားရှိတယ်။ မဟုတ်ရင် ပြောတဲ့လူ အကုန်တာ ဝန်ယူရမယ်။

(ကိုဟန်ဝင်းအောင် ၂ဝ၁ဝ မှာ ထောင်ကလွတ်လာပြီး ဘာအသက်မွေးဝမ်းကျောင်းမှု အလုပ်လုပ်လဲ။ ဘယ်လို ရပ်တည် သလဲ။ လက်ပံတောင်းတောင်မှာ ဘယ်လို ပုံစံမျိုးနဲ့ နေထိုင်တာလဲ)

ကျနော် ၂ဝ၁ဝ ဒီဇင်ဘာမှာ ထောင်ကနေ လွတ်လာပြီး အိမ်မှာနေတယ်။ စာဖတ်တယ်။ ကျနော့် အမေဆီက ပိုက်ဆံ တောင်းတယ်။ ညီမဆီက တောင်းတယ်။ ဦးလေးဆီကတောင်းတယ်။ အရင်တုန်းက ရွှေဆိုင်ထိုင်ပြီး ပန်းတိမ်လုပ်တယ်။ ကျနော်က နိုင်ငံရေးလှုပ်ရှားမှု၊ လယ်သမား၊ အလုပ်သမား၊ လူတန်းစား တွေရဲ့ အခွင့်အရေးလှုပ်ရှားမှု တတ်နိုင်သ လောက် ပါဝင်ခဲ့တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ဖို့လိုရင် အချင်းချင်း ချိတ်ဆက်ပြီးတော့ ငပိတို့၊ ငါးခြောက်တို့ သွားပို့တာမျိုးတွေရှိတယ်။

ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတုန်းက ကျနော် မြန်မာငွေ ငါးရာပဲ ကုန်တယ်။ ပြည်သူတွေက ဖယောင်းတိုင် ယူလာကြတယ်။ အပြန်ကျတော့ သူတို့ ပါလာတဲ့ကားနဲ့ လိုက်ပို့တယ်။ ကျနော်နဲ့ သိတဲ့အိမ်ရှိတယ်။ ကျနော် ငွေရေး ကြေးရေး မသုံးစွဲဘူး။

လက်ပံတောင်းကို ၂ဝ၁၁ မေလမှာ စရောက်တယ်။ ကျနော် လှုပ်ရှားမှုနဲ့ သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနား ကြီးတွေ လုပ်တာမဟုတ်ဘူး။ သာမန်ပြည်သူတွေလိုပဲ ငွေရေးကြေးရေး သုံးစွဲတယ်။ သူငယ်ချင်းတွေလည်း လူမှုရေး အရ ကူညီတာရှိတယ်။ မိသားစုကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်းတယောက်က အသုံးစရိတ် မြန်မာ ငွေ သုံးသောင်း သုံးချင်တာ သုံးလို့ ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံတောင်းတောင်ကို ကားစီးလာတယ်။

(မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဖို့ စီမံကိန်းကြီးတွေလိုအပ်တယ်။ ဒီစီမံကိန်းရပ်လိုက်ရင် အခြားစီမံကိန်းတွေပါ လိုက်ရပ်ပေးရမယ့် ပုံစံ ဖြစ်နေတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတွေကလည်း ဝင်ရမှာ ကြောက်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့်)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို နှစ်နိုင်ငံ စာချုပ် ချုပ်ထားတဲ့အတွက် ရပ်ဆိုင်းလိုက်ရင် ဒီဖြစ်စဉ် ပေါ်မူတည်ပြီး အခြားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်သွားနိုင်တယ်ဆိုတာ ပြီးပြတ်နိုင်တဲ့ ဆင်ခြေမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ဥရောပသမဂ္ဂ အမေရိကန် နိုင်ငံလိုဟာမျိုးတွေ မြန်မာပြည်ကို စင်ကာပူ၊ ဂျပန်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံတွေကလည်း စိတ်ဝင်စားကြတယ်။ တနိုင်ငံက တနိုင်ငံကို ပြန်လည် ပြည့်ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်ထုတ်လုပ်ရေး၊ ရေနံ၊ ကျောက်မျက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကုန်သွယ်ဖက်လုပ်ဖို့ဆိုရင် ပြည်သူတွေက ကန့်ကွက်တာ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ပြည်သူတွေအနေနဲ့ အဆင့်အတန်းရှိတဲ့ ကုန်ထုတ်လုပ်မှု၊ မညှာမတာ ဈေးပေါ ပေါနဲ့ လုပ်တာတွေကို ကန့်ကွက်ရဦးမယ်ထင်တယ်။ ဥပမာ အမေရိကန်ဆိုရင် ဒီလိုဟာမျိုးတွေ မထုတ်ဘူး။ ဒါ Open မိုင်းချည်းပဲ။ လက်ဝါးကြီးအုပ်ထားတာ ဖြစ်နေတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ပတ်တယ်။ ကျနော်တို့က ကန့်ကွက်ရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် လုပ်ပေါ့။

အဲဒီတော့ အခြားလူတွေက ကြောက်သွားလို့ရှိရင် ကြောက်သွား ကောင်း ကြောက်သွားလိမ့်မယ်။ မြန်မာပြည်ကနေ ခရိုနီတချို့ လက်ဝါးကြီးအုပ် ဝင်နှိုက်မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကြောက်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ မတရား အမှောင်ချပြီးတော့ တသက်လုံး မြှုပ်နှံမှုတွေ ဆက်လုပ်နေရင် မလုပ်တာကမှ ပိုကောင်းဦးမယ်။ ဘာကြောင့်လဲဆိုရင် ဟိုးရှေးက လုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ မဆလ လက်ထက်ကတည်းက စီမံကိန်းတွေလုပ်တာ၊ ဘယ်သူအတွက် အကျိုးအမြတ်ရမလဲ။ သာဓကတွေ ရှိတယ်။ ထုတ်လုပ်တိုင်း ပြည်သူတွေ အကျိုးမခံစားရဘူး။ ပွင့်လင်းမြင်သာမှုနဲ့ ထုတ်လုပ်ရေး ပေါ်လစီ နိုင်ငံတော်က ဘယ်လောက်ရမှာလဲ။ အစိုးရ ဘယ်လောက်ရမလဲဆိုတဲ့ ပေါ်လစီတွေ ဆက်လုပ်ဆောင်နေရင် အလကား ပြီးစီးနေမှာပဲ အဲဒီဆင်ခြေကို ကျနော် လုံးဝလက်မခံဘူး။

(တကယ်လို့ စာချုပ်ချုပ်တဲ့ထဲမှာ ကိုဟန်ဝင်းအောင် လိုမျိုး ကူညီပေးနေတဲ့ လူမျိုးပါလာခဲ့မယ်ဆိုရင် ဒီစီမံကိန်း ရပ်ဆိုင်း သင့် မသင့်ဆိုတာက တစုံတရာ ပြောင်းလဲလာနိုင်သလား)

ကျနော့် အမြင်ပြောရရင်တော့ အစီရင်ခံစာ ဖော်ပြချက်မှာ အစီရင်ခံစာရဲ့ အပိုင်းပေါ့ဗျာ။ စီမံကိန်းလုပ် မယ်ဆိုရင် ဒီအတိုင်းကြီးတော့ မလုပ်ပါနဲ့။ မကောင်းဘူး။ ဖျက်သိမ်းတာလည်း မကောင်းဘူး။ ပြင်ဆင်ပြီးလုပ်တဲ့ အကြံပြုချက်တွေမှာ စီမံကိန်း မစတင်ခင် ဖြည့်ဆည်း ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုပ်ဆောင်နေတဲ့နှစ် ၂၈ နှစ်လောက် တောက်လျှောက်ဖြည့်ဆည်း ပေးရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုံးဝပြီးသွားပြီ။ တောင်ကြီးလည်း လုံးဝ ပျောက်သွားပြီဆိုတဲ့ ကာလမှာ ပြန်လည်ဖြည့်စွက်ပေးရမယ့် ကိစ္စသုံးပိုင်းလောက် ရှိတယ်။ အဲဒီအကြံပြုချက်ကို တကယ်ဖြည့်ဆည်း ပေးနိုင်မလား။ ဘယ်သူက စောင့်ကြည့်မလဲ။ ဘယ်သူကရော အာမခံမလဲဆိုတဲ့ ပြဿနာရှိတယ်။ ဒါက မဖြစ်နိုင်တာကို မေးခွန်းထုတ်နေတာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တကယ် တာဝန်ခံမှုရှိတယ်ဆိုရင် မလုပ်ရသေးတဲ့ ဒီတောင်ကို မပြောနဲ့။ လုပ်ပြီးလက်စ စံပယ်တောင်၊ ကြေးစင်တောင်ကိုပဲ အရင်ဖြည့်ဆည်းကြည့်ပါလို့။ ကြေးစင်က ရန်စီ ကုမ္ပဏီ၊ လက်ပံတောင်းတောင်က ဝမ်ပေါင်ကုမ္ပဏီ အတူတူပဲ အရင်ဖြည့်ဆည်းပေးပါလို့ မေးခွန်း ထုတ်ချင်တယ်။ စာချုပ်ပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ အရင်လုပ်မယ်ဆိုရင် ဒီကိစ္စဟာ ဒေသဆိုင်ရာ ပြဿနာ မဟုတ်တော့ဘဲ တည်ငြိမ်ရေးကိုပါ တဖြည်းဖြည်းနဲ့ ထိပါးလာတဲ့ ပြဿနာတွေ ဖြစ်တဲ့အတွက် တိုင်းပြည်မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ တကယ်ဒေသခံခေါင်းဆောင်တွေ တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးသူတွေနဲ့လုပ်တာ တကယ် အဆင်ပြေပါ တယ်။ ကျနော်တို့ကတော့ ပြည်သူအများစု လက်ခံ တယ်။ သဘောတူတယ်ဆိုရင် ပြည်သူတွေရဲ့သဘော ဆန္ဒအတိုင်းပဲ လိုက်မှာပါ။

(သပိတ်ဖြိုခွင်းတဲ့နေရာမှာ အသုံးပြုသွားတဲ့ ဗုံးကို အစိုးရက ထုတ်ပြန်တဲ့အခါမှာ မီးခိုးဗုံးလို့ထုတ်ပြန်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာလည်း မီးခိုးဗုံးလို့ပဲ သတ်မှတ်ထားတယ်)

တကြောင်းဆွဲကောက်ချက်နဲ့တော့ အပိတ်ပြောလို့မရဘူး။ နှစ်ပိုင်းတော့ရှိတယ်။ အကြမ်းဖက်ဖြိုခွင်း လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားရမယ့်အချက်က နံပါတ်တစ်၊ နံပါတ်နှစ်က ကန့်သတ်လက်နက် သုံးစွဲမှု ဟုတ်မဟုတ်ဆိုတဲ့ အဖြေရှာရမယ့်အပိုင်း နှစ်ပိုင်းရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ တင်ပြသလို အဆင့်ဆင့်ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအရ အသိပေး ပြီးမှ ကျင့်ထုံးအရ ဝင်ရောက် ဖြိုခွင်းတယ်ဆိုရင် ဥပဒေနဲ့ညီတယ်ပေါ့ဗျာ။ ဒါဆိုရင် ကန့်သတ် ပစ္စည်းသုံး မသုံးဆိုတာ လေ့လာရမယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိ ကန်နိုင်ငံက ဒေါက်တာရောလ်မန်တို့ ခွဲစိတ် သုတေသန လုပ်တာ၊ ထိုင်းနိုင်ငံက ဆင်းလာတဲ့အဖြေတွေကို စတဲ့ ကျွမ်းကျင်အလွတ်ပညာရှင်တွေ၊ နိုင်ငံတော် တာဝန်ပေး ချက်မဟုတ်တဲ့ ဟာတွေကတော့ ဖော့စဖရိတ် ဗုံးလို့ သတ်မှတ်ထားတယ်။ ဒီကတော့ မဟုတ်ဘူးလို့ ပြော တယ်။ ဒါကတော့ သေသေချာချာ စုံစမ်းပြီးတော့ ပြော ရမှာပေါ့။ ကပစ ကနေ ထုတ်ပေးလိုက်တယ်လို့လည်း ပြောကြတယ်။ ဒါက အငြင်းပွားစရာရှိတယ်။

ကျနော် ပြောချင်တာက လူထုရှုထောင့်ကနေ ပြောတာတွေ၊ အော်တာတွေ၊ တခုတည်းကိုကြည့်လို့ မရဘူး။ သပိတ်စ ခန်းတွေဖွင့်တယ်။ အကြိမ်ကြိမ်ဆန္ဒပြခွင့် ရှစ်ကြိမ်တောင်းတယ်။ တကြိမ်မှ မရဘူး။ ကုမ္ပဏီဘက်ကျတော့ လယ်မြေတွေ သိမ်းတယ်။ ခွင့်ပြုချက်မကျတော့ ဆန္ဒပြဖို့လိုတယ်။ မပြလို့ကလည်း မဖြစ်နိုင်ဘူး။ ကုမ္ပဏီက မြေသိမ်းတော့ ဒေသခံတွေက လမ်းမပေါ်ထွက်လာတဲ့အကြောင်းကို ထည့်စဉ်းစားရတယ်။ အဲဒါတွေက ပြဿနာ တွေကြီးထွားလာတဲ့အခါကျတော့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးက စီမံကိန်းနဲ့ ပတ် သက်ပြီးကြွေး ကြော် တောင်းဆိုနေတဲ့ကိစ္စတွေကို ဆန္ဒပြမှုတွေနဲ့ ပတ်သက်တာတွေကို သူ့အနေနဲ့ မဖြေရှင်းပေးနိုင်ဘူးလို့ပြောတယ်။ ပြည်ထောင်စုအဆင့်ကပဲ ဖြေရှင်းပေးနိုင်တာလို့ပြောတယ်။ ပြည်ထောင်စုအဆင့် Level ကလည်း လုံးဝမလာဘူး။

နိုဝင်ဘာ ၂၃ ရက်မှာ တော့ တကြိမ်လာတယ်။ ဦးအောင်မင်းရယ်၊ ပြည် ထောင်စုကြံ့ခိုင်ရေးအမတ် ဦးသန်းမြင့် အဲတာပဲလာတယ်။ ဒါတောင် ဖြေရှင်းသွားတာမဟုတ်ဘူး။ ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မကြာကြာအောင် အချိန်ဆွဲထားတဲ့ကိစ္စက မကြီးထွားရင် ကြီးထွားလာအောင်လုပ်ခဲ့ တဲ့ကိစ္စတွေ ဖြေရှင်းသင့်တယ်။ ဘယ်သူ့မှာတာဝန် ရှိသ လဲ။ စည်းမဲ့ကမ်းမဲ့ လမ်းပေါ်တက်လာတာမျိုးတော့ မဟုတ်ဘူး။ ဥပဒေအရမဟုတ်တော့ဘဲ တက်လာ အောင်ခွင့် မပြုပေးတာက ဘယ်သူတွေလဲ။ အဲဒါကြောင့် ဒါမျိုးတွေဖြစ်လာတာ။ သပိတ်စခန်းတွေ ဖွင့်ကြတယ်။ အဲဒီမှာ ကုမ္ပဏီနဲ့ ပြည်သူ တိုက်ရိုက်ဆက်ဆံခိုင်းပြီးမှ မြေသိမ်းမှုတွေလုပ်တယ်။ ပြည်သူက တိုက်ရိုက်မြေသိမ်းတာကို ဆန့်ကျင်တယ်။ အဲဒီလိုမျိုး ကုမ္ပဏီ၊ အစိုးရနဲ့ တိုက်ရိုက် ဖြစ်ပေါ်လာတဲ့ ပြဿနာမှာ ကြားခံပါ။

(ဒေါ်အောင်ဆန်းစုကြည်က (၁၄) ရက်နေ့က သပိတ်စခန်းမှာ ဆရာတော်ကို လျှောက်ပါတယ်။ အစီရင်ခံစာက ကျမ ပဲ လုပ်တာပါ။ ကုမ္ပဏီနဲ့လည်းမဆိုင်ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်နဲ့လည်း မဆိုင်ပါဘူး။ ဆန္ဒပြချင်တယ်ဆိုရင် ကျမကိုပြလို့ရပါတယ်။ ခွင့်ပြုချက်ယူပြီး တရားဝင် ကျမအိမ်ရှေ့မှာလာပြီး ဆန္ဒပြနိုင်ပါတယ်လို့ ပြောသွားတယ်။ အစ်ကိုတို့အနေနဲ့ ဆန္ဒပြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြသလို ဖြစ်နေမှာပေါ့)

ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဆိုတော့ ဒေသတွင်းပြဿနာတွေ ကြီးထွားနေတဲ့ ဒေသမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအရ ပေါက်ကွဲမှုတွေ၊ ပယောဂတွေမပါလာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြောလိုက်တဲ့ စကားတွေလို့ နားလည်တယ်။

လက်တွေ့ ဆန်ဆန်ကြတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒါကြီး ဖြစ်နေတယ်။ သူတို့က မြင်တာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မဆိုင်ဘူး။ နှစ်ပေါင်းများစွာကတည်းက ဦးပိုင်က လုပ်ခဲ့တယ်။ Wanbao နဲ့ ဖြစ် ခဲ့တယ်ဆိုတာပဲ သူတို့နားလည်ထားတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းမယ်ဆိုရင် တကယ်ကုမ္ပဏီပိုင်းနဲ့ တာဝန်ရှိသူပိုင်းကပဲ တာဝန်ယူပြီး ဖြေရှင်းရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြံပြုတဲ့အပိုင်း စုံစမ်း တဲ့အပိုင်းမှာပဲ တာဝန်ရှိတယ်။ စေတနာနဲ့ ပါဝင်ခဲ့တာပါ။ ကျနော် နားလည်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြစရာမလိုပါဘူး။ ပြတယ်ဆိုတာကတော့ တခြားအပိုင်း တွေပဲ ရှိလိမ့်မယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောစရာအကြောင်း မရှိပါဘူး။ ကျနော်တို့က စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ မလိုအပ်ဘူးဆိုရင် ဖျက်သိမ်းဖို့ လုံးဝ Perfect ဖြစ်နေရင် ပြည်သူလူထုက လက်ခံလို့ဆိုရင် လုပ်ချင်နေ မလုပ်ချင်နေ ဒါကတပိုင်း။ ကျနော်တို့က စီမံကိန်းဖျက်သိမ်းရေး ပွင့်လင်းမြင်သာမှုရှိရေး၊ လူထုအကျိုးစီးပွားပိုင်းကပဲ သွားနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အပိုင်းကို ဘာမျှပြောမှာမဟုတ်ပါဘူး။ စီမံကိန်း နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူရဲ့အပိုင်းကို ပြောရမှာပါ။

(နောက်ဆုံးအနေနဲ့ ဆည်တဲရွာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံခြုံရေး ငါးဦးကိုပဲ လမ်းလျှောက်ပြီး ပေးဝင်ခိုင်းတာ ဘာကြောင့်လဲ၊ လုံခြုံရေးအပြည့်အဝနဲ့ ဘာကြောင့် ပေးမဝင်တာလဲ)

ဆည်တဲရွာက ဇီးတောရွာ၊ ဝက်မှေးရွာတို့က ပုဒ်မ ၁၄၄ အထုတ်ခံထားရတာ။ ရွာက ခြံစည်းရိုးတွေ ကာထားတယ်။ အမြဲတမ်း သတိနဲ့နေတဲ့ ရွာပေါ့ဗျာ။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဆည်တဲကို ဝင်တယ်။ ဝင်တဲ့အခါကြ တော့ ကျနော်က အဲဒီဘက်မှာ မရှိဘူး။ ရွာသားတွေက အခြေအနေလှမ်းပြောတယ်။ လုံထိန်းကား သုံးစီးပါတယ်။ အားလုံးလည်း သက်သေရှိတယ်။ ထောက်လှမ်းရေးတွေလည်း ပါလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို လာရောက်ရှင်းလင်း အဖြေရှာတာပဲ။ ဒါက ပြဿနာ မဟုတ်ဘူး။ လုံထိန်းတွေကပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲ အဝင်မခံတာ။ ရွာလမ်းကြောင်းတွေကိုသိပြီး နောက်တခါကျရင် လုံထိန်းတွေက ဒီရွာကိုလာဖြိုရင် လုံထိန်းလမ်းကြောင်း သိနိုင်တယ်။ ဒါမျိုးကို သူတို့တွေ စိုးရိမ်မှုရှိတယ်။ ရွာသားတွေက တံခါးကို ပိတ်လိုက်တယ်။

ရွာသားတွေက စပြောတယ်။ ဒေါ် အောင်ဆန်းစုကြည် ဝင်ပါ။ လုံခြုံရေး လေးငါးခြောက်ယောက် ဝင်ပါ။ ထောက်လှမ်း ရေးတွေ မပါပါစေနဲ့။ သတင်းထောက်တွေထဲမှာလည်း ထောက်လှမ်းရေးတွေ ပါနေမှာကို သူတို့ အရမ်းကြောက်တယ်။ ကားနဲ့ဝင်ပါ၊ လမ်းလျှောက်ဝင်ပါ၊ ဘာမှမပါဘူး။ ရွာသားတွေ ပြောတာက ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်မပေးတာ မဟုတ်ဘူး။ လုံထိန်းနဲ့ ထောက်လှမ်းရေးကို ပိတ်တာ။ အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ နောက်ဆုံးတော့ လုံထိန်းတွေ ပါမသွားဘူးပေါ့ဗျာ။ သတင်းထောက် တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဝင်ခွင့်ရခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆည်တဲရွာ မဝင်ပါနဲ့လို့ ရွာသားတွေက အမိန့်ပေးလို့ မရဘူး။ ဘယ်သူမှ အမိန့် ပေးလို့ မရ ဘူး။ ကျနော်လည်း အမိန့်ပေးလို့ မရပါဘူး။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တခုမှ မပါပါဘူး။ လုံထိန်းတပ်ဖွဲ့တွေ ရွာထဲ အဝင်မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင်မခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့ သူတွေဝင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွာသားတွေလည်း ပြေလည်တာလည်း ရှိတယ်၊ မပြေလည်တာလည်း ရှိတယ်။ ကျနော့်သဘောအရ ရွာသားတွေပြောတာ ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။ ဖြစ်စဉ်က ဒီအတိုင်းပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်း ဆောင်တယောက်အနေနဲ့ ဒီဒေသက ပြည်သူတွေ မမုန်းဘူး။ မကန့်ကွက်ကြ ဘူး။ သူတို့ကန့်ကွက်နေတာက တဖက်သတ် နိုင်ထက်စီးနင်းလုပ်နေတဲ့ စီမံကိန်းအပေါ်မှာ စိတ်ပျက်နေကြတာ ဖြစ် တယ်။ အဲဒါကို ကွဲကွဲပြားပြား နားလည်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် စီမံကိန်းကြီး ပုံဖော်မှုက ပင်မအကြောင်းအရာဖြစ်တဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အဖြေရှာရေး၊ အကြမ်းဖက်မှုတွေ ဖော်ထုတ်ရေး၊ ဒေသ တည် ငြိမ်ရေးနှင့် တိုင်းပြည်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ လမ်းကြောင်းလွှဲမှာဖြစ်တဲ့အတွက် ကျနော် ကိုယ် တိုင်လည်း အဲဒါကို မပြောဘူး။ အားလည်းမပေးဘူး။ ကျနော်ဆက်မရှင်းဘူး။ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ ခေါင်းစဉ် တွေဖြစ်နေတဲ့အတွက် ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာတွေ တက်တယ်ဆိုတာတွေ မဖြစ်သင့်ဘူး။ အဓိက က စီမံကိန်းကြောင့် ပြဿနာကို ဖြေရှင်းဖို့ဆိုရင် စီမံကိန်းခေါင်းစဉ်အောက်ကဖြစ်နေတဲ့ ခေါင်းစဉ်ကိုပဲပြောကြတာ အဖြေရှာကြပါ။
 
(Messenger News Journal မှ ကူးယူတင်ဆက်ပါတယ်)
 

No comments:

Post a Comment