စိုင်းအေး -
ထိုင်းနိုင်ငံ ခြုံဘူရီခရိုင် ချောင်းစမေစံ(အချောင်လှေ ဆိပ်)တွင် ၁၈လကြာရောင်းစားခံရာက ထွက်ပြေး လွတ် မြောက်လာသည့် မြန်မာအလုပ်သမား တစ်ဦး၊ မဟာချိုင် တောမော(လ၀က) သို့ ငွေပေးပြီး မဲဆောက်သို့ လာခဲ့ရရုံးသာမက မြန်မာနယ်စပ် နယ်ခြားစောင့်တပ်တွင်မှာပါ ငွေပေးမှ အပြင်ကို ထွက်ခွာခွင့်ရကြောင်း ပြောသည်။
ရန်ကုန်တိုင်း ဖေါင်ကြီး နေ အသက်၃၃ နှစ်အရွယ် မုန်းတိုင်း(ခ) သန်းမင်းနောင် သည် အောက်တို ဘာလ ၁၂ ရက်နေ့က ဈေးဝယ်ရန်ဟု အကြောင်းပြလျှက် လှေဆိပ်နှင့် ၃ကီလိုမီတာအထိ ထွက်ပြေး နိုင် ခဲ့သည်။ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဖုန်းဆက်အကူ ညီ တောင်းခံလာခဲ့သည်။
ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD ကလည်း လိုက်လံခေါ်ယူခြင်းမပြုနိုင်သလို
MAT အဖွဲ့ ကလည်း တရားမ၀င် သွားရောက်ခေါ်ယူ၍
မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် အချောင်ရွာသူကြီးထံသို့
MAT အဖွဲ့က ဆက်သွယ်အကူညီတောင်းခံခဲ့သဖြင့်
ကိုသန်းမင်းနောင် ကို လုပ်အားခ လက်ကျန်ငွေ ဘတ် ၅၀၀၀ နှင့်အတူ အငှါးကားတစ်စီဖြင့် မဟာချိုင်သို့ပို့ဆောင်ပေးခဲ့သည်။ကိုသန်းမင်းနောင် ၏ သူငယ်ချင်းတစ်ဦး က မဟာချိုင် တောမောရုံးသို့ ဆက်သွယ်၍ ဘတ်ငွေ ၂၇၀၀ ပေးသွင်း၍ မြ၀တီ မဲဆောက် နယ်စပ်သို့ ယမန်နေ့ ညက အခြားအလုပ်သမား ၆၉ ဦးနှင့် အတူ ပြန်လည် ပို့ဆောင်ခဲ့သည်။
ကိုသန်းမင်းနောင် က “ မဟာချိုင်က တောမောပွဲစားကို ပိုက်ဆံပေးခဲ့ရသလို ဒီကေဘီအေ နယ်ခြား
စောင့်တပ် ခြံဝင်းထဲကိုရောက်တော့ ကျနော် ဘတ်ငွေ ၅၀၀ ပေးခဲ့ရတယ်။ လက်ဝှေ့ CD ခွေ တစ်ခုကို
ဘတ် ၁၂၀ ပေးခဲ့ရတယ်။ ဂိတ်အထွက်မှာ တခါ ဘတ် ၂၀ ပေးခဲ့ရတယ်။ နယ်ခြားစောင့်တပ်ခြံထဲကို
ဝင်သွားတာနဲ့ တပြိုင်နဲ့ မြန်မြန်လာရွေး မြန်မြန်လာရွေး၊ မရွေးရင် ငါးဖမ်းလှေ ပြန်ရောင်းမှာတို့ ၊ဘန်
ကောက်ပြန်တက်ရမှာတို့ စုံနေတာပဲ အော်နေတာ။ ထိုင်းနိုင်ငံမှာရောင်းစားခံခဲ့ရ၊ ပုလိပ်ဖမ်းလို့ ပြန်ပို့ ခံခဲ့ရတဲ့သူတွေ ဒီဂိတ်ထဲမှာ ပြန်မရွေးနိုင်ရန် ပွဲစားတွေလက်ကို ပြန်အပ်တယ်၊ ဒါကို မြန်မာအစိုးရသစ်
အနေနဲ့ ထိထိရောက်ရောက်အရေးယူပေးစေချင်ပါတယ်” ဟုပြောသည်။
ကိုသန်းမင်းနောင်သည် ပြီးခဲ့သည့် ၁နှစ်ခွဲကျော် က မဲဆောက်မြို့နယ် ၄၇ ကီလိုအရပ်ရှိ တောင်ယာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေစဉ် ထိုင်းပုလိပ်များ လာရောက်ဖမ်းဆီးသဖြင့် ဒီကေဘီအေ ဂိတ်ထဲသို့ ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသူဖြစ်သည်။ ဒီကေဘီအေနယ်ခြားစောင့် ဂိတ်ထဲတွင် ဘတ်ငွေ ၁၅၀၀ မပေး နိုင်သဖြင့် ခြုံဘူရီခရိုင် အချောင်လှေဆိပ်သို့ ရောင်းစားခံခဲ့ရသူဖြစ်သည်။
၎င်းသည် အချောင်လှေဆိပ်ရှိ ၂ခွတံတားရှိ လှေအမှတ် ၁၁ ပေါ်တွင် တောက်လျှောက် အလုပ်လုပ် နေခဲ့ရသည်။ အကြွေးကျေသော်လည်း အခြားနေရာသို့ ထွက်သွားခွင့်မပြုခဲ့သဖြင့် လွတ်မြောက်လမ်းကို အမြဲစောင့်နေခဲ့သည်ဟု သူက ဆိုသည်။
လုပ်အားခကျေပြီးသူများနှင့် မထူးဇါတ်ခင်းသည့် ရောင်းစားခံ မြန်မာအလုပ်သမားများကို လူအရောင်း
အ၀ယ်ပြုလုပ်သည့် မွန်အမျိုးသားများက စိတ်ကြွဆေးများကိုရှုခိုင်းခြင်းများအပြင် အစားအစာများတွင်ပါ
ထည့်ကျွေးလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။
လှေဆိပ်တဆိပ်လုံးတွင် မွန်အမျိုးသား ငါးဖမ်းလုပ်သားများမှလွဲ၍ ကျန် ငါးဖမ်းလှေအလုပ်သမားများအား
လုံးတို့မှာ ရောင်းစားခံထားရသူများဖြစ်ပြီး မတရားကျွန်ပြုခံနေရသူများဖြစ်ကြောင်း ပြန်လည်လွတ်မြောက်
လာသည့် အလုပ်သမားများကပြောသည်။
ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်အစားအစာ ကုန်ထုတ်လုပ်ငန်းခွင်များနှင့် အိမ်ဖေါ်နှင့်လုပ် ငန်း အတော်များများတို့တွင် မြန်မာအလုပ်သမား သိန်းသောင်းချီ၍ လူကုန်ကူးခံနေရကြသော်လည်း
ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP အပါအ၀င် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး
အဖွဲ့တို့ပါ ထိထိရောက်ရောက် ကာကွယ်တားဆီး နှိမ်နင်းနိုင်ခြင်းမရှိသေးကြောင်း MAT အဖွဲ့ ကပြော သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းမှာ ကျင့်သုံးနေတဲ့ လူကုန်ကူးမှုဥပဒေက စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။ လူကုန်ကူးမှုဖြစ်နေတာကို ချက်ခြင်းဝင်ရောက်အရေးမယူနိုင်ဘူး။ လူကုန်ကူးခံရသူ
တွေ ထောင်ကျပေမယ့် လူကုန်ကူးတဲ့သူတွေနဲ့ မတရားခိုင်းစေတဲ့ လုပ်ငန်းရှင်တွေ အာမခံနဲ့ အပြင်မှာနေရ
တယ်။ ကျနော်အတိအကျတခုပြောနိုင်တာရှိတယ်။ လူကုန်ကူးခံနေရပြီး အချိန်ပေါင်းများစွာ ကျေးကျွန် သဖွယ်လုပ်နေရတာက မြန်မာလူမျိုး၊ အကျိုးရှိနေတာက ထိုင်းလူမျိုး၊ ဒါကြောင့် တော်ရုံနဲ့ သူတို့အရေး မယူတာဖြစ်နိုင်တယ်။ ကျနော်တို့ကလည်း တရားဝင် စီးနင်းနိုင်ခွင့်မရှိဘူး။ အချက်အလက်အပြည့်အစုံနဲ့ အတူ ထိုင်းအာဏာပိုင်တွေ ၀င်ဖမ်းပေးမယ့်နေ့ကို စောင့်နေရတဲ့လူကုန်ကူးမှုတွေ ကျနော်တို့ ဆီမှာ မပြတ်ရှိတယ်” ဟုပြောသည်။
No comments:
Post a Comment